အခန်း (၆) အခြား ဒုစရိုက်လုပ်ငန်းများ
ရွှေတြိဂံဒေသသည် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုလုပ်ငန်းနှင့် တရားမဝင် လူရွှေ့ပြောင်းမှုများ အပြင် ဥပဒေနှင့် မညီသည့် သတ္တု တူးဖော်မှု၊ သစ်ခုတ်မှု၊ ရှေးဟောင်းပစ္စည်း ရောင်းဝယ်မှုနှင့် လက်နက် ထုတ်လုပ်မှုများ ရှိနေသည့် ကမ္ဘာ့ထိပ်တန်းဒေသများအနက် တခုဖြစ်လာပါသည်။
အဆိုပါ တရားမဝင် လုပ်ငန်းများ အနက် မြန်မာနိုင်ငံ ရှမ်းပြည်နယ် ဝ ဒေသနှင့် ကချင်ပြည်နယ် တရုတ်နယ်စပ် အနီးတွင် မြေရှားသတ္တု တူးဖော်မှုသည် အမြတ်အစွန်း အများဆုံး လုပ်ငန်းဖြစ်သည်။ အီလက်ထရောနစ်ပစ္စည်းများဖြစ်သည့် ဆဲလ်ဖုန်း၊ ကွန်ပျူတာ၊ လျှပ်စစ်ကားနှင့် ကာကွယ်ရေး ပစ္စည်းများ ဖြစ်သည့် ပဲ့ကိုင်ဆစ်ဆတမ်၊ လေဆာ၊ ရေဒါ၊ ဆိုနာ အသံလှိုင်းပဲ့တန်ပြန်မှုဖြင့် ရေအောက်ရှိ အရာဝတ္တုများရှာဖွေသည့် ကိရိရာများ ထုတ်လုပ်မှုတွင် မြေရှားသတ္တုသည် မရှိမဖြစ်လိုအပ်သည့် အရာ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဤမြေရှားသတ္တု တူးဖော် တင်ပို့ရန် တရားဝင် လိုင်စင်များ ထုတ်ပေးခြင်း မရှိသောကြောင့် တရားမဝင် တူးဖော်ကြခြင်းဖြစ်သည်။ သို့သော် မြေရှားသတ္တုမိုင်း အများစုကို ထိန်းချုပ်ထားသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် လက်မှတ်ရေးထိုးထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကြောင့် မြန်မာစစ်တပ်က မျက်နှာလွှဲထားခဲ့သည်။ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းသည် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် အတွက် အဓိက ဝင်ငွေတခု ဖြစ်လာပြီး အမြတ်ရရှိမှု အနေအထားနှင့် ဆိုရလျှင် မူးယစ်ဆေးဝါး ကုန်သွယ်မှုကိုပင် ပုခုံးချင်းယှဉ်လာနိုင်ပြီ ဖြစ်သည်။ ဤသတ္တုများအား တရုတ်နိုင်ငံသို့ အဓိကဦးတည်တင်ပို့ကာ အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းတွင် အသုံးပြုပါသည်။ နိုင်ငံခြားသားအနေဖြင့် ဤသတ္တုများ ဘယ်က လာသည်ကို မသိကြပါ။ ကျောက်စိမ်းကိုလည်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ဆယ်စုနှစ်ပေါင်းစွာ ကတည်းက မှောင်ခိုခိုးထုတ်နေကြခြင်း ဖြစ်သည်။ သို့သော် အချို့ ကုမ္ပဏီများနှင့် ကုန်သည်များသည် ကျောက်စိမ်းတင်ပို့ခွင့် လိုင်စင်များရှိကြသဖြင့် ဤလုပ်ငန်းသည် တပိုင်းတစ တရားဝင်သည့် လုပ်ငန်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
သူပုန်အဖွဲ့ဟောင်းများ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ တည်ထောင်ပေးခြင်းသည် … ရွှေတြိဂံဒေသအား စိတ်ကူးလို့ရသမျှ ဒုစရိုက်မှု အမျိုးအစားတိုင်း လုပ်ကိုင်လို့ ရမည့်နေရာတခု အဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်ပေသည်။
ဘုရားပုထိုးကျောင်းကန်များမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ၊ ပေစာများအပြင် ရှေးဟောင်း ဒင်္ဂါးများ၊ လက်ဝတ်တန်ဆာများနှင့် လက်မှုအနုပညာလက်ရာများ အစရှိသည့် ရှေးဟောင်းပစ္စည်းများအား မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ခိုးထုတ်ကြပါသည်။ နိုင်ငံတကာမှ အထူးသဖြင့် အနောက်နိုင်ငံများက ကြီးကြပ်ကာ ၎င်းတို့နိုင်ငံများသို့ တင်သွင်းရန် တားမြစ်လာသောကြောင့် ရှေးဟောင်းပစ္စည်း တရားမဝင် ရောင်းဝယ်ရန် ပိုမိုခက်ခဲလာသည်။ သို့သော် တရုတ်နိုင်ငံမှ ဝယ်ယူသည့် ပမာဏ ဖြည်းဖြည်းချင်း တိုးတက်လာသည်။ အထူးသဖြင့် ရှေးဟောင်းနှင့် အလှဆင် ပုတီးကုံးများကို ဝယ်ယူလိုကြသည်။
၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းနှင့် ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းတို့တွင် ဒေသတွင်း၌ သစ်ကုန်သွယ်မှု အကြီးအကျယ် ထွန်းကားခဲ့သောကြောင့် မြန်မာနိုင်ငံ အတွင်းရှိ သစ်တောဧရိယာများ ပြောင်းတလင်းခါ သလောက် ဖြစ်သွားရသည်။ တရားမဝင် သစ်များကို အဓိက ဝယ်ယူနေသည့် တရုတ်နိုင်ငံဘက်မှ ပို့ကုန်ကန့်သတ်ချက်များ ချမှတ်လိုက်သောကြောင့် တရားဝင်လုပ်ကိုင်နေသည့် သစ်လုပ်ငန်းနှင့်အတူ တရားမဝင် လုပ်ကိုင်နေသည့် သစ်လုပ်ငန်းသည်လည်း ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း လျော့နည်းလာခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းမှ သစ်တောများ ပြောင်တလင်းခါသွားသည်လည်း အကြောင်းရင်း တခုဖြစ်သည်။ အထက်ဖော်ပြပါ ကုန်စည်များအားလုံး၏ ကုန်သွယ်မှု ပမာဏ အတိအကျကိုဖြင့် မသိနိုင်ပါ။ အားလုံးကို စုစည်းကာ တွက်ချက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိပေလိမ့်မည်။
သေနတ်များကို ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ လျှို့ဝှက်စက်ရုံများမှ ထုတ်လုပ်နေကြပြီး ဒေသတွင်း၌ အသုံးပြုကြရုံသာမက ရောင်းချကြသေးသည်။ သေနတ်ထုတ်လုပ်ခြင်းသည် ကချင်ပြည်နယ် အတွင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့ဝင်ဟောင်း သူပုန်အဖွဲ့၏ အဓိက အရေးပါသော ဝင်ငွေ တခု ဖြစ်နေဆဲပင်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့သည်လည်း တရုတ်နိုင်ငံမှ ကုန်ကြမ်းများကို မှောင်ခိုတင်သွင်းကာ တရုတ်အင်ဂျင်နီယာများ အကူအညီဖြင့် သေနတ်များ ထုတ်လုပ်ကာ ၎င်းတို့တပ်ဖွဲ့များကို လက်နက်တပ်ဆင်ကြသည်။ အဆိုပါ ဒေသတွင်း၌ ထုတ်လုပ်သော သေနတ်များသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသရှိ နာဂလန်းနှင့် မဏိပူရရှိ လူမျိုးစု သူပုန်အဖွဲ့များထံသို့ပင် ရောက်ရှိနေသောကြောင့် ဤသေနတ် ထုတ်လုပ်မှုများသည် ဒေသတွင်း၌ စိုးရိမ်စရာ ကိစ္စ တခု ဖြစ်လာခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် ရွှေတြိဂံဒေသတွင်း၌ ဥပဒေကင်းမဲ့သည့် အနေအထားဖြစ်လာခဲ့သည့်အပြင် မြန်မာစစ်တပ်က သူပုန်အဖွဲ့များစွာနှင့် ၁၉၈၉ ခုနှစ် ကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည့် အကျိုးဆက်ကြောင့်လည်း ကောင်းမွန်လာမည့် အစား ပိုမိုဆိုးဝါးလာစေသည်။ သူပုန်အဖွဲ့ဟောင်းများ အနေဖြင့် ၎င်းတို့ဘာသာ ရပ်တည်နိုင်ရန်အတွက် စိတ်ကြိုက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည် ဆိုသည့် ကတိများနှင့်အတူ ၎င်းတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ တည်ထောင်ပေးခြင်းသည် ရွှေတြိဂံဒေသအား စိတ်ကူးလို့ရသမျှ ဒုစရိုက်မှု အမျိုးအစားတိုင်း လုပ်ကိုင်လို့ ရမည့်နေရာတခု အဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်ပေသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ ရုတ်ချည်းမြင့်တက်လာသည်။ ပထမတော့ ဘိန်း၊ နောက်တော့ ဘိန်းဖြူနှင့် ယခုအခါ မက်သဖက်တမင်းများ အထိ ထုတ်လုပ်ကြသည့်အပြင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် သတ္တုတွင်းထွက်များကိုလည်း ရောင်းချကြတော့သည်။
သွေးစွန်းသည့် ကျောက်စိမ်း ကုန်သွယ်မှု
ယခုခေတ်အခါ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ရောင်းဝယ်နေကြသည့် တွင်းထွက်ပစ္စည်းများ အားလုံးအနက် ကျောက်စိမ်းကုန်သွယ်မှုသည် ရှေးအကျဆုံး လုပ်ငန်း ဖြစ်သည်။ အရည်အသွေးမြင့် တော်ဝင်စံထိုက်သည့် ကျောက်စိမ်းများကို ကချင်ပြည်နယ် အနောက်ပိုင်း ဖားကန့်ဒေသတွင်သာ တွေ့ရှိနိုင်ကာ လွန်ခဲ့သည့် နှစ်ပေါင်း ၁,၀၀၀ ကျော်ကတည်းက တူးဖော်လာခဲ့ကြသည်။ ကျောက်စိမ်းသည် တရုတ်ယဉ်ကျေးမှုတွင် ယုံကြည်ကိုးကွယ်မှုအရ အရေးပါဆုံး အရာ တခုဖြစ်ကာ “ကောင်းကင်ဘုံ ကျောက်မျက်ရတနာ” ဟု တင်စားခေါ်ဝေါ်ကြသည်။ ကျောက်စိမ်းအား အဓိက ဝယ်ယူသည့် ဈေးကွက်မှာလည်း တရုတ်နိုင်ငံသာ ဖြစ်သည်။ စစ်ပွဲများနှင့် တော်လှန်ရေးများ ဖြစ်ပွားနေချိန်ကလွဲ၍ ကုန်သွယ်မှု ပြတ်တောက်သွားခြင်း မရှိခဲ့။ နယ်စပ်များကို ဖွင့်လှစ်ထားသည့်အခါတွင် ကျောက်စိမ်း ကုန်သွယ်မှုသည် တရားဝင် လုပ်ငန်း ဖြစ်သည်။ သို့သော် နယ်စပ်များကို ပိတ်ထားသည့်အခါ ဥပမာအားဖြင့် စစ်တပ်၏ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ခေတ် (၁၉၆၂−၁၉၈၈) တွင် ကျောက်စိမ်း ကုန်သွယ်မှုသည် တရားမဝင် လုပ်ငန်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံကို အုပ်ချုပ်သည့် စစ်တပ်၏ အကျင့်ပျက်ခြစားမှုကြောင့် တရားမဝင် ခိုးထုတ်နေကြဆဲပင် ဖြစ်သည်။ ကျောက်စိမ်းများအား တရုတ်နိုင်ငံသို့ နေ့စဉ် တင်ပို့နေကြရာတွင် အခွန်နှင့် အခြား အဖိုးအခများကို ရှောင်နိုင်ရန် ခိုးထုတ်ကြသည်။
တရုတ်နိုင်ငံ ပြည်တွင်းစစ် ပြီးဆုံး၍ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်လိုက်ပြီးသည့်နောက် နယ်စပ် ကုန်သွယ်ရေးများ ရပ်တံ့သွားခဲ့သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် လွတ်လပ်သည့် ဈေးကွက်အဖြစ် စတင်ပြောင်းလဲခဲ့ကြသည့် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းတွင် ပြန်လည် စတင်နိုင်ခဲ့သည်။ ထိုအချိန်အထိ မြန်မာနိုင်ငံမြောက်ပိုင်းမှ ကျောက်စိမ်းများကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်သို့ မှောင်ခိုခိုးထုတ်ကြသည့်။ ကျောက်စိမ်းသည် ထိုင်းနိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသည့် ကုန်စည် မဟုတ်သည့် အတွက်ကြောင့် ကုန်ပစ္စည်းတင်ပို့သူတို့ အနေဖြင့် ကျောက်များအား ဟောင်ကောင်၊ ထိုင်ဝမ်နှင့် စင်္ကာပူရှိ ဝယ်လက်များဆီသို့ တရားဝင် ရောင်းချနိုင်ပေသည်။
ကချင်ပြည်နယ်မှ မြို့နယ်တခုဖြစ်သည့် ဖားကန့်သည် သတ်မှတ်ချက်များအရ ရွှေတြိဂံဒေသ အတွင်း ပါဝင်ခြင်း မရှိပေ။ သို့သော် ဖားကန့်မှ ထွက်သည့် တရားမဝင် ကျောက်စိမ်းများအား အမျိုးမျိုးသော သူပုန်အဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များက ရောင်းဝယ်ကြသည်။ ၎င်းတို့အနက် အချို့အဖွဲ့များသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင်လည်း ပါဝင်ပတ်သက်ကြသည်။ ကေအိုင်အေသည် ကျောက်စိမ်းတွင်းပတ်ဝန်းကျင် ဒေသများကို ထိန်းချုပ်ထားသည် (ကျောက်စိမ်းတွင်းများအား ထိန်းချုပ်ထားခြင်း မဟုတ်)။ ထို့ကြောင့် ကျောက်စိမ်း ရောင်းဝယ်မှု အပေါ် အခွန်ကောက်နိုင်ကြသည်။ ဆယ်စုနှစ်များစွာပင် မြန်မာနိုင်ငံ ဥပဒေအရ ကျောက်စိမ်း တူးဖော်ခြင်းသည် တရားဝင်ခြင်း မရှိပေ။ သို့သော် ဒေသတွင်းရှိ အကျင့်ပျက် အစိုးရအရာရှိများ အတွက် ကြီးမားသည့် ဝင်ငွေ တခုဖြစ်သောကြောင့် မသိကျိုးကျွံ့ပြုထားခြင်းခံရသည်။ ကေအိုင်အေကလည်း ကျောက်စိမ်းများအား လားဝန်တင်တန်းဖြင့် တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန် စခန်းများရှိသည့် ထိုင်းနယ်စပ်အရောက် သယ်ယူပို့ဆောင်ပေးသည်။
ကူမင်တန်တို့၏ စခန်းများသည်လည်း ခိုးကြောင်ခိုးဝှက် စခန်းများ မဟုတ်။ ထိုင်းအစိုးရက ကူမင်တန်များအား အထူး နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသိအမှတ်ပြုထားပြီး ၎င်းတပ်ဖွဲ့များ လုပ်ကိုင်သည့် မူးယစ်ဆေးဝါးနှင့် ကျောက်စိမ်း အစရှိသည့် စီးပွားရေး လုပ်ငန်းများအား လစ်လျူရှုထားသည်။ ထင်ရှားသည့် ကူမင်တန် အရာရှိကြီး တဦးဖြစ်သည့် လီဝင်ဟွမ် သည် မြန်မာနယ်စပ်အနီးရှိ ထမ်ငေါ့ပ်တွင် စခန်း တခုရှိပြီး ချင်းမိုင်မြို့တွင် စံအိမ်ကြီး တလုံးရှိသည်။ ၎င်းသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပတ်သက်နေသကဲ့သို့ ကျောက်စိမ်းလုပ်ငန်းတွင်လည်း ပါဝင်နေသူ ဖြစ်သည်။ ထမ်ငေါ့ပ် အနီးတွင် ကေအိုင်အေ စခန်း တခု ရှိခဲ့ဖူးသည်။ ကျောက်စိမ်း သယ်ယူပို့ဆောင်ပေး၍ ရရှိလာသော ဝန်ဆောင်ခများဖြင့် ထိုင်းနိုင်ငံအတွင်း၌ သေနတ်များ ဝယ်ယူကာ ကျောက်စိမ်းများအား နယ်စပ်သို့ သယ်ယူလာရန် အသုံးပြုသည့် လားဝန်တင်များဖြင့်ပင် ကချင်ပြည်နယ်သို့ ပြန်သယ်ယူသွားကြသည်။ အခြား ကူမင်တန် ဗိုလ်ချုပ်ကြီး တဦး ဖြစ်သည့် တွမ့်ရှီးဝင် သည်လည်း အလားတူ စခန်းမျိုးတခု ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းမြို့ အနောက်မြောက်ဘက်ရှိ မယ်ဆလောင်း အနီးတွင်ရှိခဲ့သည်။ ရွှေတြိဂံဒေသ၏ ဘိန်းဘုရင်များ ဖြစ်ကြသည့် လော်စစ်ဟန်နှင့် ခွန်ဆာ တို့သည်လည်း ကျောက်စိမ်းကုန်သည်လုပ်ဖူးကြသည်။ ကျောက်စိမ်း ကုန်ကူးမှုသည် ဘိန်းနှင့် ဘိန်းဖြူ ကုန်သွယ်မှုများနှင့် အင်မတန် နီးစပ်လှသည့် အဖြစ်သို့ ရောက်ခဲ့သည်။
ယနေ့ခေတ်တွင် ကျောက်စိမ်း တရားမဝင် ကုန်ကူးမှုသည် ဒေါ်လာ ဘီလီယံနှင့်ချီသည့် လုပ်ငန်းဖြစ်လာသည်။ ကျောက်စိမ်းများအား နယ်စပ်ကိုဖြတ်ကျော်ကာ တရုတ်နိုင်ငံဘက်သို့ တိုက်ရိုက်သယ်ယူပို့ဆောင်နေကြပြီ ဖြစ်သလို မြန်မာနိုင်ငံအတွင်း တရားဝင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံပွဲဖြစ် ရှိနေပြီ ဖြစ်သောကြောင့် ချင်းမိုင်သည် ကျောက်စိမ်းကုန်ကူးမှု၏ အဓိက ဗဟိုအချက်အခြာနေရာ မဟုတ်တော့ပေ။ ဖားကန့်ဒေသ အနီးတဝိုက်၏ မြေမျက်နှာသွင်ပြင်သည်လည်း လကမ္ဘာပေါ်က မြင်ကွင်းကဲ့သို့ ဖြစ်နေလေပြီ။ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ အပါအဝင် ပုဂ္ဂလိက စွန့်စား စီးပွားရှာဖွေသူများကလည်း ကျောက်စိမ်းလုပ်ငန်းမှ အမြတ်အစွန်းများစွာ ရရှိခဲ့သော်လည်း ကျောက်စိမ်းတွင်း လုပ်ငန်းခွင် အခြေအနေမှာ ဆိုးဝါးလှပြီး လူပေါင်းများစွာလည်း သေဆုံးခဲ့ရသည်။ အချို့သော ဂျာနယ်လစ်များနှင့် စာရေးဆရာများ ကျောက်စိမ်းလုပ်ငန်းအကြောင်းကို စတင်ရေးသားရာတွင် “သွေးစွန်းသည့် ကျောက်စိမ်း” အတွက် တိုက်ပွဲ အဖြစ် ပုံဖော်ရေးသားကြသည်။
မြေရှားသတ္တု တူးဖော်ရေး
၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်း အကြား၌ မြန်မာစစ်တပ်နှင့် သူပုန်အဖွဲ့များအကြား လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကြောင့် အခြား တရားမဝင်နှင့် အလွတ်သဘော တွင်းထွက်ပစ္စည်းများ တူးဖော်ရေးလုပ်ငန်းများကို အစပျိုးစေခဲ့သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွင်း ထုတ်ပြန်သည့် အစီရင်ခံ တစောင်တွင် လူသုံးကုန်ပစ္စည်း သုတေသန လုပ်ငန်း တခုဖြစ်သည့် ရိုစကေး (Roskill) က ၂၀၂၀ ခုနှစ် အတွင်း မြေရှားသတ္တု (Heavy Rare Earth Element) အသုံးပြုရသည့် တရုတ်နိုင်ငံထုတ် အီလက်ထရောနစ် ပစ္စည်းများအနက် အနည်းဆုံးထက်ဝက် အတွက် မြန်မာနိုင်ငံမှ သတ္တုများကို တင်သွင်းခဲ့ရကြောင်း ခန့်မှန်းတွက်ချက်ပြခဲ့သည်။ အမှန်တွင် “အပေါ့စား မြေရှားသတ္တုများ အပေါ် အာရုံစိုက်ခြင်းမှလွဲ၍ တရုတ်အစိုးရပိုင်လုပ်ငန်းများ အားလုံးသည် လွန်ခဲ့သည့်လေးနှစ်တာကာလမှ စ၍ မြန်မာနိုင်ငံမှ သယံဇာတများအား မှီခိုလာရပြီး ယခုအခါ မြေရှားသတ္တု ရောင်းပေးနိုင်သူ အနည်းငယ်သာ ရှိသောကြောင့် ကုန်ကြမ်းထပ်မံရရှိရန် ခက်လဲလျက်ရှိနေသည်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် … နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသမှ မှောင်ခို မြေရှားသတ္တုများ အပါအဝင် မြန်မာနိုင်ငံမှ တင်သွင်းသည့် မြေရှားသတ္တုများကိုလည်း အလွန်အမင်း မှီခိုနေရသည်။
မြေရှားသတ္တု အများစုကို ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ဒီမိုကရေစီသစ် တပ်မတော်−ကချင် New Democratic Army-Kachin (NDA-K) တို့ ထိန်းချုပ်သည့် ဒေသများတွင် တွေ့ရှိရသည်။ NDA-K သည် ဗကပ တပ်ဖွဲ့ဟောင်း တခုသာဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည်။ ဗကပ တပ်မှူးဟောင်း ဇခုံတိန့်ယိမ်းက ခေါင်းဆောင်ပြီး ၎င်းတပ်ဖွဲ့၏ ဌာနချုပ်သည် တရုတ်နယ်စပ်အနီးရှိ ပန်ဝါတွင် တည်ရှိသည်။ ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ တဖွဲ့ အဖြစ် အသွင်ပြောင်းခဲ့သည်။ တရုတ်နယ်စပ်အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း၌လည်း မြေရှားသတ္တုတွင်း နှစ်ခုရှိသော်လည်း ၎င်း၏ တူးဖော်နိုင်မှုမှာ ပန်ဝါဒေသတွင် တူးဖော်သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက အကန့်အသတ်ရှိသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အခြားဒေသများတွင်လည်း မြန်မာအစိုးရ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် လုပ်ဆောင်နေသောကြောင့် တရားဝင်ဟု ယူဆနိုင်သော မြေရှားသတ္တုတွင်းများ ရှိပါသေးသည်။ အမှန်မှာ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုထုတ်လုပ်မှု တတိယအများဆုံး နိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ နောက်တွင် ရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံသည် မြေရှားသတ္တု အမြောက်အမြား တူးဖော်ထုတ်ယူနေသည့် နိုင်ငံဖြစ်သော်လည်း နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသမှ မှောင်ခို မြေရှားသတ္တုများ အပါအဝင် မြန်မာနိုင်ငံမှ တင်သွင်းသည့် မြေရှားသတ္တုများကိုလည်း အလွန်အမင်း မှီခိုနေရသည်။
သစ်ခိုးထုတ်မှု
၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းအတွင်း အပစ်အခတ်ရပ်စဲပြီးနောက် လက်နက်ကိုင်အဖွဲ့များအား လွတ်လပ်ခွင့် ပေးလိုက်ခြင်း၏ အကျိုးဆက် တခုသည် တရားမဝင် သစ်ခိုးထုတ်မှု ဖြစ်သည်။ ရွှေတြိဂံဒေသ မြန်မာနိုင်ငံဘက် အခြမ်းမှ တရုတ်နိုင်ငံဘက်သို့ နေ့စဉ် သစ်တင်ထရပ်ကား ရာပေါင်းများစွာ ဦးတည်သွားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဂလိုဘယ်ဝစ်တနက်စ် အဖွဲ့က ဤလုပ်ငန်း အကြောင်းအား မှတ်တမ်းတင်ကာ တရားမဝင် သစ်ထုတ်လုပ်မှု တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိသည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် သစ်များ၏ ၉၅ ရာခိုင်နှုန်းမှာ လိုင်စင်မရှိသည့် အပြင် ပေးဆောင်ရမည့် အခွန်အခများ ပေး ဆောင်ခြင်း မရှိဟုဆိုသည်။ ထိုအချိန်မှစ၍ သစ်တင်ပို့မှု သိသိသာသာ ကျဆင်းသွားသော်လည်း ရွှေတြိဂံဒေသ အတွင်းရှိ သူပုန်အဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များ အတွက်မူ ကြီးမားသည့် ဝင်ငွေရပေါက် တခု ဖြစ်နေဆဲ ဖြစ်သည်။
လက်နက်ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး
လွန်ခဲ့သည့် နှစ်များအတွင်း စတင်လာသည့် တရားမဝင် လုပ်ငန်းတခုမှာ လက်နက်ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ သူပုန်အဖွဲ့များသည် သေနတ် အဟောင်းများကို ပြုပြင်နိုင်ကြသည့် အပြင် ၎င်းတို့ကိုယ်တိုင် သေနတ်ကျည်ဆံများ၊ မြေမြှုပ်မိုင်းများကို ထုတ်လုပ်နိုင်ကြသည်။ မကြာသေးခင် နှစ်များအတွင်း ရွှေတြိဂံဒေသနှင့် ဆက်စပ်ဒေသများ အတွင်း၌သေနတ်စက်ရုံများ တည်ထောင်လာကြသည်။ ပထမဆုံး ပေါ်ပေါက်လာသည့် စက်ရုံအဖြစ် လူသိများသည်မှာ ၂၀၀၆ ခုနှစ် စက်တင်ဘာအတွင်း စတင် တည်ဆောက်ခဲ့သည့် ခွန်းမာ အနီးရှိ စက်ရုံ ဖြစ်သည်။ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ဌာနချုပ် ပန်ဆန်း၏ မြောက်ဘက် ၁၂၅ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ တရုတ်မှ ဒီဇိုင်းထုတ်ထားသည့် အမ်−၂၂ ခြေမှုန်းရေးရိုင်ဖယ် (ကလာရှနီကော့ဗ် ခေါ် ရုရှားလုပ် အေကေ−၄၇ ကို အခြေခံထားသည့် တရုတ်ဒီဇိုင်း) နှင့် အမ်−၂၃ စက်လတ် အစရှိသည့် ပုံတူ သေနတ်များနှင့် အဆိုပါ သေနတ်များတွင် အသုံးပြုနိုင်သည့် ၇.၆၂ မီလီမီတာ ကျည်များကို ထုတ်လုပ်ကြောင်း သိရသည်။ လက်နက်ထုတ်လုပ်မှု အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် အပိုပစ္စည်းများ အပြင် နည်းပညာပိုင်းတို့မှာလည်း တရုတ်ဘက်မှ လာကြသည်။ ထို့ကြောင့် ဤသေနတ် ကုန်သွယ်မှုများတွင် တရုတ်အာဏာပိုင်များ မည်သည့်အတိုင်းအတာ အထိ ပါဝင်သည်မှ မသေချာလှပေ။ သို့သော် ခြေလျင်တပ်သုံး လက်နက်များ၊ အမြောက်များ၊ အပေါ့စား သံချပ်ကာကားများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် လက်နက်တပ်ဆင်နိုင်သည့် ဒရုန်းများ အစရှိသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ လက်နက်တိုက်တွင် ရှိသည့် လက်နက် အများစုမှာ တရုတ်နိုင်ငံဘက်က ဝယ်ယူထားခြင်းသာ ဖြစ်သည်။
ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကဲ့သို့ တရုတ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့် ကချင် လွတ်လပ်ရေး တပ်မတော်တွင်လည်း ကိုယ်ပိုင် လက်နက်စက်ရုံရှိပြီး တရုတ်ဒီဇိုင်းများနှင့် တရုတ်နိုင်ငံမှ ရရှိသည့် ကုန်ကြမ်းနှင့် အပိုပစ္စည်းများ အခြေခံကာ ခြေမှုန်းရေးရိုင်ဖယ်များ ထုတ်လုပ်နိုင်သည်။ အဆိုပါ သေနတ်များကို ကေအိုင်အေ တပ်ဖွဲ့များကသာ အသုံးပြုပြီး အခြား သူပုန်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်များအား ရောင်းချပေးခြင်း မရှိပေ။ ကေအိုင်အေ သည် ၁၉၉၄ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ် ဂျွန်လတွင် အပစ်အခတ် ရပ်ဆဲရေး ပျက်ပြားကာ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းတွင် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ပန်ဝါတွင် ဌာနချုပ် အခြေစိုက်ထားသော NDA-K သည်လည်း ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် အဓိက ပါဝင်သည့် အဖွဲ့ ဖြစ်လာသည်။ သစ်တောများ ပြုန်းတီးလာပြီးသည့်နောက် အမြတ်အစွန်းများစွာ ရရှိသည့် တရားမဝင် သစ်လုပ်ငန်းများ၏ အခြေအနေမှာလည်း ဆိုးဝါးလာသည့်အလျောက် ၎င်းအဖွဲ့သည် ဘိန်းစိုက်ပျိုးရေးနှင့် ဘိန်းဖြူ ထုတ်လုပ်ရေးဘက်သို့ ဦးလှည့်ခဲ့သည်။ ယခုအချိန်တွင် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းလိုက်ပြီးသည့်နောက်တွင်လည်း NDA-K သည် မူးယစ်ဆေးဝါး ကုန်သွယ်မှု အပြင် အော်တိုမက်တစ် ရိုင်ဖယ်၊ ပစ္စတို၊ ခြောက်လုံးပြူးနှင့် ရန်ပုံခွင်းသေနတ်များ ထုတ်လုပ်နိုင်သည့် လက်နက်စက်ရုံ တခုကို ပန်ဝါ အနီး၌ တည်ထောင်ထားခဲ့သည်။ ၎င်းတို့ ထုတ်လုပ်သည့် သေနတ်များအား မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဘက် အခြမ်း၌ လာရောက် အခြေစိုက်ကြသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသက နာဂ၊ အာသံနှင့် မဏိပူရ လူမျိုးစု သူပုန်များက ဝယ်ယူကြသည်။ ၎င်းတို့ထုတ်လုပ်သည့် သေနတ်များနှင့် မူးယစ်ဆေးဝါးများအပေါ် အခွန်ကောက်ခံခြင်းမှ ကင်းလွတ်နိုင်စေရန် အတွက် ကချင်ပြည်နယ် အတွင်း ကေအိုင်အေ မထိန်းချုပ်ထားသည့် ဒေသများကို ဖြတ်သန်းကာ စစ်ကိုင်းတိုင်းဒေသကြီး ဆင်ကလိန်း ခန္တီးနှင့် အိန္ဒိယနယ်စပ် အနီးရှိ အဆိုပါ သူပုန်စခန်းများသို့ အရောက် သယ်ယူပို့ဆောင်ကြသည်။
ထို့အပြင် တရုတ်နိုင်ငံမှ သေနတ်များကို ရွှေလီမှ တဆင့် မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူစယ်နှင့် လားရှိုး မြို့များသို့ မှောင်ခိုတင်သွင်းကြသည်။ ထိုမှတဆင့် မန္တလေး၊ မုံရွာမှ တဆင့် အိန္ဒိယနယ်စပ်သို့ ပို့ကြသည်။ ထိုင်းနိုင်ငံဘက်က လက်နက်များကိုလည်း ရွှေတြိဂံဒေသနှင့် အခြား နယ်စပ်ဒေသ အနှံ့အပြားတွင် တွေ့နိုင်သည်။
ရှေးဟောင်းပစ္စည်း ခိုးယူမှုနှင့် တရားမဝင် ရောင်းဝယ်မှု
