တရုတ်က သူ၏ ပိုးလမ်းမစီမံကိန်း(BRI) လမ်းကြောင်းပေါ်ရှိ လားရှိုးမြို့ကို စစ်ကောင်စီလက်သို့ ပြန်အပ်ရန် ဖိအားပေး နေသော်လည်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့အနေဖြင့် မြို့တွင်း၌ လူအင်အားနှင့် လက်နက်ရိက္ခာ ဖြည့်နေကြောင်း ကိုးကန့်အဖွဲ့နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
လားရှိုး အရှေ့ဘက် မိုင် ၆၀ အကွာ မိုင်းရယ်မြို့ကို အခြေပြု၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ပြန်လည် ဖွဲ့စည်း ထားသည့် စစ်ကောင်စီကလည်း အနီးရှိ နမ့်လန်၊ တန့်ယန်းမြို့တို့မှနေ၍ လားရှိုးအား ထိုးစစ်ဆင်ရန် လူအင်အား၊ လက်နက်ခဲယမ်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆက်တိုက် ဖြည့်တင်းနေသလို MNDAA ဘက်ကလည်း ယခုအခါ ပြင်ဆင်နေခြင်း ဖြစ်သည်။
MNDAAသည် လားရှိုးသို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများ၌ အဆင့်ဆင့် ခုခံစစ်အခိုင်အမာ ပြင်ဆင်ထားသလို လက်နက်ခဲယမ်းရိက္ခာများ ပိုမိုဖြည့်တင်းနေပြီး လားရှိုးအား လက်လွှတ်မည့်အနေအထား မတွေ့ရကြောင်း MNDAAနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီကို ပြောသည်။
၎င်းက “လားရှိုးဝန်းကျင်မှာရှိတဲ့ ကိုးကန့်တပ်တွေက လားရှိုးကနေ ပြန်ဆုတ်ပေးနိုင်တဲ့ အခြေအနေ လက်ရှိမှာ လုံး၀ မရှိဘူး။ ဒီရက်ထဲမှာကိုပဲ လူအင်အားတွေ စစ်ရိက္ခာတွေ ပြန်ပို့ထားတယ်။ မြို့သိမ်း တိုက်ပွဲအတွင်းမှာ ကိုးကန့်ရော ပြည်သူ့ ကာကွယ်ရေးတပ် (PDF )တွေရော အများကြီး ပေးဆပ်ထားတော့ လွယ်လွယ်နဲ့တော့ ပြန်မပေးနိုင်ပါဘူး” ဟု ပြောသည်။

ယခုရက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအနီး စစ်ကောင်စီတပ်နှင့် MNDAAတို့ အပြန်အလှန်ပစ်ခတ်မှု ၂ ကြိမ် ထက် မနည်း ဖြစ်ပွားခဲ့ကာ စစ်ရေးတင်းမာနေကြောင်း သိရသည်။
မိုင်းရယ်မြို့နှင့် ၅ မိုင်ခန့် ကွာသည့် မိုင်းရယ်-လားရှိုး လမ်းမကြီးပေါ်က ဟိုယကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ် တပ်စခန်းရှိရာကို စစ်ကောင်စီတပ်က ကိုက် ၅၀ ခန့်အကွာထိ ချဉ်းကပ်လာခြင်းကြောင့် နှစ်ဖက်ရင်ဆိုင်ထားသည့် အနေအထားဖြစ်ကြောင်း အထက်ပါစစ်ရေးသတင်းရင်းမြစ်တဦးက ဆိုသည်။
၎င်းက “ဟိုယမှာ စကစနဲ့ ကိုးကန့်ဘက်က တော်တော်လေးကို နီးတာ၊ လှမ်းတောင် မြင်နေရတယ်။ တိုက်ပွဲပြီးနောက်မှာ အတင်းမာဆုံး ဖြစ်နေတယ်။ နှစ်ဖက်လုံးက အင်အားကိုယ်စီဖြည့် အသင့်အနေထား ပြင်ဆင်ထားတယ်။ အချိန်မရွေး စကစရဲ့ ထိုးစစ်က စလာနိုင်တော့မယ့်အခြေအနေမှာ ကိုးကန့်ဘက်ကလည်း အသေအချာကို ပြန်ဆင်ထားတယ် “ ဟု ပြောသည်။
