မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှုသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုမိုကြီးထွားလာပြီး လွန်ခဲ့သောနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးလှုပ်ရှားမှု ကျဆင်းကာ စီးပွားရေးဆုတ်ယုတ်မှုသည် ဘိန်းကုန်ကူးမှုကို အားပေးလာသောကြောင့် သုံးပုံတပုံ တိုးလာကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းခဲ့ပြီးနောက် ဘိန်းစိုက်ရာသီဖြစ်သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာတွင် ဘိန်းစိုက်ပျိုးမှုသည် ၃၃ ရာခိုင်နှုန်း တိုးလာပြီး ၉၉,၀၉၀ ဧကအထိ ရှိလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ပြတ်တောက်မှုများက ပေါင်းစုံမိပြီး ဝေးကွာတဲ့ ဒေသများ၊ ပဋိပက္ခထူပြောတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ နယ်စပ်ဒေသတွေက တောင်သူတွေဟာ ရွေးချယ်စရာ များများ မရှိတော့ဘဲ ဘိန်းပြန်လည် စိုက်ပျိုးရတယ်” ဟု UNODC ရုံးမှ အာရှဆိုင်ရာ အရာရှိ ဂျရမီ ဒေါက်ဂလပ်စ်က ပြောသည်။
မြန်မာ့ဘိန်းစီးပွားရေး၏ စုစုပေါင်းတန်ဖိုးမှာ ဒေသတွင်းတွင် မည်မျှရောင်းသည်နှင့် ဘိန်းမည်မျှကို ဘိန်းဖြူနှင့် အခြားမူးယစ်ဆေးများအဖြစ် ထုတ်လုပ်သည်ဆိုသည့် အချက်များပေါ် မူတည်ပြီး ဒေါ်လာသန်း ၆၆၀ နှင့် ၂ ဘီလီယံကြားရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းသည်။
“အရှေ့နဲ့ အရှေ့တောင်အာရှ၊ သြစတြေးလျမှာတွေ့ရတဲ့ ဘိန်းဖြူအားလုံးနီးပါးက မြန်မာက လာတဲ့ ဘိန်းဖြူတွေဖြစ်ပြီး မြန်မာဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဘိန်းဖြူနဲ့ ဘိန်း ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တယ်” ဟု ဒေါက်ဂလပ်စ်က ပြောသည်။ “အာဖဂန်က အများကြီး ပိုမိုထုတ်လုပ်တဲ့အတွက် နှစ်နိုင်ငံကို နှိုင်းယှဉ်လို့ မရပေမယ့် ဆက်လက် တိုးချဲ့နေမှာဖြစ်လို့ အခုလို ဘိန်းတိုးချဲ့ စိုက်ပျိုးတာကို လျစ်လျူရှုထားလို့ မရဘဲ အာရုံစိုက်ရမယ်။ ဒါဟာ ယနေ့ ကျနော်တို့မြင်နေရတဲ့ လုံခြုံရေးနဲ့ စီးပွားရေး အခြေအနေတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်” ဟုလည်း ၎င်းကပြောသည်။
မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ထိစပ်နေသည့် ရွှေတြိဂံဒေသသည် သမိုင်းကြောင်းအရ ဘိန်းအဓိက ထုတ်လုပ်သည့် ဒေသဖြစ်ပြီး ဘိန်းမှ ဘိန်းဖြူထုတ်လုပ်သည့် ဓာတ်ခွဲခန်း အများအပြားရှိသော ဒေသဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှု ဆယ်စုနှစ်ပေါင်းများစွာသည် ထိုမြန်မာနယ်စပ်ဒေသတွင် ဥပဒေမဲ့ ဖြစ်စေပြီး ဘိန်းထုတ်လုပ်သူများနှင့် မှောင်ခိုများ အမြတ်ထုတ် အသုံးချသည့် ဒေသဖြစ်နေသည်။
မြန်မာမှ ထုတ်လုပ်သော ဘိန်းအများစုကို တရုတ်နှင့် ဗီယက်နမ်သို့ တင်ပို့ပြီး ဘိန်းဖြူကို ဒေသတွင်း နိုင်ငံအများအပြားသို့ တင်ပို့ကြောင်း ဒေါက်ဂလပ်စ်က ပြောသည်။
“ဒေသတွင်းနိုင်ငံတွေကို ရောက်သွားမှ တန်ဖိုးတွေ တက်ကုန်တယ်။ အမြတ်အရမ်းရတယ်” ဟုလည်း ၎င်းကပြောသည်။
စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မတိုင်မီ နှစ်များအတွင်း ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့သည်။
ထုတ်လုပ်မှုသည် ၂၀၂၀ ပြည့်နှစ်က တန် ၄၄၀ အထိကျဆင်းသည်ဟု ခန့်မှန်းရသည်။ ၂၀၂၁ ခုနှစ်တွင် အနည်းငယ်တိုးလာပြီးနောက် ၂၀၂၂ သို့ ရောက်သောအခါ အထွတ်အထိပ်ရောက်ပြီး တန်ချိန် ၈၇၀ အထိ ရောက်လာသည်ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် သတ်ဖြတ်မှုများကြောင်း အရပ်သားအတိုက်အခံများနှင့် ပဋိပက္ခပိုမိုပြင်းထန်လာပြီး မြန်မာတွင် ပြည်တွင်းစစ်ဖြစ်ပွားနေသည်ဟု သုတေသီအချို့က ပြောသည်။
ပေးဆပ်ရသောတန်ဖိုးမှာ ကြီးမားလှပြီး လူပေါင်း ၂,၈၁၀ ဦးကို စစ်ကောင်စီတပ်များက သတ်ဖြတ်ထားကာ လူပေါင်း ၁၇,၄၂၇ ဦး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။
ပဋိပက္ခများကြောင့် စစ်တပ်သည် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ရန် နေရာအချို့သို့ မရောက်နိုင်တော့ဘဲ ၎င်းတို့၏ ရင်းမြစ်များကို အခြားနေရာများတွင်လည်း အသုံးပြုနေရသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ သိသိသာသာကျဆင်းသွားပြီး ၂၀၂၂ ခုနှစ်တွင် မြေ ၃,၄၆၇ ဧကတွင်သာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်နိုင်သောကြောင့် ၂၀၂၁ ခုနှစ်ကထက် ၇၀ ရာခိုင်နှုန်း လျော့နည်းသွားသည်။
တချိန်တည်းတွင် ပဋိပက္ခကြောင့် မြန်မာ့စီးပွားရေး ဆက်လက် ထိခိုက်နေပြီး ပိုမိုများပြားလာသည့် ကျေးလက်မိသားစုများသည် ဘိန်းစိုက်ပျိုးခြင်းကို ဝင်ငွေအတွက် မှီခိုနေရကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။
“လတ်တလော ဘိန်းထုတ်လုပ်မှုတိုးချဲ့ခြင်းဟာ အခြေခံအားဖြင့် ဆင်းရဲနွမ်းပါးမှုနဲ့ ကျေးလက်ဒေသ ပြည်သူတွေက စီးပွားရေးအခြေအနေကို တုံ့ပြန်ဆောင်ရွက်ရာက ဖြစ်ပေါ်လာတယ်” ဟု ဒေါက်ဂလပ်စ်က ပြောသည်။ “ခက်ခဲတဲ့အချိန်ကာလတွေ အမြဲတမ်းရှိတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးအခြေအနေက ပဋိပက္ခ မကြာခဏ ဖြစ်ပွားပြင်းထန်ပြီး မူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင် ပတ်သက်နေသူတွေအတွက် အတားအဆီး မရှိတော့ဘူး” ဟုလည်း ပြောသည်။
ဓာတုမူးယစ်ဆေးဝါး စီးပွားရေးသည်လည်း အလားတူအကြောင်းကြောင့်ပင် ကြီးထွားနေပြီး ဒေသတွင်း မက်သာဖက်တမင်းနှင့် အခြားမူးယစ်ဆေးများ ထုတ်လုပ်မှု စံချိန်တင် မြင့်မားလာသည်။ ဥပမာအားဖြင့်ဆိုရပါက စက်တင်ဘာလအတွင်း လာအိုနိုင်ငံမှ ဖမ်းဆီးမှုတခုတွင် အာဏာပိုင်များသည် မက်သာဖက်တမင်းဆေးပြား ၃၃ သန်းနှင့် မက်သာဖက်တမင်း ပုံဆောင်ခဲ ၅၀၀ ကီလိုဂရမ်ကို ဖမ်းဆီးမှုတခုတည်းတွင် သိမ်းဆည်းရမိခဲ့သည်။
ကိုးကား ။ ။ AP သတင်း Opium farming surges in Myanmar since the military coup, the U.N. says
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု
ကုလသမဂ္ဂကြောင့် မြန်မာ့မူးယစ်ဆေးပြဿနာ ပိုမိုဆိုးရွားနေသလား