မြန်မာနိုင်ငံမှ ရွှေတြိဂံဒေသနှင့် အခြားဒေသများကို ဖြတ်သန်းကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံဘက်သို့ မှောင်ခိုခိုးထုတ်သည့် အခြားပစ္စည်းများ အနက် ရှေးဟောင်းပစ္စည်းများလည်း ပါဝင်သည်။ ချင်းမိုင်နှင့် ဘန်ကောက် မြို့များတွင် မြန်မာရှေးဟောင်းပစ္စည်းများအား ရောင်းချသည့် ဆိုင်များကို တွေ့ရသည်။ မြန်မာနိုင်ငံ အတွင်း ရှေးဟောင်းပစ္စည်းများ ခိုးယူလုယက်မှုမှာ (၁၉၄၈ ခုနှစ်တွင် အဆုံးသတ်သွားသည့်) ဗြိတိသျှခေတ် ကတည်းက ရှိခဲ့ပြီး မကြာသေးမီ နှစ်များအတွင်း အမြတ်အစွန်း ကြီးမားသည့် လုပ်ငန်းတခု ဖြစ်လာသည်။ အဆိုပါ လုပ်ငန်းကို တိုက်ဖျက်ရန် နိုင်ငံတကာမှ ကြိုးပမ်းခဲ့ရာ အတိုင်းအတာ တခုအထိ အောင်မြင်ခဲ့သော်လည်း ရွှေတြိဂံဒေသ ဒုစရိုက်ဂိုဏ်းများ အတွက်မူ အမြတ်အစွန်းကြီးမားသည့် လုပ်ငန်း တခု ဖြစ်နေဆဲဖြစ်သည်။
အကြံပေးချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ
ကျောက်စိမ်းနှင့် မြေရှားသတ္တု တူးဖော်မှု၊ သစ်ခိုးထုတ်မှု၊ လက်နက်ထုတ်လုပ် ရောင်းဝယ်မှုနှင့် ရှေးဟောင်း ပစ္စည်း တရားမဝင် ရောင်းဝယ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းမည် ဆိုပါက မူးယစ်ဆေးဝါး ကုန်သွယ်မှု အကြောင်း စုံစမ်းသည့်အတိုင်း သတိကြီးစွာ ထားရမည် ဖြစ်သည်။ မိမိကိုယ်တိုင်လည်း သတိကြီးစွာ ထားရမည့် အပြင် ဒေသခံ သတင်းရင်းမြစ်များကိုလည်း အကာအကွယ်ပေးနိုင်ရမည် ဖြစ်သည်။
အကောင်းဆုံး နည်းလမ်းမှာ အင်တာနက်ပေါ် ရှိနေသည့် အသင်းအချက်အလက်များကို လေ့လာသုံးသပ်ပြီးပါက ထုံးစံအတိုင်း ယုံကြည်စိတ်ချရသည့် ဒေသခံ ဂျာနယ်လစ်များ၊ အန်ဂျီအို ဝန်ထမ်းများနှင့် ဆွေးနွေးကြည့်သင့်သည်။
သတင်းရေးသားရန် အတွက် စတင်ရန် အကောင်းဆုံး နည်းလမ်းမှာ အင်တာနက်ပေါ်ရှိနေသည့် အရင်းအမြစ်များကို အသုံးပြုခြင်းဖြစ်သည်။ အဆိုပါ တရားမဝင် လုပ်ငန်းများအနက် သစ်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ အများဆုံး မှတ်တမ်းတင်ထားကြသည်။ မြန်မာနိုင်ငံ အတွင်းရှိ တရားမဝင် သစ်လုပ်ငန်းများနှင့် ပတ်သက်၍ ဂလိုဘယ် ဝစ်တနက်စ် မှ အစီရင်ခံစာပေါင်းများ ထုတ်ပြန်ခဲ့ဖူးပြီး ၎င်းတို့ကို ဤနေရာ၊ ဤနေရာ နှင့် ဤနေရာ တို့တွင် ကြည့်ရှုနိုင်သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ သုတေသီများ ဦးဆောင်ပြီး ဥရောပသစ်တောအင်စတီကျု (EFI)၊ ဥရောပသမဂ္ဂ၏ သစ်တော ဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု အေဂျင်စီ (FLEGT) နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း သစ်တော တက္ကသိုလ်တို့ ပူးပေါင်းလေ့လာချက်တွင် အဆိုပါ ကုန်သွယ်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို တွေ့နိုင်သည်။
မြေရှားသတ္တု ကုန်သွယ်မှုအကြောင်း၊ ၎င်းကုန်သွယ်မှုက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ကို မည်သို့ထိခိုက်စေသည့် အကြောင်းနှင့် မြန်မာစစ်တပ်နှင့် ဆက်စပ်နေသည့် ပြည်သူ့စစ်များ မည်သို့မည်ပုံ ပါဝင်ပတ်သက်နေသည့် အကြောင်းတို့နှင့် ပတ်သက်၍လည်း ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က အစီရင်ခံစာ အတော်များများ ထုတ်ပြန်ထားသည်။ ကမ္ဘာတလွှားရှိ တွင်းထွက်ပစ္စည်းတူးဖော်မှုများကို စောင့်ကြည့်နေသည့် ရီဆို့စ် ပေါ်လစီ မဂ္ဂဇင်းကလည်း တရားမဝင် နည်းလမ်းမျိုးစုံဖြင့် တရုတ်နိုင်ငံသို့ သတ္တုမျိုးစုံ ရောင်းဝယ်ဖောက်ကားနေသည့် အကြောင်း သတင်းတပုဒ် ဖော်ပြခဲ့သည်။
သေနတ် ရောင်းဝယ်မှု အကြောင်းနှင့် ပတ်သက်ကာ ပြည့်စုံသည့် အစီရင်ခံစာများ မရှိပေ။ စုံစမ်း ထောက်လှမ်းရေး ဂျာနယ်လစ်များ ရေးသားသည့် ဆောင်းပါး အချို့သာ ရှိသည် (လေ့လာရန် ဥပမာများ အပိုင်းတွင် ကြည့်နိုင်သည်)။ ရှေးဟောင်းပစ္စည်းများ တရားမဝင် ရောင်းဝယ်မှုနှင့် စပ်လျဉ်း၍ ယူနက်စ်ကို က ထုတ်ပြန်သည့် အစီရင်ခံစာ တစောင် ရှိသည်။ ခိုးယူလုယက်ခံရသည့် ပစ္စည်းများကို ဒေသတွင်း၌ ရောင်းဝယ်ကြသည့် အကြောင်းနှင့် စပ်လျဉ်း၍ အင်္ဂလန်နိုင်ငံ အောက်စဖို့ အခြေစိုက် တီးဆိုင်ကယ် ဆိုသည့် အုပ်စုက ထုတ်ဝေသည့် အစီရင်ခံစာကောင်း တစောင်လည်း ရှိသေးသည်။
