မန္တလေးတိုင်း မိုးကုတ်မြို့နယ်ကို သိမ်းထားသည့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)က ကျောက်မျက်တူးဖော်ရေး၌ တပိုင်တနိုင်လုပ်ကွက်များကို ခွင့်ပြုထားပြီး စက်ယန္တရားများဖြင့် အကြီးစားတူးဖော်ခြင်းကိုမူ ဒေသခံများအား အကျိုးပြုစေမည့် မူဝါဒများ ပြောင်းလဲချမှတ်ပြီးမှသာ လုပ်ခွင့်ပေးမည်ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။
၎င်းက “စက်ကြီးတွေရော အကြီးစား ကျောက်မျက်တူးဖော်ရေးတွေကတော့ အရင်ကနဲ့မတူတဲ့ ဒေသခံတွေကို အကျိုးပြု စေမယ့်လုပ်ငန်း၊ ဒေသခံတွေ အကျိုးစီးပွားကို မျက်နှာမူတဲ့ အလုပ်ပုံစံမျိုး ပေါ်လစီကို ရေးဆွဲ ဆောင်ရွက်နေတာဖြစ်တယ်၊ ဒါကြောင့် ဒီမူပေါ်လစီ မချပြနိုင်ခင်မှာတော့ ဒီလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားတယ်” ဟု ပြောသည် ။
ယခင်တူးဖော်နေသည့် စစ်တပ်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင် (MEHL) လက်အောက်ရှိ ကုမ္ပဏီများ၊ စစ်တပ်နှင့် ဆက်စပ်သော ကုမ္ပဏီများနှင့် ပတ်သက်၍မူ မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
လက်ရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင် (MEHL)ကုမ္ပဏီများ၊ စစ်ကောင်စီနှင့်ဆက်နွယ်သည့် ပအိုဝ်ပြည်သူ့စစ် (PNO) ခေါင်းဆောင် နေဝင်းထွန်း၏ ကုမ္ပဏီများကို လုံးဝပိတ်ထားပြီး ကျန်ကုမ္ပဏီများကို စိစစ်နေသည်ဟု မိုးကုတ် ကျောက်မျက် လုပ်ငန်းရှင်များထံမှ သိရသည်။
အဖိုးတန် ကျောက်မျက်များထွက်ရာ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်(PDF) ပူးပေါင်းတပ်များက ပြီးခဲ့သော ဇူလိုင် ၂၄ ရက်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စက်တင်ဘာလ အတွင်း၌မူ အသေးစားကျောက်မျက်တူးဖော်ခြင်းကို TNLA က စတင် ခွင့်ပြုပေးခဲ့သည်။
မိုးကုတ်၌ ကျောက်မျက်မျက်တူးဖော်ခြင်းများကို တိုက်ပွဲကာလနှင့် တိုက်ပွဲလွန်ကာလ အချိန် ၃လ ခန့် ရပ်နားခဲ့ပြီးနောက် လက်ရှိတွင် လက်လုပ်လုပ်စားများနှင့် ဒေသခံများ၏ စားဝတ်နေရေး အဆင်ပြေရန် အသေးစားကျောက်မျက်တူးဖော်ခွင့် ပြုပေးထားပြီး အခွန်ဆောင်ခြင်းများကိုလည်း ဒေသခံများ၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု လွေးယေဦးက ပြောသည်။
အခွန်ပေးဆောင်မှုနှင့် ပတ်သက်၍ တိတိကျကျမပြောသော်လည်း ဒေသခံများအဆိုအရ လူတဦးလျှင် တနှစ်အတွက် ၄၀၀၀၀ ကျပ်ပေးရသည်ဟု သိရသည်။

၎င်းက “အခွန်တွေကိုတော့ ကျမတို့က ကျောက်မျက်တူးဖော်မယ့် လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက သူတို့တတ်နိုင်တဲ့ ပမာဏ သူတို့အဆင်ပြေတဲ့ပမာဏနဲ့ သဘောတူပြီးတော့မှ အခွန်ပေးဆောင်တာဖြစ်ပါတယ် ” ဟုပြောသည်။
