ကမ္ဘာတွင် ဘိန်းဖြူထုတ်လုပ်သည့် တရားမဝင်မူးယစ်ဆေး အများဆုံးထုတ်လုပ်သော မြန်မာတွင် ဘိန်းထုတ်လုပ်မှု အနည်းငယ် ကျဆင်းကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြောသော်လည်း မူးယစ်မှောင်ခိုမှု တိုးလာမည့် ခိုင်မာသော အလားအလာရှိကြောင်း သတိပေးသည်။
ဘိန်းစိုက်ပျိုးသည့်နယ်မြေ သုံးနှစ်ဆက်တိုက် တိုးလာပြီးနောက် ၄ ရာခိုင်နှုန်း ကျဆင်းကာ ၄၅,၂၀၀ ဟက်တာ (၁၁၁,၇၀၀ ဧက) သို့ ကျဆင်းကြောင်းနှင့် ဘိန်းထွက်နှုန်း ၄ ရာခိုင်နှုန်း ကျဆင်းသောကြောင့် ထုတ်လုပ်မှုသည် ၈ ရာခိုင်နှုန်း ကျဆင်းကာ ၉၉၅ မက်ထရစ်တန်ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်သည့် ‘မြန်မာ့ဘိန်းစစ်တမ်း ၂၀၂၄’ တွင် ဖော်ပြထားသည်။
မြန်မာသည် အာဖဂန်နစ္စတန်ကို ကျော်တက်ကာ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာကြောင်း UNODC က လွန်ခဲ့သောနှစ်တွင် ကြေညာပြီး ၂၀၂၁ ခုနှစ် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် ပိတ်ပင်မှုကြောင့် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းကြောင်း ပြောသည်။ မော်ဖင်းနှင့် ဘိန်းဖြူထုတ်လုပ်သည့် ဘိန်းကို ဘိန်းပန်းများ (poppy flowers) မှ ထုတ်ယူသည်။
ထိုအချိန်တွင် မြန်မာ၌ ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တိုးလာနေပြီး အဓိကအားဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချသောကြောင့် ပေါ်ပေါက်လာသည့် အကျပ်အတည်းကြောင့်ဖြစ်ကြောင်း UNODC က ပြောသည်။ စစ်အာဏာသိမ်းမှုကို တော်လှန်ရေးသည် ယခုအခါ ပြည်တွင်းစစ် ဖြစ်စေသည်။
စစ်တပ်က အာဏာမသိမ်းမီနှင့် ယှဉ်ကြည့်လျှင် တည်ငြိမ်သောကာလအတွင်း ဘိန်းစိုက်ပျိုးမှုကို စွန့်လွှတ်ခဲ့သည့် သီးနှံစိုက်တောင်သူ အများအပြားသည် ဘိန်းပြန်လည် စိုက်ကြသည်ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာကိုယ်စားလှယ် မစ္စတာ မာဆော့ ကာရီမီပေါက စစ်တမ်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ထိုစစ်တမ်းသည် မြေပြင်စုံစမ်းမှုများနှင့် ဂြိုဟ်တုမှ ထောက်လှမ်းမှုများကို အသုံးပြုသည်။
ထုတ်လုပ်မှုအပြောင်းအလဲ၏ အကျိုးဆက်ကို ရှင်းလင်းစွာ မသိရကြောင်း UNODC ကျွမ်းကျင်သူများက ပြောသည်။
“ကမ္ဘာ့ဘိန်းဖြူဖြန့်ချိရေးကွင်းဆက်ကို လတ်တလော အပြည့်အဝ မချိန်ညှိနိုင်သေးဘူးလို့ ကျနော်တို့ ယူဆတယ်။ ကမ္ဘာမှာ ဘိန်းဖြူ လိုအပ်လို့ ဈေးကွက်ကို ဖြည့်ဆည်းပေးဖို့ လိုပြီး မြန်မာဘိန်းစိုက်သူတွေ ပိုမိုစိုက်ပျိုးမှု တိုးလာစေတယ်” ဟု UNODC သုတေသနအရာရှိ မစ္စတာ အင်ရှစ်ဆင်းက ပြောသည်။
သို့သော် ၂၀၂၄ ခုနှစ်တွင် မတည်ငြိမ်သည့် အဓိကဒေသ၌ တိုက်ပွဲများ အလွန်ပြင်းထန်သောကြောင့် ဘိန်းထုတ်လုပ်သည့် ရှမ်းနှင့် ကချင်ပြည်နယ် အရှေ့ပိုင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းတို့တွင် နေရပ်စွန့်ခွာမှုနှင့် သွားလာမှုအခက်အခဲရှိပြီး ထုတ်လုပ်မှု အကန့်အသတ်ဖြစ်စေကြောင်း UNODC က ပြောသည်။ ထို့ကြောင့် ဘိန်းထုတ်လုပ်မှု တန့်နေသည်ဟု မယူဆနိုင်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများက ပြောသည်။
