စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဥ်၌ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီး ရက်ပိုင်းအတွင်းမှာပင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ယမန်နေ့ ည ၁၁ နာရီကျော်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၉ ဦးသေဆုံး၍ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း TNLAနှင့် ဒေသခံများထံက သိရသည်။
ယခု ဗုံးကြဲတိုက်ခိုက်မှုသည် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက ပြီးခဲ့သော ဇူလိုင် ၂၄ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရက်ပေါင်း ၇၉ ရက်( အချိန် ၃လခွဲကျော်အတွင်း) ပထမဆုံးအကြိမ်ဖြစ်သည်။
TNLA ပြောခွင့်ရ လွေးယေဦးက “မိုးကုတ်ကို သိမ်းပိုက်ပြီးနောက်ပိုင်း ပထမဆုံး လေယာဥ်သုံးပြီးတော့ တိုက်ခိုက်တာ ဖြစ်တယ်။ စစ်ကောင်စီက တဖက်မှာတော့ ငြိမ်းချမ်းရေးတွေ ကမ်းလှမ်းတယ် ။ တဖက်မှာလည်း လေယာဥ်သုံးပြီး တိုက်ခိုက်နေတယ်။ လက်ရှိမြင်တွေ့နေရတာကတော့ စစ်ကောင်စီက အရပ်သားကို ဦးတည်ပြီးတိုက်ခိုက်နေတယ်” ဟု ပြောသည် ။
ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီး တဖက်တွင်လည်းအရပ်သားများကို ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ လုပ်ရပ်သည် အပြောနှင့် အလုပ် လက်တွေ့မကျသလို ငြိမ်းချမ်းရေးဆွေးနွေးလိုသည့် လုပ်ရပ်လည်းမဟုတ်ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် Y12 လေယာဉ်ဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်တွင် ဗုံး (၃) လုံးနှင့် အနောက်ပိုင်း မြို့ဦးလွင်အနီးတွင် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရှေ့ပိုင်းတွင် ဒေသခံ (၄) ဦးသေဆုံးပြီး ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အနောက်ပိုင်းတွင်လည်း ဒေသခံ (၅) ဦး သေဆုံးပြီး ဒေသခံ (၈)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ် (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
တအာင်းပြည်အတွင်းသို့ တင်သွင်းလာသည့် သွင်းကုန်/ပို့ကုန်အပေါ် TNLAက အခွန်ကင်းလွတ်ခွင့်ပေးထားသလို မိုးကုတ်တွင်လည်း အုပ်ချုပ်ရေး၊ လုံခြုံရေးဆောင်ရွက်ကာ လူမှု၊ စီးပွားရေးကိစ္စများ အဆင်ပြေစေရန် အသေးစား ကျောက်မျက်တူးဖော်ခွင့်များပေး၍ ပြန်လည်ပတ်နေချိန်တွင် ယင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရပြီး မြို့ပေါ်မှ အမြန်ဆုံးထွက်ခွာပေးကြရန် ကောလာဟလ သတင်းဖြန့်ဝေမှုများလည်း ရှိနေသည်။
မိုးကုတ်မြို့ခံ အမျိုးသမီးတဦးက “ပြောင်းဖို့ရွှေ့ဖို့က မလွယ်တော့ အခြေအနေစောင့်ကြည့်နေရတယ်။ စကစ ဘက်က ပြန်ထိုးစစ်ဆင်မယ်ဆိုပြီးလည်း ပြောနေကြတယ်။ အဓိက စိုးရိမ်ရတာက လေကြောင်းကနေ ထပ်လာကြဲမှာကိုပဲ။ မြေပြင်ကနေတော့ စစ်ကြောင်းတွေထိုးလာဖို့က မဖြစ်နိုင်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်း တရုတ်နိုင်ငံခရီးစဥ်အတွင်း စစ်ခေါင်းဆောင်က TNLA ၊ MNDAA ၊ AA တို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားလျှင် တံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိသည်ဟု တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
တရုတ်-မြန်မာအရေးလေ့လာနေသူတဦးက “စစ်ခေါင်းဆောင်အနေနဲ့ကတော့ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုတာထက် သူ့ဘက်မှာတော့ နိုင်ငံရေးစိတ်ဆန္ဒရှိတယ်။ တဖက်အဖွဲ့အစည်းတွေကသာ မရှိလို့ မဖြစ်နိုင်ခဲ့တာဆိုတဲ့အထိုင်ကို အမြဲတမ်း ခင်းထားတဲ့သဘောပါ။ ဒါပေမယ့် ဒီလိုပြောဆိုမှုတွေထက် အရေးကြီးတာက တကယ့်လက်တွေ့ နှစ်ဖက် ဆွေးနွေးကြတဲ့ အခါမှာ ဘယ်လိုညှိနှိုင်းကြမလဲ ၊ ဘာတွေကို ညှိနှိုင်းကြမလဲ ၊ တရုတ်နိုင်ငံက ဘယ်လောက်အထိ ဝင်ပါပြီး ညှိနှိုင်းမလဲ ဆိုတာတွေက ပိုအရေးကြီးမယ်ထင်ပါတယ်” ဟုပြောသည် ။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်ပြီး TNLA ပြောခွင့်ရ လွေးယေဦးက ငြိမ်းချမ်းရေးဖိတ်ခေါ်သူသည် ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအား အမှန်တကယ် လိုလားသူဖြစ်ရန်လိုကြောင်း ဆိုသည်။
၎င်းက “အမှန်တကယ် ငြိမ်းချမ်းရေး ကတိကဝတ်တွေကို တည်ဆောက်ပေးဖို့ လိုပါတယ်။ တကယ်လို့ အဲဒီလို အခင်းအကျင်းမျိုးတွေရှိလာရင်တော့ ကျမတို့ဘက်က ဆွေးနွေးဖို့ရှိပါတယ်” ဟုပြောသည် ။
TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရးဆွေးနွေးရန်အတွက် တိုင်းရင်းသားများဘက်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးမြို့၊ မိုးကုတ်မြို့တို့ကို ပြန်ပေးရမည်ဖြစ်ပြီး လက်ရှိစစ်ရေးလုပ်ဆောင်ချက်များ အားလုံးရုပ်သိမ်းမှ စစ်ကောင်စီဘက်က လက်ခံနိုင်မည့် အခြေအနေရှိသောကြောင့် ဆွေးနွေးမှုများ လတ်တလော မဖြစ်နိုင်သေးဘဲ တရုတ်၏ ဆက်လက်ဖိအားပေးမှု အခြေအနေကို စောင့်ကြည့်ရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ်ဒေသများတွင် စစ်တပ်နှင့် တိုက်ခိုက်နေသော TNLA အဖွဲ့ကို ရွှေလီမြို့ လုံခြုံရေးကော်မတီက ယခုနှစ် သြဂုတ်လ ၂၉ရက်စွဲဖြင့် စာပေးပို့ ခြိမ်းခြောက်ခဲ့သည်။ တရုတ်ဘာသာနှင့် ရေးထားသောအဆိုပါစာတွင် တရုတ်နယ်စပ်နှင့် နယ်စပ်ဒေသက တရုတ်ပြည်သူများ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ်ဖြစ်စေမည့် စစ်ရေးဆောင်ရွက်မှုများ အားလုံးကို ရပ်ရန်၊ မရပ်လျှင် တရုတ်ဘက်က အရေးယူဆောင်ရွက်မှုများ ပိုလုပ်သွားမည်ဖြစ်ပြီး အကျိုးဆက်များကို ခံရလိမ့်မည်ဟု ရေးသားထားသည်။
You may also like these stories:
ဒေသအကျိုးပြု မူများချပြီးမှသာ မိုးကုတ်ကျောက်တွင်း အကြီးစားတူး ခွင့်ပေးမည်
မိုးကုတ်ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်
တရုတ်ဖိအားပေးသည့် ကြားက သီပေါနယ်ကို TNLA အလုံးစုံ ထိန်းချုပ်