စစ်ကောင်စီတပ်တွေ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်က အလံဖြူထောင် လက်နက်ချတာကို တွေ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်တွင်း တပ်ပြင် စည်းလုံးရေး တည်ဆောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်တိုင်း၊ မှော်ဘီမှာလုပ်တဲ့ အမျိုးသမီးဗိုလ်သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က စည်းလုံးရေးလိုကြောင်း အလေးထားပြောတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ ချင်းပြည်နယ်က မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ဆုံးရှုံးပြီး ရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် မိန့်ခွန်းပြောတာ ဖြစ်ပါတယ်။
“တပ်မတော်၏အားသည် စည်းလုံးညီညွတ်မှုအပေါ်တွင်သာ အခြေတည်လျက်ရှိသည့်အတွက် တပ်တွင်း စည်းလုံးညီညွတ်မှုရှိပါက မည်သူကမှ တပ်မတော်ကို ဖြိုခွဲ၍ရမည် မဟုတ်ကြောင်း” စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတယ်လို့ စစ်ကောင်စီမီဒီယာက ဖော်ပြပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ သိက္ခာကျဆင်းစရာ စစ်ရေးရှုံးနိမ့်မှု အများအပြားအပြီး စစ်တပ်ထောက်ခံသူတွေရဲ့ အပြင်းအထန် ထပ်မံ ဝေဖန်ခံနေရပါတယ်။
ဒုတိယမြောက် စစ်တိုင်းတခု၊ မြို့အများအပြား ထပ်မံ ဆုံးရှုံးပြီး အဆင့်မြင့်အရာရှိတွေကို တော်လှန်ရေးအင်အားစုက ဖမ်းဆီးထားပေမယ့် သူကတော့ အားကစားပွဲတော်ဖွင့်ပွဲနဲ့ ပိတ်ပွဲအပါအဝင် အခမ်းအနားတွေ ဆက်တိုက် တက်နေပြီး စစ်တပ်ထောက်ခံသူတွေအကြား ဒေါသမီးထိုးပေးနေပါတယ်။
ဒီလိုပဲ လားရှိုးနဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို သြဂုတ်လမှာဆုံးရှုံးပြီးနောက် မင်းအောင်လှိုင်ဟာ စစ်ရေးထက် ဆိုကရေးတီးပြိုင်ပွဲကို ဦးစားပေးလို့ ဝေဖန်ခံရပါတယ်။
ဝါဒဖြန့်ချိရေးနဲ့ အပေါ်ယံတည်ငြိမ်မှုရှိသလိုလုပ်ဖို့ ကြီးကျယ်တဲ့ အခမ်းအနားတွေလုပ်တဲ့ စစ်ခေါင်းဆောင်ရဲ့ အားထုတ်မှုတွေဟာ မထိရောက်ဘူးလို့ စစ်တပ်ထောက်ခံသူတွေက ဝေဖန်ပါတယ်။ ရှေ့တန်းက စစ်သားတွေအတွက် ပိုမိုထောက်ပံ့ဖို့နဲ့ တပ်အင်အားဖြည့်ဖို့ သူတို့က တောင်းဆိုကြပါတယ်။
မကြာသေးမီက မင်းအောင်လှိုင်လုပ်တဲ့ တပ်တွင်းရာထူးအပြောင်းအလဲတွေကလည်း ဝေဖန်မှု ဖြစ်စေပါတယ်။ အဲဒီအပြောင်းအလဲမှာ မင်းအောင်လှိုင် သစ္စာခံ စစ်ရေးအတွေ့အကြုံမရှိတဲ့ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို စစ်တပ်ရဲ့ တတိယနေရာကို ရာထူးတိုးပေးပါတယ်။ သူဟာ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး နေရာကိုရပြီး မောင်မောင်အေးက ကာကွယ်ရေး ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနေရာကို အစားထိုးပါတယ်။ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကတော့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဖြစ်လာပါတယ်။
တချိန်တည်းမှာပဲ စစ်ကောင်စီစစ်သားနဲ့ ရဲ ၁၅၀ ကျော် ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်က လက်နက်ချပါတယ်။ အပြင်မှာ စစ်တပ်ကိုသစ္စာခံပြီး အတွင်းမှာ စစ်ကောင်စီဆန့်ကျင်ရေးအုပ်စုတွေကို ထောက်ခံတဲ့ တပ်တွင်း “ဖရဲသီးတွေ” က တနိုင်ငံလုံး တော်လှန်ပုန်ကန်မှုမှာ အရေးပါတဲ့အခန်းက ပါဝင်နေပါတယ်။
စစ်ကောင်စီရဲ့ များပြားတဲ့ စစ်ရေးရှုံးနိမ့်မှုတွေဟာ တပ်တွင်း သဘောထားကွဲလွဲမှုတွေနဲ့ သတင်းပေးတွေကြောင့် တစိတ်တပိုင်းအားဖြင့် ဖြစ်ပါတယ်။
ဒါကြောင့် မင်းအောင်လှိုင်ဟာ သွေးရူးသွေးတန်းနဲ့ စစ်သားတွေနဲ့ မိသားစုတွေအကြား ညီညွတ်ရေး တောင်းဆိုပြီး လူထုထောက်ခံမှုရအောင် ပြည်သူလူထု အဆင်ပြေရေးနဲ့ သဘာဝဘေးအန္တရာယ်မှာ ကူညီရေး တိုက်တွန်းပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Boss Urges Unity as Forces Disintegrate in Rakhine and Chin ကို ဘာသာပြန်သည်။)
You may also like these stories:
ဖရဲသီးစစ်သားများက ဒီမိုကရေစီအင်အားစုများ အနိုင်ရရန် ကူညီနေ
နခခ ကျရှုံးမှုနဲ့ မင်းအောင်လှိုင် အိပ်မက်ဆိုး (ရုပ်/သံ)
မင်းအောင်လှိုင်ရှိနေတဲ့နေရာထိ လိုက်ရှာချေမှုန်းဖို့ မှန်းထားတယ် (ရုပ်/သံ)
ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တပ်ချုပ် ဖြစ်လာမလား
စစ်တပ် ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေရဲ့ နောက်ကွယ် (ရုပ်/သံ)
ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