စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဟန့်တားနိုင်ရန်ရှေ့တန်းစခန်းများကို ဆက်တိုက် တိုက်ခိုက် နေကြောင်း မတူပီ ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) က ယမန်နေ့က သတင်း ထုတ်ပြန်သည်။
မတူပီမြို့နယ်နှင့် အဓိက ဆက်သွယ်ထားသည့် မင်းတပ်- မတူပီ၊ မတူပီ- ပလက်ဝ၊ မတူပီ- ဘွေရာ၊ မတူပီ-ဟားခါး စသည့် ကားလမ်းပေါ်တွင်ရှိသော စစ်ကောင်စီစခန်းများကို ဇန်နဝါရီလအတွင်း စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၈ ဦး အထိ သေဆုံးကာ ဒဏ်ရာရရှိသူလည်း အများအပြားရှိကြောင်း မတူပီ CDF တပ်ဖွဲ့မှ ပြန်ကြားရေးမှူးက ပြောသည်။
၎င်းက “အဓိကတော့ ကျနော်တို့ CDF မတူပီရဲ့ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီယန္တရား မလည်ပတ်နိုင်အောင်၊ မဲစာ ရင်းကောက်ယူမှုတွေ မလုပ်နိုင်အောင် ကာကွယ် တားဆီးနေတာ ဖြစ်ပါတယ်။ အဲဒီအတွက် မြို့ရဲ့ အရှေ့ ၊ အနောက်၊ တောင်၊ မြောက် ပတ်ပတ်လည်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို စတင် တိုက်ခိုက်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် မတူပီမြို့ပေါ်တခုတည်းတွင်သာ ရပ်တည်နိုင်သည့် အခြေအနေရောက်ရှိနေကာ မြို့နယ်အတွင်း မဲစာရင်း များ ကောက်ယူခြင်း၊ ရွေးကောက်ပွဲကျင်းပရန် အားထုတ်မှုများကို လုံးဝခွင့်ပြုပေးမည် မဟုတ်ဟု သူကဆိုသည်။
“နယ်မြေစိုးမိုးမှုကလည်း ကျနော်တို့ ၈၀ ရာခိုင်နှုန်းအထိ ထ်ိန်းချုပ်နိုင်ပြီဆိုတော့ စစ်ကောင်စီက မြို့ပေါ်တခုတည်းသာ နေထိုင်တော့တယ်။ ကျနော်တို့ ထ်ိန်းချုပ် နယ်မြေမှာတော့ စစ်ကောင်စီက ရွေးကောက်ပွဲ လုံးဝ ကျင်းပလို့ မရစေရဘူး။ လူထုကိုလည်း စစ်ကောင်စီနဲ့ လုံးဝ မပူးပေါင်းဖို့ ကျနော်တို့ သတိပေးထားပြီးသား ဖြစ်တယ်။ မြို့ပေါ်မှာ စစ်ကောင်စီက ထိန်းချုပ်ထားတော့ အခုအချိန်ထိတော့ မြို့ပေါ်ကို ကျနော်တို့ဘာမှ မလုပ်သေးဘူး။ လိုအပ်ရင်လိုအပ်သလို မြို့ပေါ် ရပ်ကွက် တွေကိုပါ ကိုင်တွယ်သွားမယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအား တားဆီးနိုင်ရန်အတွက် ဇန်နဝါရီလ ၂၅ ရက်ကလည်း မတူပီ- ဘွေရာ ကားလမ်းပေါ်ရှိ စစ်ကောင်စီစခန်းတခုအား CDF မတူပီက ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဇန်နဝါရီလ ၂၁ ရက်ကလည်း မင်းတပ်- မတူပီ ကားလမ်းပေါ်တွင် တိုက်ပွဲ နှစ်ကြိမ်၊ မတူပီ- ဟားခါးလမ်းမပေါ်တွင် တိုက်ပွဲ ၃ ကြိမ် ဖော်ဆောင်ကာ စစ်ကောင်စီ ဂိတ်စခန်းများအား တိုက်ခိုက်ခဲ့ကြောင်း CDF မတူပီ ခေါင်းဆောင်များက ပြောသည်။
အဆိုပါ ဇန်နဝါရီလ၂၁ ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိပြီး လက်နက်ခဲယမ်း မီးကျောက်တချို့ သိမ်းဆည်းရမိခဲ့ကြောင်း CDF မတူပီက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်ရန် မတူပီမြို့ ပေါ်၌ မဲစာရင်းများ လိုက်လံ ကောက် ယူမှုများရှိသလို မြို့နယ်တခုလုံးအားလည်း ဇန်ဝါရီလ ၈ ရက်မှ စ၍ ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း သိရသည်။
မတူပီမြို့ခံတဦးက “သူတို့ မဲစာရင်းတွေ ဘာတွေတော့ ကောက်ကြတယ် ထင်တယ်။ လူတွေအားလုံးက မဲလည်း သွား ထည့်မှာ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲ ကိစ္စတွေကို လူတွေ ဘာမှ ပြောသံမကြားဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ နှစ်ဖက် စစ်ရေးတင်းမာမှုများနှင့်အတူ အုပ်ချုပ်မှု ကိစ္စရပ်များမှလည်း အားပြိုင်နေသည့် အခြေအနေများကြောင့် မတူပီမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများအနေဖြင့် CDF တပ်ဖွဲ့ဝင်များ၏ ခွင့်ပြုချက် မရရှိဘဲ ယခုရက်ပိုင်းအတွင်း ခရီးသွားလာခွင့် လုံးဝ မပြုလုပ်ရန်လည်း အသိပေး ထုတ်ပြန်ထားသည်။
You may also like these stories:
ဖားကန့်မှ စစ်တပ်ဂိတ် ၃ ခု KIA ပူးပေါင်းတပ်များ တိုက်ခိုက်
ဝက်လက် အနောက်ခြမ်းရွာများ မီးရှို့ခံရ