ဘိန်းလုပ်ငန်းကို တာလီဘန်က အပြင်းအထန် နှိမ်နင်းပြီးနောက် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံကို ဖြတ်ကျော်ပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာသည်ဟု ဒီဇင်ဘာလ ၁၂ နေ့တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြသည်။
မြန်မာနိုင်ငံသည် ယခုနှစ်တွင် ဘိန်းဖြူထုတ်လုပ်ရာတွင် အဓိက ပစ္စည်းဖြစ်သည့် ဘိန်း ၁,၀၈၀ မက်ထရစ်တန်ခန့် ထုတ်လုပ်ခဲ့သည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNDOC) ၏ နောက်ဆုံး အစီရင်ခံစာက ဖော်ပြသည်။
လွန်ခဲ့သောနှစ် ဧပြီလတွင် တာလီဘန်က ဘိန်းစိုက်ပျိုးမှု ပိတ်ပင်ပြီးနောက် အာဖဂန်နစ္စတန်တွင် ဘိန်းထုတ်လုပ်မှု ခန့်မှန်းခြေ ၉၅ ရာခိုင်နှုန်း အဖြစစ် ၃၃၀ တန်ခန့်အထိ ကျဆင်းပြီးနောက် ယခုစာရင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာ၊ လာအိုနှင့် ထိုင်းနယ်စပ် ရွှေတြိဂံဒေသသည် မူးယစ်ဆေး ထုတ်လုပ်မှောင်ခိုလုပ်သည့် အဓိကဒေသ၊ အထူးသဖြင့် မက်သာဖက်တမင်းနှင့် ဘိန်းထုတ်လုပ်သည့် ဒေသဖြစ်နေသည်။
မြန်မာ့ ဘိန်းစီးပွားရေး၏ ခန့်မှန်းခြေတန်ဖိုးသည် ဒေါ်လာ ၁ ဘီလီယံမှ ၂ ဒသမ ၄ ဘီလီယံအကြား တက်လာပြီး ၂၀၂၂ ခုနှစ် နိုင်ငံ၏ စုစုပေါင်းထုတ်ကုန် (GDP) ၏ ၁ ဒသမ၇ မှ ၄ ဒသမ ၁ ရာခိုင်နှုန်းကြားရှိကြောင်း UNDOC က ဖော်ပြသည်။ လွန်ခဲ့သောနှစ်က မြန်မာတွင် ဘိန်း ၇၉၀ တန်ခန့် ထုတ်လုပ်ခဲ့သည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ်တွင်အာဏာသိမ်းပြီးနောက် ပဋိပက္ခနှင့် မတည်ငြိမ်မှုကြောင့် မြန်မာ့စီးပွားရေး ပျက်စီးပြီး လယ်သမားအများအပြားမှာ ဘိန်းစိုက်နေရသည်။
ဈေးကွက်နှင့် အခြေခံအဆောက်အအုံ မရှိခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်မားခြင်းသည် လယ်သမားများ၏ ဘိန်းပိုမိုစိုက်ပျိုးရန် ဆုံးဖြတ်ချက်ချခြင်းတွင် အဓိကအခန်းမှ ပါဝင်ပုံရသည်ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။
၂၀၂၂၊ ၂၀၂၃ ခုနှစ် ဘိန်းထုတ်လုပ်မှုခန့်မှန်းခြေသည် နှစ်ပေါင်း ၂၀ ကျော်အတွင်း အမြင့်မားဆုံး ဖြစ်သည်ဟု UNDOC က ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် ပိုမိုအဆင့်မြင့်လာပြီး ရင်းနှီးမြှုပ်နှံမှုတိုးကာ ရေသွင်းခြင်းနှင့် ဓာတ်မြေသြဇာ အသုံးပြုခြင်းကဲ့သို့သော လုပ်ဆောင်မှုကြောင့် ထွက်နှုန်းတိုးလာသည်ဟု UNDOC က ဖော်ပြသည်။
နှစ်အတန်ကြာ ကမ္ဘာ့ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သော အာဖဂန်နစ္စတန်တွင် တာလီဘန် အာဏာပိုင်များက တရားမဝင် မူးယစ်ဆေးထုတ်လုပ်မှု အဆုံးသတ်ရန် ဆုံးဖြတ်ပြီးနောက် ဘိန်းစိုက်ပျိုးသည့် လုပ်ငန်းပြိုလဲသွားသည်။
လွန်ခဲ့သောနှစ်တွင် အာဖဂန်နစ္စတန်၏ ဘိန်းစိုက်ပျိုးမှုသည် တန်ဖိုးအရ စိုက်ပျိုးရေးလုပ်ငန်း၏ ၃ ပုံ ၁ ပုံရှိသော်လည်း စိုက်ပျိုးနယ်မြေသည် ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ၂၃၃,၀၀၀ ဟက်တာ (ဧက ၅ သိန်း ၇ သောင်းခွဲကျော်) ရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၁၀,၈၀၀ ဟက်တာသို့ ကျဆင်းသွားသည်။
အကြမ်းဖက်မှုများပြား
မြန်မာတွင် ဘိန်းအဓိက စိုက်ပျိုးသောဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မကြာသေးမီ ရက်သတ္တပတ်များက တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များက စစ်ကောင်စီနှင့် မဟာမိတ်များကို တိုက်ခိုက်သည့် တိုက်ပွဲကြောင့် ဖရိုဖရဲ ဖြစ်နေသည်။
ရှမ်းပြည်နယ်တွင် တနိုင်ငံလုံး ဘိန်းစိုက်ဒေသ ၄၁၃,၀၀ ဟက်တာ (၁၀၂,၀၅၄ ဧက) ၏ ၈၈ ရာခိုင်နှုန်းရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၀၂၂ ခုနှစ်က ပျမ်းမျှ ဘိန်းထုတ်လုပ်မှုသည် တဟက်တာလျှင် ၁၉ ဒသမ ၈ ကီလိုဂရမ်မှ ၂၀၂၃ ခုနှစ်တွင် ၂၉ ဒသမ ၄ ကီလိုဂရမ် အထိ တိုးလာသည်ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံဧရိယာ၏ ၄ ပုံ ၁ ပုံနီးပါးရှိပြီး လျှိုမြောင်တောတောင်ထူသည့် တောင်တန်းများနှင့် ပြည့်နေသည်။
သောင်းနှင့်ချီသည့် လက်နက်ကောင်းစွာ တပ်ဆင်ထားသော တိုက်ခိုက်ရေးသမားများရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထိုပြည်နယ်ကို ထိန်းချုပ်ထားပြီး ထိုဒေသသည် မက်သာဖက်တမင်း အဓိက ထုတ်လုပ်သည့် ဒေသလည်းဖြစ်သည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။
အချို့သည် ယခင်စစ်အုပ်စုများက ပေးအပ်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို ပိုင်ဆိုင်ကြပြီး ကာစီနို၊ ပြည့်တန်ဆာလုပ်ငန်းနှင့် လက်နက်ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်ကြသည်ဟု သုတေသီများက ပြောသည်။
ဘိန်းစိုက်ပျိုးမှုသည် ကချင်ပြည်နယ်မြောက်ပိုင်းနှင့် အိန္ဒိယနှင့်နယ်စပ် ချင်းပြည်နယ်တွင်လည်း တိုးလာသည်ဟု ကုလသမဂ္ဂက ပြောသည်။
ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချသည့် စစ်ကောင်စီသည် ထိုဒေါ်လာဘီလီယံများစွာ တန်သည့် ဘိန်းလုပ်ငန်းကို အဆုံးသတ်ရန် လေးနက်မှု မရှိကြောင်း သုတေသီများက ပြောသည်။
ရှားပါးသော ဝန်ခံမှုအဖြစ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုကော်မတီအကြီးအကဲက ဘိန်းလုပ်ငန်းကို ခြေမှုန်းရန် ၎င်းတို့၏ အားထုတ်မှုသည် မထိရောက်ကြောင်း ယခုနှစ်အစောပိုင်းတွင် ပြောသည်။
ကိုးကား ။ ။ AFP သတင်း Myanmar overtakes Afghanistan as world’s biggest opium producer: UN
You may also like these stories:
တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ
CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု