အခန်း (၃) ငွေကြေးခဝါချမှု
ငွေကြေးခဝါချမှု၏ ရည်ရွယ်ချက်သည် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှုကဲ့သို့သော တရားမဝင် လုပ်ငန်းများမှ ရရှိလာသည့် ငွေကြေးများကို ဘဏ်အပ်ငွေ ကဲ့သို့သော တရားဝင်ပိုင်ဆိုင်မှု အဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ ရွှေတြိဂံဒေသ အတွင်းရှိ မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် အခြား တရားမဝင် လုပ်ငန်းများမှ ရရှိလာသော ငွေကြေးများကို ထိုင်း၊ ဟောင်ကောင်နှင့် စင်္ကာပူ နိုင်ငံများရှိ ဘဏ်များမှ တဆင့် အစဉ်အဆက် ခဝါချခဲ့ကြသည်။ ငွေကြေးများကို ဒေသတွင်းဘဏ်စာရင်းများ၊ နိုင်ငံတကာဘဏ်စာရင်းများမှ တဆင့် အဆင့်ဆင့် လွှဲပြောင်းကာ နောက်ဆုံးတွင် ကမ္ဘာပေါ်ရှိ လူတဦးတယောက် သို့မဟုတ် စီးပွားရေးလုပ်ငန်း တခု၏ ဘဏ်စာရင်းထဲသို့ ရောက်ရှိသွားသည်။ ၎င်းငွေကြေးများ မည်သည့်နေရာက ထွက်ပေါ်လာသည်ကို ခြေရာခံနိုင်ရန် မဖြစ်နိုင်တော့ပေ။
ငွေကြေးခဝါချမှု အလုပ်လုပ်ပုံ
နိုင်ငံတကာ ဘဏ္ဍာရေး ကျွမ်းကျင်သူများ၏ အဆိုအရမူ ငွေကြေးခဝါချရန် အတွက် နေရာချထားခြင်း (placement)၊ ကြားခံအလွှာများထားခြင်း (layering) နှင့် ပေါင်းစပ်ခြင်း (integration) အစရှိသည့် အဓိကအဆင့် သုံးဆင့် ကို ဖြတ်သန်းရသည်ဟု ဆိုသည်။ အလုပ်လုပ်မှာကား−
ယေဘုယျအားဖြင့် ငွေမည်းများ ဖြတ်သန်းရသွားသည့် အလွှာများလေလေ တရားဥပဒေစိုးမိုးရေး အာဏာပိုင်များက ငွေကြေးများသည် ရာဇဝတ်မှုများနှင့် ပတ်သက်ခြင်း ရှိ မရှိ ခြေရာခံရန် ခက်ခဲလေလေ ဖြစ်သည်။
၁။ နေရာချထားခြင်း (Placement)။ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် လက်လီဖြန့်ဖြူးသူများသည် မူးယစ်ဆေးဝါး ထုတ်ပေးသူထံသို့ ငွေသားဖြင့် ပေးသွင်းကြသည်။ ၎င်းတို့လက်ခံရရှိသည့် ငွေစက္ကူ အမျိုးမျိုးကိုမူ ဘဏ်စာရင်းများထဲသို့ စတင် သွင်းကြသည်။ “နေရာချထားသည်” ဟုလည်း သုံးနှုန်းကြသည်။ ဤအလုပ်ကို ငွေသား အဓိကဝင်သည့် ဘား၊ နိုက်ကလပ်၊ စားသောက်ဆိုင်၊ စူပါမားကတ်နှင့် စက်သုံးဆီ အရောင်းဆိုင် အစရှိသည့် စီးပွားရေးလုပ်ငန်းများမှ တဆင့် ဒေသတွင်း၌ပင် ဆောင်ရွက်နိုင်သည်။ ဤနည်းလမ်းဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများတွင်သာမက လာအိုနှင့် မြန်မာနိုင်ငံများရှိ ဘဏ်များတွင် ငွေသားများ သွားရောက်အပ်နှံနိုင်သည်။ အကယ်၍ မေးခွန်းများ မေးမြန်းခံရပါက ငွေသွင်းသူသည် ၎င်းတို့ပိုင်ဆိုင်သည့် smurfing အထက်ဖော်ပြပါ လုပ်ငန်းတခုခုကို ပြနိုင်ပေသည်။ မူးယစ်ဆေးဝါးများအား ဒေသပြင်ပ အခြားနိုင်ငံများသို့ မှောင်ခိုတင်ပို့ပြီး အဆိုပါ နိုင်ငံများရှိ မူးယစ်ဆေးဝါး သုံးစွဲသူများထံ ရောင်းချ၍ ရရှိလာသည့် ငွေမည်းများကို ခဝါချသည့်အခါ “ဝိတ်လျှော့ခြင်း/ smurfing” ဆိုသည့် ငွေလွှဲသွင်းရာတွင် လွှဲသွင်းငွေပမာဏကို လျှော့ချသည့် နည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။ “လူပုကလေးများ/smurfs” ဟု အမည်ပြောင် ပေးထားသည့် လူငှားများဖြင့် ဘဏ်တကာသို့ လှည့်လည်ကာ နာမည်အမျိုးမျိုးဖြင့် ဖွင့်ထားသည့် ဘဏ်စာရင်းများသို့ တရားမဝင် ရရှိလာသည့် ငွေများကို သွင်းကြသည်။ ဩစတေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင် အခွန် အာဏာပိုင်များထံ မတင်ပြဘဲ ဘဏ်စာရင်း တခုသို့ သွင်းနိုင်သည့် ငွေကြေးပမာဏကို ကန့်သတ်ထားသည်။ ထို့ကြောင့် “လူပုကလေးများ” က ဘဏ်တကာသို့ လှည့်ကာ ကန့်သတ်ထားသည့် ပမာဏထက် နည်းသည့် ငွေများကို သွင်းကြသည်။ ဤနည်းလမ်းဖြင့် ငွေများသည် အစိုးရဌာနများ သို့မဟုတ် ဘဏ္ဍာရေး စောင့်ကြည့်သူများ သတိမထားမိစေဘဲနှင့် ဘဏ္ဍာရေးယန္တရား အတွင်းသို့ ဝင်ရောက်သွားကုန်ကြတော့သည်။