ဟိုယကျေးရွာသည် မိုင်းရယ်- လားရှိုးနှင့် တန့်ယန်း- လားရှိုး လမ်းဆုံတွင် တည်ရှိ၍ MNDAA ဘက်မှ လားရှိုးအား ကာကွယ်ရန် ရှေ့တန်းကာကင်းတပ်စခန်းများ ချထားခြင်းဖြစ်ပြီး စစ်ရေးအရလည်း အရေးပါသည့် ဒေသတခုဖြစ်သည်။
လတ်တလော ဟိုယလမ်းဆုံအား စစ်ကောင်စီဘက်မှ ထိန်းချုပ်နိုင်ရန် အင်အား တရာကျော်ဖြင့် ဖြန့်ကျက်တပ်ထိုင်ထားပြီး MNDAAဘက်ကမူ ထိုလမ်းပိုင်းတလျှောက်တွင် တပ်စုစည်းထားခြင်းမျိုးမရှိဘဲ ပြောက်ကျားလှုပ်ရှားနေသည်ဟု ဒေသခံတို့က ဆိုသည်။
ဟိုယရှိ စစ်ကောင်စီတပ်သည် လားရှိုးမြို့သို့ ဝင်ရောက်မည့် ကုန်စည်ကားများနှင့် ခရီးသည်တင်ကားများအားလုံးကို လမ်း အသုံးပြုမှု ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သလို MNDAA စစ်ဆေးရေးဂိတ်မှလည်း ည ၆ နာရီမှ မနက် ၆ နာရီအထိ လမ်းအသုံးပြုမှု ပိတ်ပင်ထားသည်။

ထို့ပြင် လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည့် နမ့်လန်-ပန်ညူ-လားရှိုးလမ်းပိုင်းကို နမ့်လန်မြို့နှင့် တန့်ယန်း-မန်ပန်-နမ့်ပေါင်-လားရှိုးလမ်းပိုင်းတို့ကို တန့်ယန်းမြို့အထွက်မှ စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း တောင်ကြီး-လားရှိုး-မူဆယ် ခရီးသည်ပို့ဆောင်နေသည့် ကားဆရာတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “လားရှိုး ဝင်မယ့်လမ်းတွေကို စကစက လိုက်ပိတ်နေတာ။ အခုဆို မိုင်းရယ်ရော နမ့်လန်၊ တန့်ယန်းဘက်ကပါ ပိတ်လိုက်ပြီ။ လားရှိုးကနေ အထွက်ပဲရတော့တယ်။ တချို့က ရှမ်းတောင်ကနေ ကျောက်မဲ- လားရှိုးလမ်း သုံးကြတယ်။ တချို့လည်း နည်းလမ်းမျိုးစုံနဲ့ တောလမ်း ရွာလမ်းတွေသုံးပြီး လားရှိုးကို ဝင်နေရတယ်။ ကုန်စည်တွေ ခရီးသည်တွေ အတွက်ရော အရမ်းခက်ခဲသွားပြီ “ ဟု ပြောသည်။
နိုဝင်ဘာလဆန်းမှစ၍ လားရှိုးမြို့သို့ တကိုယ်ရည်အသုံးအဆောင်ပစ္စည်းမှလွဲကာ စားသောက်ကုန်စည်နှင့် စက်သုံးဆီအပို တင်ဆောင်မှုအားလုံးကို စစ်ကောင်စီက ပိတ်ပင်ဖမ်းဆီးခဲ့ခြင်းကြောင့် လားရှိုးမြို့ပေါ်တွင် ကုန်စည်ဝင်ရောက်မှု ထိုးကျ သွားပြီး လူအဝင်အထွက်လည်း လျော့နည်းသွားသည်ဟု အထက်ပါကားဆရာက ဆိုသည်။
လက်ရှိ လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ မြေပြင်ဝေဟင် တန်ပြန်ထိုးစစ်ဆင်လာနိုင်၍ မြို့ခံများအား ကတုတ်ကျင်း တူးထားကြရန် MNDAA အုပ်ချုပ်ရေးအရာရှိများက လိုက်လံအသိပေးထားသည်။
You may also like these stories:
MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ထိန်းသိမ်းထားမှု တရုတ်ငြင်း
လားရှိုးထောင်မှ စစ်သုံ့ပန်း ၈၀ ကျော် ထောင်ဖောက် ထွက်ပြေး
လားရှိုး ပြန်တိုက်ရန် စစ်တပ် ပြင်နေ
MNDAA ၏ ထုတ်ပြန်ချက် တရုတ်ဖိအား ပြင်းထန်မှုကိုပြ
နေ့စဉ်နီးပါး ဗုံးကြဲနေ၍ လားရှိုးကို မြို့ခံတို့ ပြန်လည်စွန့်ခွာ














