စစ်ကောင်စီက မိုးဗြဲ-လွိုင်ကော်လမ်းအား ပြန်ထိန်းချုပ်နိုင်ရေး အင်အားအလုံးအရင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေရာ တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်။
ယနေ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁) တပ်ရင်း၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ကူ၊ ဒရုန်းနှင့် လေကြောင်းပစ်ကူကို အဆမတန် အသုံးပြုတိုက် ခိုက်နေသည်ဟု ပါရှိသည်။
ရှမ်းပြည်တောင်ပိုင်းရှိ မိုးဗြဲမြို့သည် ကရင်နီ(ကယားပြည်နယ်)သို့ အဓိကဝင်ပေါက်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် စစ်ရှောင်များ၊ ဒေသခံများ၏ စားနပ်ရိက္ခာလမ်းကြောင်းအတွက်လည်း အဓိကမှီခိုရာနယ်မြေဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ စစ်ကောင်စီသည် ပအိုဝ်းပြည်သူစစ်(PNO)၏ အကူအညီဖြင့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှစ၍ ထိုးစစ်ဆင်ကာ ရှမ်း-ကယားနယ်စပ်မှ ဖယ်ခုံမြို့နယ်ကို ပြန်သိမ်းခဲ့ပြီးနောက် ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးပေါ်မှ မိုးဗြဲကိုသိမ်းရန် မြို့အဝင် ခြေမြန်တပ်ရင်း ခမရ ၄၂၂ ၌ အင်အားစုဆောင်းကာ ယခုနှစ်ဆန်းပိုင်းကစ၍ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ကရင်နီတပ်ပေါင်းစုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲက နေ့တိုင်းနီးပါး ဖြစ်နေတာပါ။ ထိတွေ့မှုများတာနဲ့ နည်းတာပဲကွာတယ်။ ပြီးခဲ့တဲ့လ တတိယပတ်လောက်ကတည်းက တိုက်ပွဲက တောက်လျှောက်ပြင်းထန်ပြီး နှစ်ဖက်ကျ ဆုံး ထိခိုက်မှုတွေလည်းများတယ်” ဟု ပြောသည်။
ဖယ်ခုံမှ မိုးဗြဲထိ ထိုးစစ်ကာလအတွင်း စစ်ကောင်စီသည် ပအိုဝ်းပြည်သူစစ်(PNO) တပ်များဖြင့် ပူးပေါင်းကာ အင်အား ၁ ထောင်ကျော်အထိ သုံးနေကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ် ရှမ်းတောင် အမှတ်(၁)တပ်ရင်းမှ ဗျူဟာမှူး ကိုနေကောင်းက “သူတို့မှာရှိတဲ့ ပြင်းအားအကောင်း ဆုံးလို့ထင်တဲ့ အရာတွေမှန်သမျှ အလွန်အကျူး အသုံးပြုတိုက်ခိုက်နေပါတယ်။ လေကြောင်းက ၃ လအတွင်း အကြိမ် ၅၀ ထက်မနည်းရှိပြီး ဒရုန်းဆိုရင် နေ့စဉ်မပြတ် တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လက်နက်ကြီး ၁၂၀၊ ၁၂၂ ပစ်ကူကလည်း ဖယ်ခုံ၊ လွိုင်ကော်၊ လွိုင်လင်လေး အမြောက်တပ်တွေကနေ အကြိမ်ရေ ၅၀၀ လောက် ပစ်ခတ်မှုတွေကြား တော်လှန်ရေး အင် အားစုတွေဘက်က အပြင်းအထန် ခုခံတိုက်ခိုက်နေရပါတယ်” ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီ၏ အပြင်းအထန် ထိုးစစ်ဆင်နေမှုအပေါ် ခုခံစစ်၊ တန်ပြန်ထိုးစစ်များဖြင့် တော်လှန်ရေးပူးပေါင်းတပ်များ ဘက်မှ ကာကွယ်တိုက်ခိုက်ထားနိုင်ကြောင်းနှင့် လိုအပ်ချက်များအတွက် ပြည်သူများ ဆက်လက်ပံ့ပိုးပေးရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။
မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီတလလုံး နေ့စဉ်ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး KNDF ရဲဘော် ၅ ဦး ကျဆုံးခဲ့ကာ လေကြောင်း၊ ဒရုန်း ၊ လက်နက်ကြီး တိုက်ခိုက်မှုတို့ကြောင့် နေအိမ် ၅၀ ကျော်၊ စာသင် ကျောင်း ၄ လုံးနှင့် ဘာသာရေးအဆောက်အဦ ၄ ခု မီးလောင်ပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေသော မိုးဗြဲမြို့ရှိရာ ဖယ်ခုံမြို့နယ်သည် မြောက်ဘက်၌ ပင်လောင်း၊ ညောင်ရွှေနှင့် ဆီဆိုင်၊ တောင်ဘက်တွင် ဖရူဆိုနှင့် သံတောင်၊ အရှေ့ဘက်တွင် လွိုင်ကော်နှင့် ဒီးမော့ဆို ၊ အနောက် ဘက်တွင် ပျဉ်းမနားမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတဦးက “မိုးဗြဲကျသွားရင် စကစရဲ့ ယန္တရားတွေ အများကြီးလည်ပတ်လို့ ရနိုင်သွားသလို နေပြည်တော်နဲ့ မိုင် ၁၀၀ လောက်သာ မဝေးတော့တဲ့ နေရာတခုလည်းဖြစ်တော့ ခြိမ်းခြောက်မှုတွေ တော် လှန်ရေးဘက်ကလုပ်ယူဖို့ အားလျော့သွားနိုင်တယ်” ဟု ပြောသည်။
You may also like these stories:
မိုးဗြဲကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အင်အားသုံး တိုက်ခိုက်နေ (ရုပ်/သံ)
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ
မိုးဗြဲ-လွိုင်ကော် ကားလမ်းဘေးရွာများ၊ စစ်ယာဉ်တန်းက ပစ်ခတ်သဖြင့် အရပ်သား ၃ ဦး သေဆုံး