၂။ ကြားခံအလွှာများထားခြင်း (Layering)။ ဤဒုတိယအဆင့်တွင်မူ ငွေကြေး ခဝါချသူများက ငွေကြေး ပမာဏ အမြောက်အမြားကို တဘဏ်မှ တဘဏ်သို့ လွှဲမည်ဆိုပါက အနောက်တိုင်း ဘဏ္ဍာရေး အဖွဲ့အစည်းများက သတင်းပို့ရန် သတ်မှတ်ထားသည့် ပမာဏ ထက်လျှော့၍ အလီလီခွဲကာ အကြိမ်ကြိမ် လွှဲကြသည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ ကနေဒါနှင့် ဩစတေးလျ တွင် အစိုးရ အခွန် အာဏာပိုင်များထံ တင်ပြရန် မလိုသည့် ဘဏ်ငွေသွင်းငွေထုတ် ပမာဏသည် အမေရိကန်ဒေါ်လာ တသောင်း ပတ်လည်တွင် ရှိသည်။ ငွေများအား ခွဲလွှဲခြင်းအားဖြင့် တရားမဝင် လုပ်ငန်းများမှ စီးဆင်းလာသော ငွေများနှင့် ၎င်းတို့၏ မူလဇစ်မြစ် အစစ်အမှန် အကြား အဆက်အစပ် မရှိစေတော့ပေ။ ယေဘုယျအားဖြင့် ငွေမည်းများ ဖြတ်သန်းသွားရသည့် အလွှာများလေလေ ငွေကြေးများကို ရာဇဝတ်မှုများနှင့် ပတ်သက်ခြင်း ရှိ မရှိ တရားဥပဒေစိုးမိုးရေး အာဏာပိုင်များက ခြေရာခံရန် ခက်ခဲလေလေ ဖြစ်သည်။ ကြားခံ အလွှာများထားခြင်း ဆိုရာတွင် ရွှေရောင်းချခြင်း၊ မကာအို ကဲ့သို့သော နေရာမျိုးတွင် တရားဝင် ကာစီနိုရုံ တခုတွင် အနိုင်ရရှိခြင်း၊ တရားဝင် အိမ်ခြေမြေ အရောင်းအဝယ်နှင့် အခြား အထက်တန်းစားလုပ်ငန်းများ အစရှိသည့် ငွေရရှိရာ မူလဇစ်မြစ် အမျိုးအစား အဖြစ်သို့ ပြောင်းလဲခြင်းလည်း ပါဝင်သည်။ နိုင်ငံရပ်ခြားရှိ “အခွန်ကင်းလွတ်ရာနေရာများ” နှင့် “ဘဏ္ဍာရေး ဝန်ဆောင်မှု စင်တာများ” မှ တဆင့် ကမ္ဘာအနှံ့အပြားသို့ ငွေကြေးများလွှဲပို့ကြသည်။ နိုင်ငံများများကို ဖြတ်သန်းလေလေ ငွေကြေးဇစ်မြစ် အစစ်အမှန်ကို ဖော်ထုတ်ရန် အာဏာပိုင်များအတွက် ခက်ခဲလေလေ ဖြစ်ပါသည်။
၃။ ပေါင်းစပ်ခြင်း (Integration)။ နေရာချထားခြင်း၊ ကြားအလွှာခံထားခြင်းများ ပြီးဆုံးပါက နောက်ဆုံး အဆင့်တွင်မူ ငွေကြေးများကို တရားဝင် စီးပွားရေးလုပ်ငန်းများ နောက်ကွယ်တွင် ဝှက်ထားခြင်း၊ ဘဏ်တွင် အပ်နှံထားခြင်း စသည်ဖြင့် တရားဝင် ဘဏ္ဍာရေး ယန္တရားအတွင်းသို့ ပေါင်းစပ် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ ငွေကြေး ဝင်ရောက်သည့် တရားဝင် အရင်းအမြစ်များမှ တဆင့် အဆိုပါ ငွေများ မည်သည့်နေရာမှ ရသည် ဆိုသည့် ယုတ္တိရှိသော ရှင်းလင်းချက်များ ဖန်တီးရသည်။ ထိုငွေကြေးများကို ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု အခြား တရားမဝင် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည့် ဒုစရိုက် အဖွဲ့အစည်းများတွင် ပါဝင်သည့် လူပုဂ္ဂိုလ်များထံ ပြန်လည်ပေးပို့ရပါသည်။ ယခု တတိယ အဆင့် ဆောင်ရွက်ပြီးသည့် နောက်တွင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ အနေဖြင့် မည်သည့်ဝင်ငွေသည် တရားဝင် ဖြစ်သည်နှင့် မဖြစ်သည်ကို မခွဲခြားနိုင်သောကြောင့် ငွေကြေး ခဝါချသည့် ဒုစရိုက် အဖွဲ့အစည်းများသည် အဆိုပါ ငွေကြေးများကို အဖမ်းအဆီး ကင်းကင်းနှင့် စိတ်ချလက်ချ သုံးစွဲနိုင်ကြပေတော့သည်။ ယခင်က “မသန့်ရှင်းသည့်” ငွေကြေးများကို ခဝါချပြီးသည့်နောက် ပင်မစီးပွားရေးလောကအတွင်း အောင်မြင်စွာ ထည့်သွင်းနိုင်ပြီး အိမ်ခြံမြေ သို့မဟုတ် အခြား တရားဝင် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ ထို့အပြင် ထိုငွေကြေးများကို ဒုစရိုက်သမားက ဖောဖောသီသီသုံးဖြုန်းကာ ခမ်းခမ်းနားနား နေထိုင်ကြတော့သည်။
ပမာဏများပြားလှသည့် ငွေကြေးများကို ဘဏ်စာရင်းတခုသို့ ထည့်သွင်းကာ အစစ်အဆေး အမေးအမြန်းမရှိ နိုင်ငံခြားဘဏ် တခုခုသို့ လွှဲပို့နိုင်သည့် ထိုင်းနိုင်ငံကဲ့သို့သော အချို့နိုင်ငံများတွင်မူ အထက်ဖော်ပြပါ အဆင့်သုံးဆင့် စလုံး လုပ်ဆောင်ရန် မလိုအပ်ချေ။ သို့သော် ပေးပို့မည့် ဘဏ်စာရင်းဖွင့်ထားရာ နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတေးလျ သို့မဟုတ် ဥရောပနိုင်ငံများ ဖြစ်ပါက အာဏာပိုင်များထံ သတင်းပို့ရမည့် အနည်းဆုံး ပမာဏထက် မကျော်လွန်စေရန် ငွေလွှဲများကို အလီလီခွဲ၍ လွှဲပို့ရမည် ဖြစ်သည်။
ထို့အပြင် မျက်စိဒေါက်ထောက်ကြည့်နေကြသည့် နိုင်ငံတကာမှ ဘဏ္ဍာရေး အာဏာပိုင်များ အန္တရာယ်မှ လွတ်ကင်းနိုင်ရန် ဒေသတွင်း၌ပင် ၎င်းတို့နည်း၎င်းတို့ဟန်ဖြင့် ဖန်တီးထားသော ငွေမည်းများကို သိုဝှက်ထားနိုင်သည့် နည်းလမ်း တခု ရှိသည်။ မြေအောက် ဘဏ်စနစ်များ ဖြစ်သည်။ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ ဤကဲ့သို့သော မြေအောက်ကွန်ရက်ကိုဟာဝါလာ ဟုခေါ်သည်။ အရှေ့တောင်နှင့် အရှေ့ အာရှတွင်မူ ဟိုင်ဝိုင် (“နိုင်ငံရပ်ခြား”)၊ ဟွေကွမ်း (“ငွေလွှဲ”) သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုငွေကြေး (သို့) ဈေးကစားခြင်းဟု အဓိပ္ပာယ်ရသည့် ချောင်ဟွေ ဟု ခေါ်ကြသည်။ အချို့ကလည်း မည်သည့်နေရာက စတင် အပ်နှံလိုက်သည့် အကြောင်းကို မသိနိုင်သည့် အဓိပ္ပာယ်ဖြင့် ဖေးချန် သို့မဟုတ် “ပျံသန်းလာသောငွေ” ဟု ခေါ်ကြသေးသည်။ ဟာဝါလာ ကဲ့သို့ပင် ဂွတီးဂွကျ စကားလုံး တလုံးပင်ဖြစ်သည်။ ဤ “မြေအောက်ဘဏ်များ” သည် ကမ္ဘာအနှံ့သို့ ငွေများ လွှဲပို့ရာတွင် ဗျူရိုကရေစီ ယန္တရားနှင့် ဥပဒေ ကန့်သတ်ချက်များ ရှိသော သာမန်ဘဏ်များထက်ပင် မြန်ဆန်တိကျလှပေသည်။ တရားမဝင်နှင့် တဝက်တပျက် တရားဝင်သည့် “မီးခိုးရောင်” ငွေများ (ဥပမာအားဖြင့် “အခွန်ရှောင်ခြင်း” သို့မဟုတ် မျှတမှု မရှိသည့် စီးပွားရေး လုပ်နည်းများဖြင့် ရရှိလာသော ငွေများ) ကမ္ဘာ့နှင့်ချီ စီးဆင်းနေမှုကို ခြေရာခံရန် ကြိုးစားနေကြသည့် ဒေသတွင်းရှိ အခွန် အာဏာပိုင်များနှင့် ထောက်လှမ်းရေး အဖွဲ့များ ခြေရာခံနိုင်သည့် စာရွက်စာတမ်းများကို ဤဘဏ်များနှင့် လုပ်ကိုင်လျှင် တွေ့နိုင်မည် မဟုတ်ချေ။
၎င်းတို့အလုပ်လုပ်မှာကား− ဟာဝါလာဒဟာ သို့မဟုတ် ဖေးချန် လုပ်ငန်း လုပ်ကိုင်သူ တဦးသည် များသောအားဖြင့် ခရီးသွားအေးဂျင့်၊ ငွေလဲကောင်တာ သို့မဟုတ် ရွှေဆိုင် စသည့်လုပ်ငန်းများကိုလည်း တွဲလျက် လုပ်ကိုင်ကြသည်။ ဥပမာအားဖြင့် ဒုစရိုက်သမား တဦးသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မှ တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ စင်္ကာပူ သို့မဟုတ် ဒူဘိုင်း သို့ ငွေလွှဲလိုပါက သူအနေဖြင့် အထက်ဖော်ပြပါ လုပ်ငန်း တခုခုတွင် ငွေပမာဏ မည်မျှကိုမဆို သွားသွင်းနိုင်သည်။ အခြားသူ သို့မဟုတ် သူကိုယ်တိုင်ပင် အခြားနိုင်ငံရှိ ချိတ်ဆက်ထားသည့် ခရီးသွားအေးဂျင့်၊ ငွေလဲကောင်တာ သို့မဟုတ် ရွှေဆိုင်များတွင် အဆိုပါ လွှဲထားသည့် ငွေကို ထုတ်ယူနိုင်သည်။ အပြန်အလှန်အားဖြင့် တရုတ် စီးပွားရေးသမား တဦးသည် ထိုင်းနိုင်ငံသို့ ငွေလွှဲလိုပါက တရုတ် ရန်မင်ဘီဖြင့် ကူမင်း သို့မဟုတ် ဟောင်ကောင် ရှိ ခရီးသွားအေးဂျင့် သို့မဟုတ် ရွှေဆိုင် တခုခုတွင် ငွေသွင်းထားပြီးပါက ချင်းမိုင်ရှိ ငွေလဲကောင်တာ တခု သို့မဟုတ် ဘန်ကောက်ရှိ ရွှေဆိုင်တဆိုင်တွင် ပမာဏ တူညီသည့် ထိုင်းဘတ်ငွေကို ထုတ်ယူနိုင်ပေသည်။ ယခင်ကမူ ငွေစက္ကူတရွက်ကို နှစ်ပိုင်းဖြစ်အောင် ဆုတ်ဖြဲကာ တပိုင်းကို ငွေထုတ်ယူမည့်သူကိုလည်းကောင်း၊ တပိုင်းကို ငွေလွှဲပို့သူအားလည်းကောင်း ပေးအပ်ခြင်းဖြင့် ငွေလွှဲပို့သူနှင့် လက်ခံသူတို့ကို စိစစ်နိုင်သည်။ ယနေ့ခေတ်တွင်မူ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပို့ခြင်း သို့မဟုတ် အီးမေး စသည်တို့ကို အားလုံးက အသုံးပြုနေကြပြီ ဖြစ်သည်။
နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများသည် အာရှတိုက်ရှိ မြေအောက်ဘဏ်များမှ တဆင့် ငွေကြေးများ စီးဆင်းနေမှုကို ဟန့်တားရန် ကြိုးပမ်းကြသော်လည်း ဟုတ်တိပတ်တိ အောင်မြင်ခြင်း မရှိသေးပေ။
မြေအောက်ဘဏ်လုပ်ငန်း လုပ်ကိုင်သူ တဦးသည် ကုန်ပစ္စည်းများကို မူလတန်ဖိုးထက် ပိုပေး၍ တင်သွင်းခြင်း၊ လျှော့ရန် တင်သွင်းခြင်းအားဖြင့် ငွေများကို တိုင်းပြည်တခု အပြင်ဘက်သို့ ရွှေ့ထုတ်နိုင်သည်။ ဤငွေကြေး ခဝါချသည့်နည်းလမ်းကို ဖုံးကွယ်ရန် အတွက် အီလက်ထရောနစ် ပစ္စည်းများ၊ အဝတ်အထည်များ၊ တန်ဖိုးကြီး ကော်ဇော်များ၊ အစားအသောက်များ သို့မဟုတ် အိမ်ဆောက်ပစ္စည်းများ အစရှိသည့် ကုန်ပစ္စည်းများကို အသုံးပြုနိုင်သည်။ မည်သည့်နည်းကို သုံးသည်ဖြစ်စေ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများ အနေဖြင့် တဖက်က လိုငွေပြပြီး ကျန်တဖက်က ပိုငွေပြနေမည် ဖြစ်သောကြောင့် ၎င်းတို့၏ စာရင်းများကို ရှင်းလင်းရမည်သာ ဖြစ်သည်။ ယခုကဲ့သို့သော ငွေလက်ကျန် ပြဿနာကို အလွတ်သဘော ငွေလွှဲခြင်းဖြင့် လည်းကောင်း၊ လူကိုယ်တိုင် ဘဏ်သို့သွားပြီး ဒေသတွင်းသုံး ငွေကြေး သို့မဟုတ် အမေရိကန်ဒေါ်လာနှင့် ငွေသားထုတ်ယူခြင်းဖြင့်လည်းကောင်း ရှင်းလင်းနိုင်သည်။ မူးယစ်ဆေးဝါး ကွန်ရက် အဖွဲ့ဝင်များ အချင်းချင်း တနှစ်လျှင် တကြိမ်မှ လေးကြိမ် အထိ ဆက်သွယ်ကြကာ ကျန်ရှိသည့် စာရင်းများကို ရှင်းလင်းပေးချေကြသည်။
