အခန်း (၂) မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး လုပ်ငန်းများတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု ပုံစံ နှစ်မျိုး ရှိသည်။ ပထမ တမျိုးမှာ အကျင့်ပျက်ခြစားခြင်း ဖြစ်ပြီး အခြားတမျိုးမှာ ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည့် ဂိုဏ်းများနှင့် အဆိုပါ ဒေသအတွင်းရှိ အစိုးရစစ်တပ်များ နိုင်ငံရေးအရ မဟာမိတ်ဖွဲ့ကြခြင်း ဖြစ်သည်။ အကျင့်ပျက် ခြစားသူများ ပါဝင်ပတ်သက်ခြင်းအား နားလည်ရန်၊ ရှင်းပြရန် လွယ်ကူပါသည်။ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု ပမာဏ မည်ရွေ့မည်မျှ ရှိသည်၊ ၎င်းနှင့် ပတ်သက်၍ နှစ်စဉ် ဒုစရိုက်လုပ်ငန်းများ မည်မျှ ဖြစ်ပေါ်နေသည်တို့ကို မည်သူမျှ အတိအကျ ပြောနိုင်ခြင်း မရှိပေ။ သို့သော် အမေရိကန် ဒေါ်လာ ဘီလီယံနှင့် ချီနိုင်သည်ဟု ယုံကြည်ရပေသည်။ ငွေကြေးပမာဏ ကြီးမားစွာ လည်ပတ်နေသည့် လုပ်ငန်းဖြစ်သည့် အလျောက် ဥပမာအားဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လစာငွေ နည်းပါးလှသည့် ဥပဒေစိုးမိုးရေး ဝန်ထမ်းများနှင့် အစိုးရ အရာရှိများက လာဘ်ထိုးသည့်ငွေကြေးများကို ငြင်းဆန်ရန် ခက်ခဲသည်မှာ အံ့ဩစရာ ကောင်းလှသည်တော့ မဟုတ်ချေ။ ထိုင်းစစ်တပ်မှ ဂုဏ်သိက္ခာရှိ အဆင့်မြင့် အရာရှိကြီး တဦး ကျွန်ုပ်အား “မြောက်ပိုင်းဆီကို ကျနော်တို့ထဲက အကောင်းဆုံးနဲ့ အရိုးသားဆုံး ဆိုတဲ့ အရာရှိကို လွှတ်နိုင်တယ်။ ဒါပေမယ့် ခြောက်လပြည့်ရင် သူ့ကို တခြားပြန်ပြောင်းပေးရတယ်။ ပြဿနာကတော့ ရှင်းရှင်းလေးပါ။ မှောင်ခိုသမားတွေက လက်တဖက်မှာ သေနတ်ကိုင်ထားပြီး နောက်တဖက်မှာ ငွေထုပ်ပိုက်ထားတယ်။ အဲဒီ အရာရှိ အနေနဲ့ ခေါင်းထဲ ကျည်ဆံ ပစ်သွင်းတာ ခံမလား၊ ဒါမှမဟုတ် ငွေကိုလက်ခံပြီးတော့ မှောင်ခိုလုပ်ငန်းတွေကို မမြင်ချင်ယောင်ဆောင်နေမလား၊ ဒီနှစ်လမ်းပဲ ရွေးစရာရှိတယ်” ဟု ပြောပြဖူးသည်။
မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများသည် တရားဝင်စီးပွားရေး လုပ်ငန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားကြသူများလည်း ဖြစ်ပြီး ထောက်လှမ်းရေး သတင်းပေးများ အဖြစ်လည်း အသုံးဝင်ခဲ့ကြောင်း သက်သေ သာဓကဟောင်းများရှိပြီး ဖြစ်သည်။
How the Corruption Works အကျင့်ပျက်မှု ဖြစ်ပေါ်လာပုံ
အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်သူများနှင့် အတော်အသင့် ချိတ်ဆက် လုပ်ကိုင်ကြသည့် ရာဇဝတ်ဂိုဏ်းများသည် ဥပဒေပြင်ပတွင် နေကြသည် ဆိုသော်လည်း လူ့အဖွဲ့အစည်း အပြင်ဘက်တွင် ရှိကြသူများ မဟုတ်ကြောင်းကို သတိချပ်သင့်သည်။ အာရှတိုက်၏ အစိတ်အပိုင်း အချို့တွင် ပြစ်မှု၊ စီးပွားရေး၊ အစိုးရနှင့် ထောက်လှမ်းရေး အဖွဲ့တို့ ထွေးရောယှက်တင် ဖြစ်နေကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများသည် တရားဝင်စီးပွားရေး လုပ်ငန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားကြသူများလည်း ဖြစ်ပြီး ထောက်လှမ်းရေး သတင်းပေးများ အဖြစ်လည်း အသုံးဝင်ခဲ့ကြောင်း သက်သေ သာဓကဟောင်းများလည်း ရှိပြီးဖြစ်သည်။ တန်ဖိုးကြီး ကုန်စည်များအား အန္တရာယ်များသည့် ဒေသများကို ဖြတ်သန်းကာ ပို့ဆောင်ရလေ့ ရှိသည်ဟူသည့် ရိုးရှင်းသော အကြောင်းပြချက် တခုနှင့်ပင် ဒေသတွင်း အခြေအနေကို သိရှိရာတွင် ၎င်းတို့အား ယှဉ်ပြိုင်နိုင်သူ မရှိတော့ကြောင်း သိသာပေသည်။ အချို့သော စာရေးဆရာများ ရေးသားကြသကဲ့သို့ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အင်ဒိုချိုင်းနား စစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုသည် မူးယစ်ဆေးဝါးမှ ရရှိသော ငွေကြေးများကို လျှို့ဝှက်စစ်ဆင်ရေးလုပ်ငန်းများ၌ အသုံးပြုသည်ဟူသည့် အချက်ကို လက်ညှိုးထိုးပြ စရာ တခုမှ မရှိချေ။ အဆိုပါ စစ်ဆင်ရေးများ ပြုလုပ်ရန်အတွက် လုံလောက်သော လျှို့ဝှက် ရန်ပုံငွေများ ရှိပြီးဖြစ်သည်။ သို့သော် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများက အမေရိကန်များ ရှိနေစဉ်အတွင်း အမြတ်ထုတ်ကြသည်။ အဖိုးတန် သတင်းအချက်အလက်များကို အမေရိကန်ထံ ပေးကာ အတုံ့အလှည့် အနေဖြင့် ၎င်းတို့၏ ဘိန်းကုန်သွယ်မှုနှင့် အခြား တရားမဝင် လုပ်ငန်းများကို အကန့်အသတ်မရှိ လုပ်ကိုင်ခွင့် ရရှိကြသည်။ ထိုအထဲတွင် တရုတ်အမျိုးသားရေးဝါဒီတပ်ဖွဲ့များ အပြင် ကွန်မြူနစ်များ ဖြစ်ကြသည့် ပသက်လာအိုနှင့် မြောက်ဗီယက်နမ်ကို တိုက်ခိုက်ရာမှာ ပါဝင်သည့် လာအိုနိုင်ငံအတွင်းရှိ တောင်ပေါ်နေ လူမျိုးစု တပ်ဖွဲ့များလည်း ပါဝင်သည်။
မြန်မာ့တပ်မတော်၏ ကာကွယ်ရေးတပ်ဖွဲ့ စီမံကိန်းသည်လည်း အစိုးရ အာဏာပိုင်များက လက်နက်ကိုင် အဖွဲ့များအား အသုံးပြုကာ အစိုးရဆန့်ကျင်ရေး သူပုန်များကို တိုက်ခိုက်စေသည့် ဗြောင်ကျလှသည့် ဥပမာ တခုဟု ဆိုနိုင်လိမ့်မည်။ ၁၉၇၃ ခုနှစ်တွင် အဆိုပါ တပ်ဖွဲ့များအား ဖျက်သိမ်းလိုက်သော်လည်း အဆိုပါ မူဝါဒကို နဂိုအတိုင်း ဆက်လက်ကျင့်သုံးခဲ့သည်။ ကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် လော်စစ်ဟန်အား ၎င်းနှစ်တွင်ပင် ဖမ်းဆီးခဲ့ရာ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် မဟုတ်ဘဲ အစိုးရက ခွင့်မပြုနိုင်သည့် ကိစ္စများကို ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော်ကို ပုန်ကန်မှု တို့ဖြင့် စွဲချက်တင်ခံရသည်။ ရန်ကုန်ရှိ အစိုးရအား နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေသည့် လူမျိုးစု တပ်မတော် တခုဖြစ်သည့် ရှမ်းပြည်တပ်မတော် (Shan State Army -SSA) နှင့် ၁၉၇၃ ခုနှစ်တွင် မဟာမိတ်ပြုရန် စီစဉ်ဆောင်ရွက်သောကြောင့် ဖြစ်သည်။
လော်စစ်ဟန်သည် သေဒဏ်ချမှတ်ခြင်း ခံရသော်လည်း ၁၉၈၀ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့ရှိ ၎င်း၏ နေရပ်ဟောင်းကို ပြန်ကာ ပြည်သူ့စစ်တပ်ဖွဲ့ အသစ် ထပ်မံ ဖွဲ့စည်းပြီး နောက်ပိုင်း ထင်ရှားသည့် စီးပွားရေးသမား တဦး ဖြစ်လာခဲ့သည်။ ၎င်းပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုကြီးများထဲမှ တခုဖြစ်လာခဲ့ပြီး နိုင်ငံတဝှမ်းရှိ ဆောက်လုပ်ရေး စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ လော်စစ်ဟန်နှင့် ၎င်း၏သား စတီဖင်လော တို့သည် “မြန်မာစစ်အစိုးရ၏ အဓိက ဘဏ္ဍာရေး ထောက်တိုင်များ” ဖြစ်သည်ဟု အမေရိကန်အစိုးရက တခါ ဖော်ပြခဲ့ဖူးသည်။ လော်စစ်ဟန် သည် ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ် ဂျူလိုင်လ ၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ မြို့တော်ဟောင်းတွင် ၎င်း၏ ဈာပနကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သည်။ ဒေသခံ ဗီဒီယို သတင်းထောက် တဦးက လော်စစ်ဟန်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဗီဒီယိုရိုက်ကူးဖို့ ကြိုးစားရာတွင် လော်စစ်ဟန်၏ ကိုယ်ပိုင် လုံခြုံရေးများက တားဆီးခဲ့သည်။ နေအိမ်၏ အပြင်ဘက် လမ်းပေါ်တွင်မူ ရဲတပ်ဖွဲ့ဝင်များက ချထားကာ လုံခြုံရေးယူထားသည်ကို တွေ့ရသည်။
ရွှေတြိဂံဒေသ၏ အခြား အဓိက ဘိန်းဘုရင် တဦးဖြစ်သူ ခွန်ဆာ သည် ရှမ်းပြည်တပ်မတော် (SSA) နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ၁၉၆၉ ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။ ၎င်း၏ ကာကွယ်ရေးတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်သော်လည်း ၎င်း၏နောက်လိုက်များက တောခိုသွားကြပြီး တောင်ကြီးမြို့ရှိ ဆေးရုံ တရုံမှ ဆိုဗီယက် ဆရာဝန် နှစ်ဦးကို ပြန်ပေးဆွဲကာ ခွန်ဆာနှင့် အလှဲအလှယ်လုပ်ရန် တောင်းဆိုခဲ့ကြသည်။ ၁၉၇၇ မှ ၁၉၈၀ ခုနှစ် အထိ ဝန်ကြီးချုပ် အဖြစ် ထမ်းဆောင်ခဲ့သည့် ဩဇာကြီးမားလှသည့် ထိုင်းဗိုလ်ချုပ်ကြီး တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ကရိုင်ဆတ် ချိုမာနန် က ဤကိစ္စ၌ ကြားဝင်ခဲ့သည်။ ထို့ကြောင့် ၁၉၇၄ ခုနှစ်တွင် ဆရာဝန် နှစ်ဦးအား ထိုင်းနိုင်ငံတွင် ပြန်လွှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံ အကျဉ်းထောင် အတွင်းရှိ ခွန်ဆာ အားလည်း ပြန်လွှတ်ပေးခဲ့ရသည်။ ခွန်ဆာလည်း ထိုင်းနယ်စပ်သို့ ဆင်းလာပြီး ရှမ်းညီညွတ်ရေးတပ်မတော် (Shan United Army -SUA) အမည်ဖြင့် တပ်ဖွဲ့ အသစ် ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း မြန်မာနယ်စပ်နှင့် ကီလိုမီတာ အနည်းငယ် ဝေးသည့်နေရာရှိ ဘန်ဟင်တက် တွင် အခြေစိုက်ခဲ့သည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ခွန်ဆာ သည် ကရိုင်ဆတ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ခဲ့ပြီး ၁၉၈၁ ခုနှစ် အတွင်း ဗိုလ်ချုပ်ကြီး ရွေးကောက်ပွဲဝင်ရန် အတွက် မဲဆွယ်စရိတ် အဖြစ် ဘိန်းဘုရင်ကြီးက အမေရိကန် ဒေါ်လာ ငါးသောင်း လျှို့ဝှက်စွာ ထောက်ပံ့ခဲ့သည်ဟု ထိုအချိန်က ခွန်ဆာ၏ အနီးကပ် လူယုံ တဦးက ကျွန်ုပ်အား ပြောပြဖူးပါသည်။
ထိုင်း−မြန်မာ နယ်စပ်တလျှောက် ဘိန်းချက်စခန်းများ အစီအရီ တည်ရှိနေပြီး ဘိန်းဖြူ ပမာဏ အမြောက်အမြား ထွက်ရှိလာခြင်းကြောင့် ခွန်ဆာ တည်ရှိနေခြင်းသည် ထိုင်းနိုင်ငံအဖို့ နိုင်ငံတကာတွင် အရှက်ရစေခဲ့သည်။ ထို့ကြောင့် ၁၉၈၂ ခုနှစ်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ခွန်ဆာနှင့် ၎င်း၏ SUA တပ်ဖွဲ့အား မြန်မာနိုင်ငံဘက်သို့ တိုက်ထုတ်ခဲ့ကြသည်။ ဘန်ဟင်တက်နှင့် အနီးအနားတွင် အခြေစိုက်သည့် ထိုင်းတပ်ဖွဲ့များအား ခွန်ဆာ က လစဉ် ပေးကမ်းထားပြီး ဖြစ်သောကြောင့် ၎င်းအား တိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံ အခြားဒေသမှ တပ်ဖွဲ့များကို အသုံးပြုခဲ့ရသည်။ သို့သော် အချိန်တိုအတွင်း၌ပင် ခွန်ဆာက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နှင့် မျက်နှာချင်း မြန်မာနိုင်ငံဘက်ခြမ်းရှိ ဟိုမိန်းတွင် ဌာနချုပ်အသစ် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ လုံခြုံရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ခဲ့သည်။ ခွန်ဆာ၏ အဖွဲ့သည် ထိုင်းအာဏာပိုင်များ အတွက် မြန်မာနိုင်ငံ အတွင်းနှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ကြားဒေသများမှ ထောက်လှမ်းရေးသတင်းများယူပေးသည်။ ထို့အပြင် ၎င်း၏အဖွဲ့သည် ထိုင်းနိုင်ငံ အတွင်းရှိ ဆောက်လုပ်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံကာ စီးပွားရေး လုပ်ငန်းများကို တည်ဆောက်ခဲ့သည်။
မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် အစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုကို စုံစမ်းထောက်လှမ်းရန်မှာ တရားတဘောင် ရင်ဆိုင်ရဖွယ်ရှိသည့်အပြင် တာဝန်အလွဲသုံးစား လုပ်မှုများ မှန်ကန်ကြောင်း တရားရုံးတွင် သက်သေပြရန် ခက်ခဲသောကြောင့် အတော်စွန့်စားရပါလိမ့်မည်။
တချိန်တည်းတွင် ခွန်ဆာ သည် မြန်မာစစ်တပ်၊ မြန်မာထောက်လှမ်းရေးတပ်ဖွဲ့ တို့နှင့်လည်း ဆက်သွယ်ခဲ့သည်။ မြန်မာစစ်တပ်သည် လူမျိုးစုနှင့် ကွန်မြူနစ် သူပုန်များအား တိုက်ခိုက်ရန် အတွက် ခွန်ဆာ မြန်မာနိုင်ငံတွင် တည်ရှိနေမှုကို အောက်အီးသည်းခံခဲ့ကြသည်။ ထို့ကြောင့် ဟိုမိန်းဌာနချုပ်ကို မြန်မာစစ်တပ်က တိုက်ခိုက်ခြင်း မရှိဘဲနှင့် ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ခွန်ဆာ က လက်နက်ချကာ ရန်ကုန်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ သူ့တပ်ဖွဲ့ကို ဖျက်သိမ်းပြီး ငွေကြေး ပမာဏ အမြောက်အမြားကို မြန်မာဘဏ်များသို့ လွှဲပြောင်းကာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ခွန်ဆာ သည် ရန်ကုန်မြို့၌ပင် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ယနေ့ခေတ် မူးယစ်ရာဇာများသည် လောစစ်ဟန်နှင့် ခွန်ဆာ တို့ကဲ့သို့ လူသိထင်ရှား ဟန်တလုံးပန်တလုံး မရှိတော့ပေ။ မျိုးဆက်သစ် မှောင်ခိုသမားများသည် တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေထိုင်ကြပြီး ဘိန်း၊ ဘိန်းဖြူတို့ အစား မက်သဖက်တမင်းကဲ့သို့သော မူးယစ်ဆေးဝါးများကိုသာ ထုတ်လုပ် ရောင်းချကြတော့သည်။ သို့သော် ၎င်းတို့နှင့် မြန်မာစစ်တပ်ကြားရှိ ဆက်ဆံရေးမှာမူ မပြောင်းမလဲ နဂိုအတိုင်းသာ ဆက်လက် တည်ရှိနေပါသည်။ မြန်မာနိုင်ငံတွင်းရှိ လူမျိုးစုသူပုန်တပ်များကို တိုက်ခိုက်ပေးရမည်။ အပြန်အလှန်အားဖြင့် မူးယစ်ဆေးဝါး ကုန်သွယ်ခွင့်ကို ရရှိပါသည်။ ရရှိလာသည့် အကျိုးအမြတ်များကို နိုင်ငံတွင်း စီးပွားရေး လုပ်ငန်းများ တည်ထောင်ပါတော့သည်။
အကြံပြုချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု ရုတ်ချည်းတိုးပွားသည်ဟု သတင်းများ တက်လာပါသည်။ သို့သော် ဝေဖန်သူတို့မှာလည်း မသေချာလှပါ။
မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် အစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုကို စုံစမ်းထောက်လှမ်းခြင်းသည် တရားတဘောင် ရင်ဆိုင်ရဖွယ်ရှိသည့်အပြင် အဆိုပါ တာဝန်အလွဲသုံးစား လုပ်မှုများ မှန်ကန်ကြောင်းအား တရားရုံးတွင် သက်သေပြရန် ခက်ခဲသောကြောင့် အလွန်စွန့်စားရပါလိမ့်မည်။ အကျင့်ပျက်ခြစားမှုနှင့် ကြံရာပါမှုများ အကြောင်း စုံစမ်းထောက်လှမ်းမည် ဆိုပါက သတိကြီးကြီး ထားရမည့် အပြင် ရှေ့နေရှေ့ရပ်များနှင့်လည်း တိုင်ပင်ရပါလိမ့်မည်။ ဤသတင်းမျိုး စုံစမ်းမည် ဆိုပါက အင်မတန် ခိုင်လုံကာ ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များ လိုအပါသည်။ သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း ကာကွယ်ပေးရပါမည်။ သို့သော် အွန်လိုင်းပေါ်တွင် ရရှိတဲ့ အကြောင်းအရာများနှင့်ပင် ဆောင်းပါးကောင်း အချို့ ရေးနိုင်ပါသည်။
အမေရိကန် ပညာရှင် ဂျွန် ဗျူခါနန် သည် ၂၀၁၆ ခုနှစ် အတွင်း ရွှေတြိဂံဒေသရှိ အစိုးရ အသိအမှတ်ပြု ပြည်သူ့စစ်များ အကြောင်း ရွှေတြိဂံဒေသရှိ အစိုးရ အသိအမှတ်ပြု ပြည်သူ့စစ်များ အကြောင်း အသေးစိတ် သုတေသနလုပ်ခဲ့သည်။ အဆိုပါ ပြည်သူ့စစ်များ၏ ဖွဲ့စည်းပုံ၊ လှုပ်ရှားရာ ဒေသ၊ မြန်မာစစ်တပ်၊ အခြားအစိုးရ အာဏာပိုင်များနှင့် မည်သို့ ဆက်ဆံရေးရှိပုံတို့ ဖြစ်သည်။ ထရန်စ်နေရှင်နယ် အင်စတီကျုကလည်း အသုံးဝင်လှသည့် အစီရင်ခံစာများကို ထုတ်ဝေခဲ့သည်။
ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက်အခြမ်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဒေသများအတွင်း အခြေအနေများ အမြဲပြောင်းလဲနေတတ် သဖြင့် အွန်လိုင်း အရင်းအမြစ်များမှ ရရှိလာသည့် သတင်းအချက်အလက်များကို ပြန်လှန် တိုက်ဆိုင် စိစစ်ကာ မွမ်းမံသင့်သည်။ မဟာမိတ်များ ကွဲပြဲကြခြင်း၊ အသစ်ဖွဲ့ကြခြင်း ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးနိုင်ငံရေး၏ သဘောသဘာဝ ဖြစ်၍ ဒေသတွင်း တရားဥပဒေစိုးမိုးမှုထက် နိုင်ငံရေးကို ပိုဂရုစိုက်ကာ လုပ်ကိုင်ရသည်ကိုလည်း သတိပြုသင့်ပေသည်။
ဥပမာအားဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု ရုတ်ချည်းတိုးပွားသည်ဟု သတင်းများ တက်လာပါသည်။
အာဏာသိမ်းပြီးနောက် တရားမဝင် ရောင်းဝယ်မှုများ မြင့်တက်လာခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှာ လူထုအုံကြွမှုများအား နှိမ်နင်းရန် အတွက် မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းများတွင် အသုံးပြုသည့် နယ်စပ်ဒေများရှိ တပ်ဖွဲ့များအား နိုင်ငံ၏အလယ်ပိုင်းဒေသသို့ ရွှေ့ပြောင်းလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးနှင့် အခြား နိုင်ငံတကာအဖွဲ့အစည်းများက ဆိုကြပါသည်။ သို့သော်လည်း ဝေဖန်သူများ၏ ရှုထောင့်မှာ တမျိုးဖြစ်သည်။ မြန်မာစစ်တပ်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု အပေါ် စစ်ဆင်ရေး ဟုတ်တိပတ်တိ လုပ်ဖူးသည့် သမိုင်းကြောင်း မရှိဟု ၎င်းတို့က ဆိုကြသည်။ အခြား တဖက်တွင်လည်း ငွေကြေး အကျိုးအမြတ်သော်လည်းကောင်း၊ သူပုန်များကို တိုက်ခိုက်ရာတွင် အသုံးဝင်သည့် အတွက်ကြောင့်လည်းကောင်း မူးယစ်ဆေးဝါး ရောင်းဝယ်ကြသည့် ပြည်သူ့စစ်များက စစ်တပ်သည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများနှင့် တနည်းမဟုတ် တနည်းဖြင့် နားလည်မှုယူထားကြသည်။
ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး အမှန်တကယ် ပိုမို ထုတ်လုပ်နေကြခြင်း ရှိမရှိနှင့် ပတ်သက်၍လည်း ငြင်းခုံရဖွယ်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်မှ စတင်၍ မူးယစ်ဆေးဝါး ဖမ်းဆီးရမှု မြင့်တက်လာခဲ့ရခြင်းသည် အခြားအကြောင်းရင်းများကြောင့် ဖြစ်နိုင်ပြီး ထုတ်လုပ်မှု မြင့်တက်လာသောကြောင့် ဖြစ်သည်ဟု အလွယ်တကူ အဓိပ္ပာယ်ကောက်ယူရန် မသင့်ကြောင်း ထရန်စ်နေရှင်နယ် အင်စတီကျု (TNI) က သတိပြုမိသည်။ ထို့ကြောင့် ထုတ်လုပ်မှု အဆမတန် တိုးမြင့်လာခြင်းကို သတိနှင့် စောင့်ကြည့်သင့်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထုတ် အစီရင်ခံစာ တစောင် တွင် TNI က ဖော်ပြထားသည်။
၂၀၂၂ ခုနှစ် ဂျွန်လတွင် မြန်မာစစ်အစိုးရက ကုလသမဂ္ဂ၏ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကျင်းပ၍ အမေရိကန်ဒေါ်လာ ၆၄၂ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဟုဆိုကာ မီးရှို့ဖျက်ဆီးပြခဲ့သည်။ သို့သော် ဤသို့သော အများမြင်သာအောင် လုပ်ပြသည့်ပွဲသည် “ဆယ်စုနှစ်များစွာ လုပ်ခဲ့လေ့ရှိသည့် လှည့်ကွက်” သာ ဖြစ်ကြောင်း လွတ်လပ်သည့် သုတေသီ တဦးဖြစ်သူ ဒေးဗစ် မက်သီဆန် က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
“စစ်တပ်ကလည်း မူးယစ်ဆေးဝါးကို ပပျောက်ရေးကို အလေးပေး လုပ်နေချင်ယောင်ဆောင်တယ်။ ဒါကို အနောက်နိုင်ငံတွေကလည်း ယုံချင်ယောင်ဆောင်ကြတယ်” ဟု မက်သီဆန် က အေအက်ဖ်ပီ သတင်းဌာနအား ပြောကြားခဲ့သေးသည်။ “[မြန်မာနိုင်ငံ] ပဋိပက္ခဒေသတွေမှာ တည်ငြိမ်မှု အာမခံနိုင်ဖို့အတွက် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်နေတာကို အကာအကွယ် ပေးနေတဲ့ နေရာမှာ စစ်တပ်က အမြဲတမ်းလိုလို ပါဝင် ပတ်သက်နေတယ်” ဟုလည်း သူက ထောက်ပြခဲ့သေးသည်။
လေ့လာရန် ဥပမာများ
ထိုင်းနိုင်ငံ အတွင်း အကျင့်ပျက်ခြစား လာဘ်ပေးလာဘ်ယူမှုများ အကြောင်းကို သိရှိလိုလျှင် ထိုင်းပညာရှင်များ ဖြစ်ကြသည့် ဖာဆွတ် ဖုံဖိုင်ကျစ်နှင့် ဆွန်ဆစ် ပီရီယရန်ဆန် တို့ ရေးသားသည့် “ထိုင်းနိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုနှင့် ဒီမိုကရေစီ (Corruption and Democracy in Thailand)” ကို ဖတ်ရှုသင့်သည်။ ၂၀၀၅ ခုနှစ်က ထုတ်ဝေခဲ့သည် ဆိုသော်လည်း အခြေခံ စိစစ်တွေ့ရှိချက်နှင့် သုံးသပ်ချက်များမှ အသုံးဝင်နေဆဲ ဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပြဿနာတွင် ပါဝင်ပတ်သက်မှုနှင့် ၎င်းက ဆက်လက်တည်တံ့စေသည့် ယုံတမ်းများအကြောင်းကို ဘာတီး(လ်) လင့်တနာ က အဝေးရောက် မြန်မာနိုင်ငံသားများ စီမံလုပ်ကိုင်နေသည့် ဧရာဝတီ, ဝက်ဆိုက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည့် ဆောင်းပါး တပုဒ် တွင်လည်း “အမှန်မှာမူ အစိုးရ တာဝန်ရှိသူများ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသည်ကို ယူအန်အိုဒီစီက နှစ်ရှည်လများ ဖုံးကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများကိုသာ အပြစ်ပုံချခဲ့သည်” ပါရှိပါသည်။
မြန်မာ စာရေးဆရာ ကျော်လင်းထွန်း ကလည်း ပန်းဆေး ပြည်သူ့စစ်အကြောင်း စုံစမ်းထောက်လှမ်းကာ မြန်မာနိုင်ငံက အပတ်စဉ်ထုတ် စာစောင် တခုဖြစ်သည့် ဖရန်တီယာ မှာ ရေးသားဖော်ပြခဲ့သည်။ ဤပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှိပြီး မြန်မာစစ်တပ်နှင့် လက်တွဲ လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။ “လောင်းကစား၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုနှင့် လိင်လုပ်ငန်းများ ပွင့်လင်းစွာ တည်ရှိနေသည့် (နယ်စပ်မြို့ဖြစ်သော) မူစယ်မြို့နှင့် အနီးတဝိုက်အပြင် မြန်မာနှင့် တရုတ် နိုင်ငံအကြား တရားဝင် နယ်စပ်ဂိတ် သုံးခုနှင့်လည်း နီးစပ်လျက်ရှိသည့် ဒေသများတွင် “ အခြေစိုက် လှုပ်ရှားလျက် ရှိသည်။ ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့များက အစိုးရ၏ အသိအမှတ်ပြုမှုကိုလည်း ခံကြရသေးသည်။ ဥပမာအားဖြင့် ပန်းဆေး ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်သည့် ကျော်မြင့် သည် ၂၀၁၀−၂၀၁၅ ခုနှစ် အတွင်း (မြန်မာနိုင်ငံ အတွင်းက ပြည်နယ်လွှတ်တော် တခုဖြစ်သည့်) ရှမ်းပြည်နယ် လွှတ်တော်၌ မူစယ် ကိုယ်စားပြု ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးလေသည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည် အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း