အသေးစားကျောက်မျက်တူးဖော်မည့် ဒေသခံများမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ သတ်မှတ်တွင်းသား ကတ် များဖြင့်သာ တူးဖော်ရန် အပါအဝင် သတ်မှတ်ထားသည့် စည်းမျဉ်း ၊ စည်းကမ်းများကို လိုက်နာရ မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေမှသာ လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
မိုးကုတ်ဒေသခံ အမျိုးသမီးတဦးက“စက်ယန္တရားတွေအသုံးပြုခွင့် မပေးထားသေးဘူး။ အခုတနိုင်တပိုင်က လက်လုပ်တွင်း တွေပဲ ရသေးတယ်၊ အခွန်ဆောင်ရတာက လူတယောက်အတွက် တနှစ်ကို လေးသောင်းပေးဆောင်ရတယ် ဆိုတာပဲ ရှိသေးတယ်၊ ရာခိုင်နှုန်းဖြတ်တာတွေ ဘာတွေတော့ မရှိသေးဘူး”ဟု ပြောသည်။
အာဏာမသိမ်းခင်ထိ မိုးကုတ်မြို့၌ တပိုင်တနိုင်ကျောက်မျက်တူးဖော်သူမှာ အများစုဖြစ်ပြီး ဦးရေအားဖြင့် ရှစ်သောင်းနီးပါး ရှိကြောင်း လွှတ်တော်တွင် တင်ပြချက်အရ သိရသည်။
မိုးကုတ်၌ ယခင် ကျောက်တူးဖော်ခွင့်ရသော ကုမ္ပဏီကြီးများနှင့် လုပ်ငန်းကြီးများသည် ဒေသခံများ အကျိုးခံစားခွင့်နှင့် ဒေသဖွံ့ဖြိုးရေးကို ပြန်လည်အသုံးပြုမှု မရှိသလောက်နည်းပါးခဲ့ရာ TNLA ၏ ကျောက်မျက်တူးဖော်မှုနှင့် ပတ်သက်သော မူဝါဒ ပြောင်းလဲချမှတ်သွားမည့်အပေါ် ကြိုဆိုပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်း ရှိ ၊ မရှိကိုလည်း စောင့်ကြည့် သွားမည်ဟု ဒေသခံတချို့က ပြောသည်။
ဒေသခံတဦးက “ကုမ္ပဏီ အားလုံးနီးပါးက ဒေသအကျိုး ရပ်ရွာအကျိုး မြို့အကျိုးကြည့်တယ်ဆိုတာ တော်တော်ကြီးကို နည်းတယ်၊ အစိုးရနဲ့ စပ်တူရှယ်ရာတွေရော၊ ဦးပိုင်ရော ကုမ္ပဏီအတွက်ပဲ ကြည့်ပြီး လုပ်သွားကြတာ။ ကျောက်တူးဖော်မှု အများဆုံး သဖန်းပင်လိုရပ်ကွက်ဆို လမ်းတွေက စုတ်ပြတ်နေတာပဲ၊ လမ်းတွေ အကုန်ချိုင့်ခွက်ဖြစ်ပြီး ဒီလောက်ဆိုးရွားတဲ့ အခြေအနေလည်း သူတို့ကုမ္ပဏီကားတွေက တောက်လျောက် သွားနေတာပဲ။ ပြန်ပြီး လမ်းခင်းပေးတာမျိုး မရှိဘူး၊ ရေပူ-သဖန်းပင်လမ်းကြီးဆို ၃ နှစ်လောက် တော်တော်ကြီးကို ပျက်စီးသွားတဲ့ အနေအထားမှာတောင်ဘယ်ကုမ္ပဏီမှ လမ်းပြင် ပေးတာမျိုး မရှိဘူး” ဟုပြောသည်။
ထိုကုမ္ပဏီများ၏ ဒေသအကျိုးကြည့်ရှုမှု အားနည်းခဲ့၍ ထာပွဲကျောက်ကုန်သည် ပွဲစားများအဖွဲ့နှင့် မိုးကုတ်စိမ်းလန်းလူငယ် များအဖွဲ့တို့က ကျောက်မျက်တူးဖော်သည့်ဒေသများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စေရန် စုပေါင်းအပင်စိုက်ခြင်း ကမ်ပိန်းပြုလုပ်ခြင်းများရှိခဲ့သလို ဒေသခံလူထုကို အကျိုးပြုစေမည့် ကျောက်မျက်ဥပဒေပြင်ဆင်ရန် လွှတ်တော်တွင်း ရောက်သည်အထိ ကြိုးပမ်းမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယခု မိုးကုတ်မြို့သိမ်းတိုက်ပွဲ၌ TNLA နှင့်အတူ PDFများ၊ မဟာမိတ်ပူးပေါင်းတပ်များ ပါဝင်ခဲ့သော်လည်း လက်ရှိ မိုးကုတ်၏ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲမှုနှင့် လုံခြုံရေးကိစ္စများကို TNLA က အဓိက ဆောင်ရွက်နေသဖြင့် မိုးကုတ်PDF ၏ အခန်းကဏ္ဍမှာ မှေးမှိန်နေသည်ကို တွေ့ရသည်ဟု လူမှုကူညီရေးလုပ်ငန်းများလုပ်ဆောင်နေသူ မိုးကုတ်မြို့ခံ လူငယ်အမျိုးသားတဦးက ပြောသည်။

မိုးကုတ်ကျောက်တွင်းကြောင့် ချမ်းသာသွားသူများတွင် နဝတခေတ် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ၊ ဦးအောင်ကိုဝင်း (ကမော္ဘဇဘဏ် KBZ)၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်နှင့် ဦးနေဝင်းထွန်း (ပအိုဝ်းပြည်သူ့စစ်အဖွဲ့) တို့မှာ လူသိများ သည်။
လန်ဒန်အခြေစိုက် Global Witness ၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ၌ ထုတ်ပြန်သော ပဋိပက္ခပတ္တမြားများ အစီရင်ခံစာအရ မိုးကုတ်တွင် ကျောက်မျက်လုပ်ကွက် ၁၇ ခုထက်မနည်းကို စစ်တပ်နှင့် ဆက်စပ်နေသော ကုမ္ပဏီများက တူးဖော်ခွင့် ရရှိခဲ့သည်ဟု သိရသည်။
ခန့်မှန်းတွက်ချက်မှုတခုအရ မြန်မာနိုင်ငံ၏ ကျောက်မျက်လုပ်ငန်းသည် လိုင်စင်များ သက်တမ်းမကုန်မီ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အပြည့်အဝ ထုတ်လုပ်ခဲ့သည့် ကာလအတွင်း တနှစ်လျှင် အမေရိကန်ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းအထိ တန်ဖိုးရှိခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများပါဝင်ပါက နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ၇၃ ဘီလီယံမှ ၂ ဒသမ ၀၇ ဘီလီယံထိရှိကြောင်း အစီရင်ခံစာက ဆိုသည်။
ကျောက်မျက်တူးဖော်ထုတ်လုပ်မှု၏ ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းရှိသော မိုးကုတ်ကျောက်တွင်းများကို ယခင်က စစ်တပ်ပိုင် MEHL နှင့် လက်အောက်ခံ ကုမ္ပဏီများသာ လုပ်ကိုင်ခွင့်ရခဲ့ရာ TNLA သိမ်းပိုက်မှုက စစ်တပ်စီးပွားရေးကို ထိုးနှက်မှုတခု ဖြစ်သည်။
မိုးကုတ်တွင် တူးဖော်ရရှိနေသည့် ကျောက်မျက်ရတနာ အမျိုးအစားများသည် ရွှေ ၊ ငွေ ၊ ကျောက်စိမ်း ၊ နီလာ(ကရက်) ၊ စိန် ၊ ပတ္တမြား (ကရက်) ၊ ပုလဲ ဖြစ်သည်ဟု ၂၀၁၉ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းများအရ သိရသည်။
အရှေ့မှ အနောက် မိုင် ၃၀ နှင့် တောင်မှမြောက် ၁၄.၁၂ မိုင်ရှိပြီး မြို့နယ်ဧရိယာ စတုရန်းမိုင် ၄၅၃ ဒသမ၆ ကျယ်ဝန်းသော မိုးကုတ်မြို့တွင် ကျောက်မျက်လုပ်ကွက်များက မြို့နယ်အကျယ်အဝန်း၏ သုံးပုံ တပုံထိရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြပြီး ကျောက်မျက်အကြီးစားတူးဖော်ခွင့်နှင့် ပတ်သက်၍ TNLA ပြင်ဆင်သွားမည့် မူဝါဒများက လူထုကို အမှန်တကယ် အကျိုးပြုလာစေရန် ဒေသခံများက မျှော်လင့်နေကြသည်။
You may also like these stories:
မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ
မိုးကုတ်ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်
မိုးကုတ်ရတနာမြေ ကျောက်မျက်တူးဖော်ခွင့် ချပေးရန် NUG စီစဉ်နေ














