ဆိုရှယ်မီဒီယာ Twitter (X) ကုမ္ပဏီကို အီလွန် မတ်စ်က လွှဲပြောင်း ယူပြီးချိန် အလုပ် ထုတ်ခံရမှု (သို့မဟုတ်) နုတ်ထွက် ခဲ့ရမှု အတွက် လျော်ကြေးငွေ လုံးဝမရှိခဲ့ဘူး ဆိုတဲ့ ဝန်ထမ်းဟောင်း ၆ ဦးရဲ့ တရားစွဲဆိုမှုတွေဟာ စွဲဆို သင့်ကြောင်း အမေရိကန် တရားသူကြီး တဦးက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားခဲ့တာပါ။
ဒယ်လာဝဲလ် ပြည်နယ် ဝယ်မင်တန်မြို့က အမေရိကန် တရားသူကြီး တဦးဖြစ်တဲ့ Christopher Burke က X (Twitter အမည်ပြောင်း) နဲ့ ပတ်သက်နေတဲ့ လုပ်အားခ ခေါင်းပုံဖြတ်မှု၊ စာချုပ် ချိုးဖောက်မှုနဲ့ ထုတ်ပယ်ခြင်း မပြုခင် ကြိုတင် သတိပေးစာ ပေးဖို့ ပျက်ကွက်မှုတွေ အပါအဝင် ၂၀၂၃ ခုနှစ် တရားစွဲဆိုမှုထဲက စွဲချက် ၁၀ ခုကို ဆက်လက် လုပ်ဆောင် သွားဖို့ ပြောဆို အကြံပြုခဲ့ခြင်း ဖြစ်ပါတယ်။
စွဲချက်တွေထဲက တခုကို ကယ်လီဖိုးနီးယား ပုဂ္ဂလိက ရှေ့နေများ အထွေထွေ အက်ဥပဒေ အောက်မှာ ထားရှိပြီး အဆိုပါ ပြည်နယ်က တရားလိုတွေကို ဝန်ထမ်းဟောင်းအဖွဲ့ ကိုယ်စား တရားစွဲဆိုခွင့် ပြုခဲ့တယ်လို့လည်း သိရပါတယ်။
Burke က X (Twitter) ရင်ဆိုင်နေရတဲ့ လိမ်လည်မှု၊ မတ်စ်နဲ့ X တို့ကြားက ပူးပေါင်းမှု သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရမှုတွေ အပါအဝင် စွဲချက် ၄ ခုကိုတော့ ပယ်ချသင့်ကြောင်း ပြောကြားခဲ့တယ် လို့လည်း ဆိုပါတယ်။
Burke ရဲ့ အကြံပြုချက်ကို လက်ခံမခံ ဆုံးဖြတ်မယ့် ခရိုင်တရားသူကြီး Jennifer Hall ဆီကို နှစ်ဖက်လုံးက ကန့်ကွက်စာ တင်သွင်းနိုင်ပြီး နှစ်ပတ် အချိန်ပေးထားတယ်လို့ သိရပါတယ်။
X နဲ့ တရားလိုတွေ ဘက်က ရှေ့နေတွေက မည်သည့် မှတ်ချက်မှ တုံ့ပြန်ပေးမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

Twitter မှာ စီနီယာ ဝန်ထမ်းတွေအဖြစ် လုပ်ကိုင်ခဲ့ပြီး နယူးယော့ခ်၊ ကယ်လီဖိုးနီးယား၊ တက္ကဆက် တို့မှာ နေထိုင်ကြတဲ့ တရားလိုတွေက ကုမ္ပဏီအနေနဲ့ သူတို့ကို ၂၀၂၂ မှာ အလုပ်ဖြုတ်ပြီးချိန် စုစုပေါင်း ဒေါ်လာ တစ်သန်းကျော်တဲ့ နစ်နာကြေး ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
စွဲဆိုခံထားရမှုမှာ X ရဲ့ အိမ်ခြံမြေ အကျိုးဆောင် ဒု ဥက္ကဌ ဟောင်းနဲ့ ပရောဂျက်မန်နေဂျာ တဦးတို့အား ရုံးနေရာအတွက် ငှားရမ်းစာချုပ်နဲ့ အခြားသော စာချုပ်တွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ဖို့ ညွှန်ကြားခံရပြီးချိန်မှာ အလုပ်ထွက်ဖို့ ဖိအား ပေးခဲ့တယ် ဆိုတဲ့ စွဲချက်တွေအပြင် အခြားသော စွဲချက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
X ကတော့ မတရားမှု မရှိဆိုပြီး ငြင်းဆိုထားခဲ့ပါတယ်။
အီလွန်မတ်စ် က ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူကာ X လို့ နာမည် ပြောင်းပြီးချိန်ကစပြီး Twitter ရဲ့ လေးပုံပုံ သုံးပုံထက် များတဲ့ ဝန်ထမ်းတွေဟာ အလုပ်ထွက်သွားတာနဲ့ အလုပ်ထုတ်ခြင်း ခံရတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
X ကုမ္ပဏီဟာ မသန်စွမ်းနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားခဲ့တယ် ဆိုတဲ့ စွဲချက်တွေ အပါအဝင် အလုပ် ထုတ်ပယ်မှု တွေကြောင့် ဖြစ်လာတဲ့ တရားစွဲဆိုမှုတွေကို ရင်ဆိုင်နေရပြီး ထောင်နဲ့ချီတဲ့ ဝန်ထမ်းဟောင်းတွေကို ဒေါ်လာ သန်း ၅၀၀ ကျော် နစ်နာကြေးပေးဖို့ ငြင်းဆန်ထားခဲ့တယ်လို့ သိရပါတယ်။
X ဟာ တရားစွဲဆိုမှု အချို့ကို အနိုင်ရခဲ့ပြီး တချို့ စွဲဆိုမှုတွေကိုတော့ ခုံရုံးဖွဲ့ စစ်ဆေးမှုသို့ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။
ခုံရုံးဖွဲ့ စစ်ဆေးမှုမှာ ဝန်ထမ်းဟောင်းပေါင်း ၂၀၀၀ ကျော်ဟာ တဦးချင်း စွဲချက်တွေ တင်သွင်းခဲ့ကြောင်းလည်း သိရပါတယ်။
Ref : Reuters