သို့သော် ၎င်းတို့စနစ်ကြီး တခုလုံးသည် ယုံကြည်မှု အပေါ်တွင် တည်ဆောက်ထားသည်။ ယုံကြည်မှု ပျက်ပြားခဲ့သည်ရှိသော် ငွေဘုံးပြီး ထွက်ပြေးသွားသူများအတွက် နောက်ဆက်တွဲ အကြောင်းမလှနိုင်တော့ပေ။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများသည် အာရှတိုက်ရှိ မြေအောက်ဘဏ်များမှ တဆင့် ငွေကြေးများ စီးဆင်းနေမှုကို ဟန့်တားရန် ကြိုးပမ်းကြသော်လည်း ဟုတ်တိပတ်တိ အောင်မြင်ခြင်း မရှိသေးပေ။ အကြမ်းဖက် လုပ်ရပ်များကို ဘဏ္ဍာရေး အကူအညီပေးခဲ့သည့် ဒူဘိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသရှိ ဟာဝါလာဒဟာများကို ၉/၁၁ အဖြစ်အပျက်နောက်ပိုင်း အမေရိကန် ပြည်ထောင်စုက ချေမှုန်းရန် ကြိုးပမ်းခဲ့သည်။ ဖေးချန် လုပ်ငန်း လုပ်ကိုင်သူများကိုလည်း ပစ်မှတ်ထားခဲ့သည်။ နှစ်ပေါင်း နှစ်ဆယ်ကြာပြီးနောက်ပိုင်းတွင်မူဖေးချန် လုပ်ကိုင်သူများနှင့် ဟာဝါလာဒဟာများသည် ရွှေတြိဂံဒေသ အပါအဝင် အာရှတလွှားတွင် ၎င်းတို့စက်ကွင်းကို ဖြန့်ကျက်ကာ ဘေးမသီရန်မခံနှင့် လွတ်လွတ်လပ်လပ်ကြီး လုပ်ကိုင်နေကြပြီ ဖြစ်သည်။
နောက်ခံသမိုင်းကြောင်း
၁၉၈၉ ခုနှစ် မတ်လနှင့် ဧပရယ်လများအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ အောက်ခြေရှိ တောင်တန်းသား အရာရှိစစ်သည်များက အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သည့် ရှေးရိုးစွဲ ဗမာအများစုဖြစ်သည့် ခေါင်းဆောင်များကို ပုန်ကန်ကာ တရုတ်နိုင်ငံဘက်သို့ မောင်းထုတ်လိုက်သည့် အချိန်မှ စ၍ ရွှေတြိဂံဒေသ၏ စီးပွားရေးသည် ဝုန်းခနဲ တိုးတက်လာခဲ့သည်။ ဗကပမှ လူမျိုးစု လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ ကွဲထွက်လာချိန်သည် ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူများ မြို့ကြီးပြကြီးများကနေ နယ်စပ်ဒေသများသို့ ထောင်နှင့်ချီ၍ ထွက်ပြေးလာကြချိန်နှင့်လည်း တိုက်ဆိုင်နေလေသည်။ ၎င်းတို့သည် မြို့တော်ဟောင်း ရန်ကုန်နှင့် အခြားမြို့ကြီးမြို့ငယ်များတွင် ဖြစ်ပွားခဲ့သည့် လူသတ်ပွဲများမှ ထွက်ပြေးလာကြပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းခဲ့သည့် စစ်အစိုးရသစ်ကို လူမျိုးစု သူပုန်အဖွဲ့များနှင့် ပူးပေါင်းကာ ပြန်လည် တိုက်ခိုက်ရန် အားသန်နေကြသည်။ သို့သော် မြို့ပြမှ ရောက်လာသည့် တက်ကြွလှုပ်ရှားသူများအား ထုတ်ပေးနိုင်ရန် လူမျိုးစုတပ်ဖွဲ့များတွင် လက်နက်အရေအတွက် မဖြစ်စလောက်သာ ရှိသည်။ ၁၉၆၈−၁၉၇၈ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ထောက်ပံ့ထားသည့် လက်နက်များမှာ ဗကပလက်ထဲတွင် ဂိုဒေါင်လိုက် ရှိနေဆဲ ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံအတွင်း၌ လူမျိုးစု သူပုန်အဖွဲ့များသာ ရှိကြသော်လည်း ထိုအချိန်အခါကမူ ယခုအခါ လူမျိုးစုတပ်ဖွဲ့များ ဖြစ်သွားကြသည့် ဗကပနှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ရှိနေကြသည်သဖြင့် ဆယ်နှစ်စုများစွာ ကြာမြင့်ခဲ့သည့် မြန်မာနိုင်ငံ ပြည်တွင်းစစ်သည်လည်း တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည့် အခြေအနေ ရှိခဲ့သည်။ အဆိုပါ အန္တရာယ်ကို ဖယ်ရှားနိုင်ရန်အတွက် ရန်ကုန်တွင် အသစ်တက်လာသည့် အာဏာသိမ်း စစ်အုပ်စုသည် ဗကပမှ ခွဲထွက်လာသည့် အုပ်စုများကို ချဉ်းကပ်ကာ မိမိတို့ သက်ဆိုင်ရာ နယ်မြေများကို ဆက်လက် ထိန်းချုပ်ရန်၊ မိမိတို့လက်နက် မိမိဆက်ကိုင်ထားရန်၊ တပ်မတော်နှင့် မတိုက်ခိုက်သရွေ့ မိမိတို့ ကြိုက်နှစ်သက်ရာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်နှင့် မိမိတို့ လက်နက်များကို တခြားသူပုန်အဖွဲ့များဆီ မျှဝေမပေးရန် စသည်ဖြင့် ကမ်းလှမ်းခဲ့သည်။ အဆိုပါ ကမ်းလှမ်းချက်ကို ရွှေတြိဂံဒေသအတွင်း ဘိန်းစိုက်ပျိုးရာ ဒေသများကို ထိန်းချုပ်ထားသည့် ဗကပ ခွဲထွက် အဖွဲ့များက လက်ခံခဲ့ပြီး ဗကပမှ ခွဲထွက်ခဲ့ပြီး တနှစ်အတွင်းမှာပင် ဘိန်းထုတ်လုပ်မှု နှစ်ဆ ထိုးတက်သွားခဲ့သည်။
အာဏာသိမ်း စစ်အုပ်စုအပေါ် ခြိမ်းခြောက်နေသည့် ရန်မီး တခုငြိမ်းသွားပြီ ဖြစ်သော်လည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကြောင့် ရွှေတြိဂံဒေသ ဘိန်းကုန်သွယ်မှုကို တခေတ်ဆန်းစေတော့သည်။ ရရှိလာသည့် ငွေမည်း အမြောက်အမြားကို ငွေဖြူအဖြစ် ပြောင်းလဲရန် လိုအပ်လာသည်။ အဆိုပါ ငွေမည်းများကို အသစ်တည်ထောင်ကာစ ဖြစ်သည့် ကာစီနိုလောင်းကစားရုံများမှတဆင့်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ဘဏ်များမှ တဆင့်လည်းကောင်း ငွေဖြူအဖြစ် ပြောင်းလဲကြသည်။
ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ဘိန်းတမျိုးတည်းကိုသာ ထုတ်လုပ်သည့်ခေတ်မှ မက်သဖက်တမင်းများကိုပါ ထုတ်လုပ်လာနိုင်ကြသောအခါ ကာစီနိုလောင်းကစားရုံများ မှိုလိုပေါက်လာကာ မူးယစ်ဆေးဝါးလုပ်ငန်းနှင့် အခြားသော တရားမဝင်လုပ်ငန်းများမှ ရရှိလာသော ငွေများကို အလွယ်တကူ ခဝါချနိုင်ကြသည်။ လာအိုနိုင်ငံ အနောက်မြောက်ဘက်နှင့် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ မြောက်ပိုင်းဒေသများရှိ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရန် တည်ထောင်ထားသည့် အထူးစီးပွားရေးဇုန် ဆိုသည့် စီမံကိန်းများသည်လည်း မိုးဦးကျမှိုများကဲ့သို့ ပေါများလာသည့် လောင်းကစားရုံများကို အားဖြည့်ပေးသကဲ့သို့ ရှိနေသည်။ အဆိုပါ ကာစီနိုလောင်းကစားရုံများအား အုပ်စုဖွဲ့ရာဇဝတ်ဂိုဏ်းများက ရင်းနှီးမြှုပ်နှံထားကြခြင်း ဖြစ်သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ အဆိုအရ “မဲခေါင်ဒေသခွဲအတွင်းရှိသည့် အထူးစီးပွားရေးဇုန် ၁၂၀ တွင် ခန့်မှန်းချက်အရ ကာစီနိုလောင်းကစားရုံ ၂၄၀ ခန့်ရှိနိုင်ပြီး အချို့ဒေသများသည် ကြီးမားကျယ်ပြန့်လှသည့် ဒုစရိုက်လုပ်ငန်းများ၏ အချက်အခြာများ ဖြစ်လာကြကြောင်း” သိရသည်။
ပထမဦးဆုံးသော ကာစီနို လောင်းကစားရုံများကို အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်− ရှမ်းပြည်နယ် အရှေ့ပိုင်း the National Democratic Alliance Army-Eastern Shan State (NDAA-ESS) ထိန်းချုပ်နယ်မြေ အတွင်းတွင် စတင်တည်ထောင်ခဲ့သည်။ အဆိုပါ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဗကပ ပြိုလဲပြီးနောက် ထွက်ပေါ်လာသည့် တပ်ဖွဲ့များထဲက တဖွဲ့ဖြစ်ပြီး ၎င်း၏ ဗဟိုဌာနချုပ်မှာ တရုတ်နယ်စပ်အနီးရှိ မိုင်းလားတွင် ရှိသည်။ မိုင်းလားသည် ဝါးထရံကာတဲအိမ်ကလေးများ အများစုဖြစ်သည့် ရွာကလေး အဖြစ်မှ ဇိမ်ခံဟိုတယ်များ၊ ထူးခြားလှသည့် စားသောက်ဆိုင်ကြီးများ၊ ပြည့်တန်ဆာခန်းများ၊ ကာစီနို လောင်းကစားရုံများရှိသည့် ခေတ်မီမြို့တမြို့ အဖြစ် ပြောင်းလဲလာသည်။ NDAA-ESS သည်လည်း မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး ရွှေတြိဂံဒေသရှိ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သည့် အခြားအုပ်စုများနှင့်လည်း လက်တွဲ အလုပ်လုပ်ခဲ့သည်။ ကိုဗစ်နိုင်တင်း ကပ်ရောဂါ မဖြစ်ခင်နှင့် ယခုအထိ ကျင့်သုံးနေဆဲ ဖြစ်သည့် တရုတ်နိုင်ငံ၏ “ဇီးရိုး−ကိုဗစ်” ပေါ်လစီ မပြဋ္ဌာန်းခင်တုန်းက ဆိုလျှင် တရုတ်နိုင်ငံမှ ခရီးသွားပေါင်းထောင်နှင့်ချီ နေ့စဉ် နယ်စပ်ကို ဖြတ်ကျော်ကာ မိုင်းလားရှိ ဖျော်ဖြေမှုများကို ခံစားကြသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် လောင်းကစား လုပ်ငန်းကို ပိတ်ပင်တားမြစ်ထားသောကြောင့် ကာစီနိုလောင်းကစားရုံသို့ လာကြခြင်းဖြစ်သည်။ ယခုကဲ့သို့ နယ်စပ်ကို ဖြတ်ကျော်သွားလာနေကြခြင်းဖြင့် တရုတ်နိုင်ငံမှ ငွေကြေးအမြောက်အမြား စီးဆင်းထွက်သွားသောကြောင့် တရုတ် အာဏာပိုင်များကလည်း မိုင်းလားရှိ ခရီးသွားလုပ်ငန်းအား ထိန်းချုပ်ရန် အခွင့်သင့်တိုင်း ကြိုးစားခဲ့သည်။ သို့သော် NDAA-ESS ခေါင်းဆောင်ပိုင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်များဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ခေတ်ကတည်းကပင် တရုတ်နိုင်ငံ လုံခြုံရေး အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသောကြောင့် ရေရေရာရာ အောင်မြင်မှု မရခဲ့ပေ။ ဗကပ ပြိုကွဲသွားပြီးနောက် ထွက်ပေါ်လာသည့် လူမျိုးစုတပ်ဖွဲ့များတွင် အင်အားအကြီးဆုံး အဖွဲ့ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (United Wa State Army – UWSA) ကထိန်းချုပ်ထားသည့် တရုတ်−မြန်မာနယ်စပ် ဒေသများတွင်လည်း ကာစီနို လောင်းကစားရုံများ ဖွင့်လှစ်ထားသည်။ သို့သော် ဘိန်း၊ ဘိန်းဖြူနှင့် ယခုအခါ မက်သဖက်တမင်း ကုန်သွယ်မှုမှ UWSA က ရရှိသော ဝင်ငွေမှာ ပိုများပြားပေသည်။
အကြံပေးချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ
ဤအကြောင်းအရာများကို ရေးသားခြင်းသည် စိန်ခေါ်မှု တခုဖြစ်သည်။ ပထမအချက်မှာ တရားမဝင် ငွေများအား ခြေရာခံ၍ မရစေရန် ရည်ရွယ်ကာ လုပ်ဆောင်ထားသည့် အချက်တချက်ကြောင့်ပင် အဆိုပါ ငွေများကို ခဝါချထားခြင်း ဖြစ်ကြောင်း သက်သေပြရန် ခဲယဉ်းသည်။ အဆိုပါ လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေသူများသည် သူတို့အကြောင်း ထုတ်ဖော်ရေးသားသည့် ဂျာနယ်လစ်များအား တရားစွဲဆိုရန် ဝန်လေးကြသူများ မဟုတ်ပေ။ ဤပြဿနာအား ရင်ဆိုင်ရန် အကောင်းဆုံးနည်းမှာ တရားဝင် စာရွက်စာတမ်းများ အခိုင်အ မည်သူ တဦးတယောက်ကိုမျှ ရည်ညွှန်းခြင်းမရှိဘဲ ၎င်းတို့ယန္တရားကြီး အလုပ်လုပ်ပုံကို ဖော်ထုတ်ရေးသားရန်သာ ဖြစ်ပါသည်။
ဂျာနယ်လစ် တဦးအနေဖြင့် ကာစီနိုလောင်းကစားရုံ အတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ရန်မှာ အင်မတန် စွန့်စားရာကျပါသည်။ လောင်းကစားမည့်သူ တဦးအနေဖြင့် ဟန်ဆောင် အသွင်ယူကာ ဝင်ရောက်ရန် နည်းလမ်း တခုသာ ရှိပါသည်။ ဓာတ်ပုံရိုက်သည့်အခါတွင်လည်း အတတ်နိုင်ဆုံး သတိကြီးစွာ ထားရပါမည်။ (လျှို့ဝှက် သတင်းစုံစမ်းတင်ပြခြင်းအတွက် အကောင်းဆုံး နည်းလမ်းများ အကြောင်းကို GIJN ၏ အသွင်ယူ သတင်းစုံစမ်းတင်ပြခြင်း လမ်းညွှန် တွင်လည်း ဖတ်ရှုနိုင်ပါသည်။)
ထိုင်းနိုင်ငံ အပြင် မြန်မာ၊ လာအို၊ တရုတ်နှင့် ကမ္ဘောဒီးယား အစရှိသည့် နိုင်ငံများမှ ဒေသခံရဲများသည် ဒုစရိုက်သမားများထံမှ လစဉ်ကြေး ရယူထားကြလေ့ ရှိသောကြောင့် အဆိုပါ ဒေသများသို့ စွန့်စား၍ မသွားရောက်မီ အတွေ့အကြုံရှိသည့် ဂျာနယ်လစ်များနှင့် အန်ဂျီအိုဝန်ထမ်းများ အစရှိသည့် ယုံကြည်စိတ်ချရကာ လက်တွဲဆောင်ရွက်နိုင်သော ဒေသခံများကို ငှားရမ်းသင့်ပါသည်။
တချိန်တည်းတွင် ရွှေတြိဂံဒေသရှိ ကာစီနိုလောင်းကစားရုံများသို့ မသွားရောက်မီ အင်တာနက်ပေါ်ရှိ အောက်ပါလင့်ခ်များကို ရှာဖွေဖတ်ရှုလေ့လာသင့်ပါသည်−
- ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးအကြောင်းများကို ကိုယ့်ဘာသာ လေ့လာပါ။ ကမ္ဘာလုံးဆိုင်ရာ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့များ၏ ဘဏ္ဍာရေး အကြောင်းကို စောင့်ကြည့်လေ့လာနေသည့် ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) က တင်ဆက်သည့် ဝက်ဆိုက်ကို ဖတ်ရှုပါ။
- ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ အသုံးဝင်မည့် ဝက်ဆိုက်များ စာရင်း ကို ဤနေရာတွင် တွေ့နိုင်ပါသည်။
- ဒေသတွင်းရှိ ကာစီနို လောင်းကစားရုံများ၏ သတင်းအချက်အလက်များကို စုဆောင်းရန် အတွက် ကမ္ဘာ့ကာစီနိုလမ်းညွှန် ကို အသုံးပြုပါ။
- ဩစတေးလျနိုင်ငံ ရဲတပ်ဖွဲ့၏ ကပ်ကူး−စမတ်ဖင်း (cuckoo-smurfing) အဓိပ္ပာယ်ဖွင့်ဆိုချက် အား ဘဏ္ဍာရေး ပြစ်မှုဆိုင်ရာ လမ်းညွှန် နှင့် တွဲ၍ ဖတ်ရှုပါ။
- မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု ပြည်တွင်း ဈေးကွက်သို့ ကူးစက်လာခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဩစတေးလျနိုင်ငံ လိုဝီအင်စတီကျု ထုတ်ဝေသည့် စာတမ်းကို ဖတ်ရှုပါ။
- မိုင်းလားကြောင်းကို စိတ်ဝင်စားလျှင်− မကောင်းမှုဒုစရိုက်များ သွားသည့် “မူးယစ်ဆေးဝါး၊ လိင်အပျော်အပါးနှင့် မျိုးသုဉ်းပျောက်ကွယ်လုလု တိရစ္ဆာများကို ဝယ်ယူနိုင်သည့်မြို့” ဆောင်းပါးကို ဖတ်ရှုနိုင်သည်။ ယူစီ ဘာကလေရှိ အရှေ့အာရှလေ့လာရေးအင်စတီကျု (IEAS) က ဤဒေသ အကြောင်း စာတမ်းတစောင် ထုတ်ဝေလိုက်သည့် အတောအတွင်း တိုင်းမ်စ်မဂ္ဂဇင်းတွင်လည်း “မူးယစ်ဆေးဝါးနှင့် ဒုစရိုက်များ ပေကျံနေသည့်တိုင်းပြည်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ အကြောင်း ဆောင်းပါး တပုဒ် ဖော်ပြခဲ့သည်။
- လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များရှိ ကာစီနို လောင်းကစားရုံများ အကြောင်း ယူအန်ဒီအိုစီ ပြောကြားထားသည်ကို ဤနေရာတွင် ဖတ်ရှုနိုင် ပြီး သည်ဒီပလိုမက် တွင်ဖော်ပြထားသည့် ဤဆောင်းပါးတွင် “ရိုက်စား ကာစီနို ကျွန်စု” ဟု သုံးစွဲခေါ်ဝေါ်ထားသည်။