အကောင်းဆုံး နည်းလမ်းမှာ အင်တာနက်ပေါ် ရှိနေသည့် အသင်းအချက်အလက်များကို လေ့လာသုံးသပ်ပြီးပါက ထုံးစံအတိုင်း ယုံကြည်စိတ်ချရသည့် ဒေသခံ ဂျာနယ်လစ်များ၊ အန်ဂျီအို ဝန်ထမ်းများနှင့် ဆွေးနွေးကြည့်သင့်သည်။ တရုတ်နိုင်ငံအတွင်း အထူးသဖြင့် ယူနန်ကဲ့သို့သော နယ်စပ်ဒေသ ပြည်နယ်များ၌ နိုင်ငံခြားသား ဧည့်သည်များ အပေါ် ကန့်သတ်ချက် အသစ်များ ချမှတ်ထားပြီး တိုးမြှင့် စောင့်ကြည့်နေသောကြောင့် ကွင်းဆင်းဆောင်ရွက်ရန် အတွက် ပိုမိုခက်ခဲလာပြီး အန္တရာယ်လည်း များလှပါသည်။ နယ်စပ်ဖြတ်ကျော်သည့် နေရာများတွင် တရုတ်ဘက်က ကင်မရာများ တပ်ဆင်ထားပြီး နိုင်ငံခြားသားများအား စောင့်ကြည့်ရန် အတွက် ရွှေလီ၊ ထိန်ချုံးနှင့် ယူနန်ပြည်နယ်ရှိ အခြား နယ်စပ်မြို့များတွင် အထူးရဲတပ်ဖွဲ့များ ထားရှိပါသည်။ ဆယ်နှစ်စုများကြာအောင် နိုင်ငံခြားသားများ သွားလာခွင့်ကို ပိတ်ပင်ထားကာ မကြာသေးမီကမှ ပြန်လည်ဖွင့်ပေးလိုက်သည့် အိန္ဒိယနိုင်ငံ အရှေ့မြောက် ပြည်နယ်များဖြစ်သည့် နာဂလန်း၊ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များသို့လည်း ထိုင်းနိုင်ငံ မြောက်ပိုင်း ကဲ့သို့ အလွယ်တကူ သွားရောက်နိုင်ပါသည်။ အရုဏာချာ ပရာဒေ့ရှ်ပြည်နယ်သို့ သွားရောက်ရန် အတွက်မူ အထူးခွင့်ပြု တောင်းခံရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံက ဒေသခံ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်များသည် ယုံကြည်ရလောက်ဖွယ် မရှိသောကြောင့် ရှောင်ရှားသင့်သော်လည်း အိန္ဒိယနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များထံမှမူ တိကျသည့် သတင်းအချက်အလက်များ ရရှိနိုင်ပါသည်။
လေ့လာရန် ဥပမာများ
မြန်မာနိုင်ငံအတွင်း မြေရှားသတ္တု တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အကြောင်း နှင့် အနောက်နိုင်ငံများ ချီးကျူးကြသည့် အစိမ်းရောင် စွမ်းအင်အတွက် ဤတိုင်းပြည်က ပေးဆပ်လိုက်ရသည့် တန်ဖိုးအကြောင်းတို့နှင့် စပ်လျဉ်း၍ အချက်အလက်များစွာ ပါဝင်သည့် ဆောင်းပါး တပုဒ်ကို အေပီ သတင်းဌာနက ၂၀၂၂ ခုနှစ် ဩဂုတ်လ အတွင်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် “ကမ္ဘာကြီး ကောင်းစားရေး” အတွက် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေသည့် “ယဇ်ပူဇော်သည့်ဇုန်” ဖြစ်လာသည်ဟု အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားသည်။
ငွေကြေးခဝါချမှုနှင့် လက်နက်ထုတ်လုပ်မှု အကြောင်းနှစ်ခုစလုံးအား ရေးသားထားချက်ကို မြန်မာဝက်ဆိုက် တခုဖြစ်သည့် မဇ္ဈိမ၌ ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း ဖော်ပြထားသည်။ “မြန်မာနိုင်ငံတွင် ဆင်နွှဲနေသည့် ကြောက်စရာကောင်းလှသော လက်နက်ကိုင် ပဋိပက္ခ သံသရာတွင် စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ခြင်းသည် တစိတ်တပိုင်း ပါဝင်နေပြီ ဖြစ်ကြောင်း”၊ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ထုတ်လုပ်သည့် သေနတ်အချို့ကို မြန်မာနိုင်ငံနှင့် အိန္ဒိယ အရှေ့မြောက်ဒေသမှ လူမျိုးစု သူပုန်များထံ ရောင်းချနေကြောင်း ဖော်ပြထားသည်။
သေနတ် ထုတ်လုပ်မှုအကြောင်းနှင့် လက်နက် ကုန်ကူးမှုအကြောင်း စုံစမ်းထောက်လှမ်းရေးသားသည့် အခြား အစီရင်ခံစာများကို ဤနေရာ၊ ဤနေရာ နှင့် ဤနေရာ တို့တွင် ကြည့်ရှုနိုင်သည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပန်ဝါမှ ပြည်သူ့စစ် အရာရှိဟောင်းများနှင့် တွေ့ဆုံမေးမြန်းထားချက်များနှင့် ၎င်းတို့ ပေးအပ်သည့် စာရွက်စာတမ်း အထောက်အထားများ အပြင် ၎င်းဒေသရှိ သေနတ်စက်ရုံ နှင့် ဘိန်းဖြူချက်စခန်းတို့၏ ဓာတ်ပုံများအပေါ် အခြေခံကာ ဤအစီရင်ခံစာ သုံးစောင်ကို ရေးသားထားခြင်း ဖြစ်သည်။
ဘာတီး(လ်)လင့်တနာ သည် အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု
ရွှေတြိဂံက တောရိုင်းတိရိစ္ဆာန် ကုန်ကူးမှု