“စိတ်ပျက်စရာကောင်းတာက မြန်မာက ကျယ်ပြန့်ပြင်းထန်လာတဲ့ ပဋိပက္ခဟာ စိုးရိမ်မှုကြီးထွားစေကြောင်း ကျနော်တို့ တွေ့နေရတယ်” ဟု မစ္စတာ ကာရီမီပေါက ပြောသည်။ “မြန်မာအခြေအနေက မတည်ငြိမ်ဘဲ စီမံအုပ်ချုပ်ရေး၊ လူသားချင်းစာနာမှုအကူအညီ အကျပ်အတည်း ဆက်လက်ဖြစ်နေတာနဲ့ ပိုမိုများပြားတဲ့သူတွေ ဘိန်းစိုက်တာကို ကျနော်တို့တွေ့ရနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။
“ဘိန်းစိုက်ရတဲ့ နံပါတ် ၁ အကြောင်းရင်းကတော့ ဝမ်းရေးဖြေရှင်းဖို့ဖြစ်ပြီး စီးပွားရေးလိုအပ်ချက်က ဆက်လက် အခြေအနေ ဆိုးရွားပြင်းထန်နေမှာ ဖြစ်တယ်။ ဒါကြောင့် ဘိန်းဆက်လက်စိုက်ဖို့ စေ့ဆော်မှုက ကျဆင်းသွားမယ်လို့ မခန့်မှန်းနိုင်ဘူး” ဟုလည်း ပြောသည်။
“ဒါကြောင့် ကျနော်တို့ဆွေးနွေးခဲ့တဲ့ တွန်းအားတွေ ဆက်ရှိနေမှာမို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ သီးနှံစိုက်တောင်သူတွေကို ကူညီဖို့၊ ဘိန်းစီးပွားရေးမရှိဘဲ ခံနိုင်စွမ်းရည်ရှိအောင် ထူထောင်ပေးဖို့ တတ်နိုင်သမျှ လုပ်ပေးရမယ်။ ကမ္ဘာ့ဘိန်းဖြူဖြန့်ချိရေး ကွင်းဆက်တွေနဲ့ ပတ်သက်နေလို့ မြန်မာနဲ့ အာဖဂန်နစ္စတန် အခြေအနေကို ဆက်လက် စောင့်ကြည့်ဖို့အရေးကြီးတယ်” ဟု မစ္စတာ ကာရီမီပေါက ပြောကြားသည်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းသည် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ဆုံစည်းသည့် အမည်ဆိုးကျော်ကြားသော ရွှေတြိဂံဒေသ၏ အစိတ်အပိုင်းဖြစ်သည်။ ဘိန်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်သည့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင်များကို မြန်မာအစိုးရ ထိန်းချုပ်နိုင်မှု အနည်းငယ်သာရှိပြီး ဥပဒေမဲ့နေသောကြောင့် ထိုဒေသတွင် ဘိန်းနှင့် ဘိန်းဖြူထုတ်လုပ်မှု ထွန်းကားသည်။
ထိုဒေသတွင် ဘိန်းထုတ်လုပ်မှု ကျဆင်းပြီးနောက် မကြာသေးမီနှစ်များအတွင်း မက်သာဖက်တမင်း ဆေးပြားများနှင့် ဆေးပုံဆောင်ခဲ ထုတ်လုပ်မှု တိုးလာသည်။ လုပ်အားအကြီးအကျယ် လိုအပ်သည့် ဘိန်းစိုက်ပျိုးခြင်းထက် မက်သာဖက်တမင်းကို လုပ်ငန်းအတိုင်းအတာ ကြီးကြီးမားမားဖြင့် ထုတ်လုပ်ရန် ပိုမိုလွယ်ကူပြီး ကုန်းလမ်း၊ ရေလမ်းနှင့်လေကြောင်းမှ အာရှနှင့် ပစိဖိတ်ဒေသသို့ ဖြန့်ချိကြသည်။
ကိုးကား ။ ။ AP သတင်း UN drug experts say opium production has leveled off in Myanmar, but instability may trigger a rise
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှု လွန်စွာမြင့်မားလာ
သီးနှံစိုက်တောင်သူများ ဘိန်းပြောင်းစိုက်လာ
အာဖဂန်ကို ကျော်တက်ပြီး ကမ္ဘာ့ဘိန်းအများဆုံးစိုက်သည့် နိုင်ငံ မြန်မာ ဖြစ်လာ
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၃