- အမေရိကန်ပြည်ထောင်စု ပိတ်ဆို့အရေးယူသည့် အမည်စာရင်းတွင် ပါဝင်သူ ဤဒေသအတွင်းမှ တရုတ် စီးပွားရေးသမား တဦး၏ လှုပ်ရှားမှုများအကြောင်းကို ဤဆောင်းပါးတွင် ဖတ်နိုင်သည်။
လေ့လာရန် ဥပမာများ
ငွေကြေးခဝါချမှုများ မည်သို့မည်ပုံ အလုပ်လုပ်သည်ကို ဖိုင်းနန့်အေးရှား၌ ၂၀၁၀ ခုနှစ် မတ်လအတွင်း ဆောင်းပါး တပုဒ် ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ရေးသားခဲ့သည့် ဆောင်းပါးဖြစ်သော်လည်း ငွေကြေးခဝါချလုပ်ငန်းတွင် လုပ်ပုံလုပ်နည်းများ အကြောင်း ရှင်းပြချက်နှင့် စုံစမ်းသိရှိရသည့် အကြောင်းအရာတို့မှာ မတိန်းမယိမ်းသာ ဖြစ်ပေလိမ့်မည်။ GIJN ကလည်း ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနှင့် ဘဏ္ဍာရေး ပြစ်မှု စုံစမ်းထောက်လှမ်းရေး လမ်းညွှန် ကို ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းလိုက်သော်လည်း ရွှေတြိဂံဒေသ၏ လက်ရှိ မြေပြင် အခြေအနေသည် အပြောင်းအလဲ မရှိချေ (နယ်စပ်ရေးရာဝန်ကြီးဌာနသည် အရပ်သား အုပ်ချုပ်ရေးအောက်တွင် မရှိဘဲ အမြဲတမ်း စစ်တပ် ထိန်းချုပ်မှုအောက်တွင်သာရှိသည်)။ ထို့ကြောင့် ၂၀၁၉ ခုနှစ်အတွင်း အေးရှားတိုင်းမ်စ် တွင် ဖော်ပြခဲ့သည့် စုံစမ်းထောက်လှမ်းရေး ဆောင်းပါး တပုဒ်ကို ဖတ်နိုင်သည်။ အဆိုပါ ဆောင်းပါးတွင် ရွှေတြိဂံဒေသ၏ တောင်ဘက်ခြမ်း ထိုင်း−မြန်မာနယ်စပ်တွင် “တရုတ်မြို့ သို့မဟုတ် တရုတ်တန်း” နှစ်ခု ပေါ်ထွက်လာကြောင်း၊ နှစ်မြို့စလုံးကို မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး တည်ဆောက်ထားပြီး ယခုအခါ “နယ်ခြားစောင့်တပ်” ဟု အမည်တွင်သည့် ကရင်လူမျိုးစု သူပုန်ဟောင်းများက ထိန်းချုပ်ထားသည်။ ပထမတမြို့မှာ ရွှေကုက္ကို ဖြစ်ပြီး ထိုင်း−မြန်မာနယ်စပ်တွင် မေးတင်လျက်ရှိသည်။ ဘန်ကောက်မြို့၏ အနောက်မြောက်ဘက် ၅၀၀ ကီလိုမီတာ၊ မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန်၏ အရှေ့ဘက် ၄၂၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင် တည်ရှိသည်ဟု ဆိုသော်လည်း သောင်ရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းက ဝင်ရောက်ရန် ပိုမိုလွယ်ကူသည်။ ကြီးမားလှသည့် အဆောက်အဦး အသစ်များကို တည်ဆောက်ထားသည်။ တချို့မှာ ဟိုတယ်များနှင့် တိုက်ခန်းများ ဖြစ်ကြပြီး တချို့မှာ စားသောက်ဆိုင်ကြီးများ၊ ကာရာအိုကေခန်းမများ၊ အလှပြင်ခန်းမများနှင့် ကာစီနို လောင်းကစားရုံများ ဖြစ်ကြသည်။ မြေအကျယ် ဧက ၂,၀၀၀ (ဟက်တာ ၈၀၀ ကျော်) ပေါ်တွင် တရုတ်က တည်ဆောက်ခဲ့သည့် စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တရားဝင် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ အေးရှားတိုင်းမ်စ် တွင် ဖော်ပြထားသည့် ဆောင်းပါးတွင် “တရုတ်နိုင်ငံပိုင် ကုမ္ပဏီ တခုဖြစ်သည့် ကျိလင်ယထိုက်အုပ်စု (Jilin Yatai Group) က နောက်ခံပြုထားပြီး မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာယထိုက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကုမ္ပဏီ အမည်ဖြင့် မှတ်ပုံတင်ခဲ့သည်။ ထို့ကြောင့် တရားဝင် စီးပွားရေးလုပ်ငန်းတခုဖြစ်သည်။ စီမံကိန်းပြီးစီးသွားလျှင် ရှော့ပင်းမောများ၊ ကုန်သွယ်ရေးစင်တာများ၊ ဂေါက်ဖ်ကွင်းများအပြင် လေယာဉ်ကွင်းပင် ပါဝင်နိုင်သည်” ဟု ရေးသားထားသည်။
အလားတူ စီမံကိန်း တခုကိုလည်း မယ်ဆောက်မြို့၏တောင်ဘက်ခြမ်း မြန်မာနိုင်ငံဘက်တွင် အကောင်အထည် ဖော်လျက်ရှိသည်။ မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည့် ကရင်လူမျိုးစုသူပုန် တဖွဲ့ ထိန်းချုပ်ရာ ဒေသ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများမှာ မကြာသေးခင်ကာလက ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခဲ့ကြသည့် တရုတ်လူမျိုးများ ဖြစ်ကြသည်။ ဖနွမ်ပင်ရှိ ဟွန်ဆင် အစိုးရက ၂၀၂၀ ခုနှစ် အတွင်း ဥပဒေအသစ် ပြဋ္ဌာန်းကာ ဆီဟာနုဗီးလ်တွင် ရှိသည့် ကာစီနိုလုပ်ငန်းများကို ကန့်သတ်လိုက်သည့်နောက်ပိုင်း မြန်မာနိုင်ငံကို ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။ ဒုတိယ ကာစီနိုဇုံ၏ အဓိက ကြိုးကိုင်သူမှာ ဝမ်ကုတ်ကွိုင် ဆိုသူဖြစ်သည်။ “သွားကျိုး” ဟူသည် နာမည်ပြောင်လည်း ရှိသည်။ “တရားမဝင် အဖွဲ့အစည်း” တခုဖြစ်သည့် 14-K အမည်ရှိ တရုတ် လျှို့ဝှက် ဒုစရိုက်ဂိုဏ်း၏ ဒေသခံ ဂိုဏ်းခွဲတွင် ပါဝင် ပတ်သက်မှုဖြင့် မကာအိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၃ နှစ်ကျခံခဲ့ရသည့် လူဆိုးဂိုဏ်းဝင် တဦးဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ဖော်ပြခဲ့သည့် ဧရာဝတီ သတင်းဌာန၏ သတင်းတပုဒ်အရဆိုလျှင် ၂၀၁၂ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီး တရားဝင်သည့် ဟန်ပန်ပေါက်သည့် ရုပ်ပြ အုပ်စုများ၊ လုပ်ငန်းများစွာကို တည်ထောင်သည်။ အင်အားကြီးမားသည့် တရုတ်စီးပွားရေး အကျိုးစီးပွားများ၏ အကူအညီ တစုံတရာ မပါဘဲ ဤကဲ့သို့ တည်ထောင်နိုင်မည် မဟုတ်ပေ။ မယ်ဆောက်တောင်ဘက်တွင် တည်ဆောက်မည့် စီမံကိန်းသည်လည်း ငွေကြေးခဝါချရန် နေရာတခုဖြစ် သံသယဖြစ်ဖွယ် ရှိပါသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လတွင် တရားမဝင် အွန်လိုင်း ကာစီနို လောင်းကစားလုပ်ငန်း တခု လုပ်ကိုင်မှုဖြင့် ဝမ်ကုတ်ကွိုင်၏ လုပ်ဖော်ကိုင်ဖက် တဦး ဘန်ကောက်တွင် အဖမ်းခံရသည်။ အဆိုပါ ပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ နယ်စပ်ရွာကလေးဖြစ်သည့် ရွှေကုက္ကိုရှိ လောင်းကစား လုပ်ငန်းများအပြင် ဖိလစ်ပိုင်နိုင်ငံမှ ထီလုပ်ငန်းတခုတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်ဟု သတင်းများ တက်လာသည်။ ရွှေကုက္ကိုနှင့် မယ်ဆောက် တောင်ဘက်ရှိ လောင်းကစားဇုန်တို့တွင် အွန်လိုင်းနှင့် အစဉ်အလာ ကာစီနိုလောင်းကစားများ ဆက်လက်လုပ်ဆောင်နေကြသည်။
တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်အတူ စုံစမ်းထောက်လှမ်းရေး သတင်းထောက်များအား ဆွဲဆောင်နေသည့် အခြားနေရာတခုမှာ လာအို၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံနယ်စပ် အနီးရှိ လာအိုနိုင်ငံရှိ ကင်းရိုမန် ကာစီနို လောင်းကစားရုံကြီး ဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်ရသည့် ဖွံ့ဖြိုးရေးစီမံကိန်းများ အနက် တခု ဖြစ်သည့် ရွှေတြိဂံအထူးစီးပွားရေးဇုန် (GTSEZ) ၏ အစိတ်အပိုင်း တခု ဖြစ်သည်။ အဆိုပါ အထူးစီးပွားရေးဇုန်တွင် တရုတ် စီးပွားရေးသမားများက ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံထားသည်။ ကင်းရိုမန် ကာစီနိုရုံကို လုပ်ကိုင်ခွင့် ၉၉ နှစ် ချထားပေးပြီး သက်တမ်းကုန်ဆုံးပါက လာအို အစိုးရထံသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။ ကင်းရိုမန်တွင် ကာစီနိုရုံ၏ အတွင်းအပြင်မှာ ချထားနိုင်သည့် ကိုယ်ပိုင် လုံခြုံရေးတပ်ဖွဲ့ ရှိသည်။ အဆိုပါ ကာစီနိုရုံများသို့ လာရောက်ကစားသူများ အနေဖြင့် စလော့စက်များ အပြင် ဘက်ကရတ်၊ ဘလက်ဂျက်နှင့် ရူးလက် အစရှိသည့် ဂိမ်းများကိုလည်း ကစားနိုင်သည်။ ၂၀၁၇ ခုနှစ်အတွင်း နယူးယောက်တိုင်းမ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတပုဒ်တွင်မူ အဆိုပါ ကာစီနို လောင်းကစားရုံတွင် တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုများ ရှိနေကြောင်း မီးမောင်းထိုးပြထားသည်။ ၎င်းနေရာတွင် ရှိသည့် တိရစ္ဆာန်ရုံ ဆိုသည်မှာ ကျားများနှင့် အခြား မျိုးတုံးလုလု တိရစ္ဆာန်မျိုးစိတ်များကို သတ်ဖြတ်သည့် နေရာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ကင်းရိုမန် သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ ငွေကြေးခဝါချမှုများနှင့် ဆက်နွှယ်နေသည်ဟု အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက သတ်မှတ်ထားသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကိုးကားအသုံးပြုနိုင်သည့် နောက်ခံအကြောင်းအရာ အမြောက်အမြား ရှိနေသော်လည်း ရွှေတြိဂံဒေသရှိ ကာစီနိုလောင်းကစားရုံများနှင့် ငွေကြေးခဝါချခြင်းအကြောင်းများ စုံစမ်းရေးသားမည် ဆိုပါက အကြောင်းအရာ အသစ်များကိုသာ ဖော်ထုတ်ရေးသားရန်သာ သတိပြုသင့်သည်။ သတင်းကိုတော့ ရေးရမည်သာဖြစ်ပြီး လုပ်နိုင်သည့် တခုတည်းသော နည်းလမ်းမှာ “ပိုက်ဆံနောက်သို့ အနံ့ခံလိုက်ကာ” မည်သူ့ အိတ်ထဲ အဆုံးသတ် ဝင်ရောက်သွားသည်ကို ရှာဖွေ ဖော်ထုတ်ရန်သာ ဖြစ်ပေသည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည် အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု