ဆူနာမီကဲ့သို့ အတိုင်းအတာကြီးမားသည့် သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပါသော အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရခြင်းများကို မည်သို့ တုံ့ပြန်မည်နှင့် ပတ်သက်၍ အကောင်အထည်ဖော် လုပ်ဆောင်ရန် အသစ်ဖွဲ့စည်းထားသော လူမှုခံနိုင်ရည်ရှိရေးကော်မတီအောက်တွင် ပထမဆုံး မြို့ပြကာကွယ်ရေး လေ့ကျင့်မှုကို ထိုင်ဝမ်သမ္မတ မစ္စတာ လိုင်ချင်းတီက မတ်လ ၂၇ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးသည်။
တောင်ပိုင်းမြို့ကြီး ထိုင်နန်တွင် ပြုလုပ်သည့် ထိုလေ့ကျင်မှုကို သမ္မတ လိုင်က အသစ်ဖွဲ့စည်းထားသည့် ‘လူ့အဖွဲ့အစည်းတခုလုံး ကာကွယ်ရေး ခံနိုင်ရည်ရှိရေးကော်မတီ’ ၏ ကြီးကြပ်မှုအောက်တွင် ပြုလုပ်ခြင်းဖြစ်သည်။ ထိုကော်မတီသည် သဘာဝဘေးအန္တရာယ် သို့မဟုတ် တရုတ်နိုင်ငံက တိုက်ခိုက်မှုကဲ့သို့သော အခြား အရေးပေါ်အခြေအနေများကို ကိုင်တွယ်ရန် ပြင်ဆင်ရေးအတွက် လွန်ခဲ့သောနှစ်က ထူထောင်ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို တရုတ်က ၎င်း၏ ပိုင်နက်အဖြစ် သဘောထားသည်။
လေ့ကျင့်မှုများအနက် အချို့ကို ကြည့်ရှုပြီးနောက် ပါဝင်သူများနှင့် စကားပြောစဉ် မစ္စတာ လိုင်က ထိုလေ့ကျင့်မှုများသည် ပထမဆုံး လေ့ကျင့်မှုဖြစ်ပြီး လူ ၁,၅၀၀ ခန့် ပါဝင်ကြောင်းနှင့် လာမည့်လတွင် အရေအတွက် ပိုမိုများပြားမည်ဖြစ်ကြောင်း ပြောသည်။
“ရည်ရွယ်ချက်က အတိုင်းအတာကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမှုများတဲ့ ကြီးမားတဲ့ မတော်တဆဖြစ်ရပ်တွေ ဒါမှမဟုတ် ဒေသတွင်း ပထဝီနိုင်ငံရေး အပြောင်းအလဲတွေ ကိုင်တွယ်နိုင်ဖို့ ထိုင်ဝမ်လူ့အဖွဲ့အစည်းရဲ့ ကြံ့ကြံ့ခံနိုင်ရည် တည်ဆောက်ဖို့ ဖြစ်တယ်။ ကြိုတင်ပြင်ဆင်ဖို့ မပျက်ကွက်ဝံ့ဘူး” ဟု သမ္မတ လိုင်က ပြောသည်။
“တားဆီးကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားပုံလိုပဲ ရန်သူက မလာဘူးဆိုတဲ့ ဖြစ်နိုင်ခြေအပေါ် ကျနော်တို့ အားမကိုးသင့်ဘဲ ရန်သူကို ရင်ဆိုင်ဖို့ ကျနော်တို့ အသင့်ရှိမှုအပေါ် အားကိုးသင့်တယ်” ဟု မစ္စတာ လိုင်က ပြောသည်။
“စစ်အင်အားနဲ့သာမက ကာကွယ်ရေးမှာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ကြံ့ကြံ့ခံနိုင်ရည်နဲ့ ထိုင်ဝမ်ရဲ့ လုံခြုံရေးကို ကာကွယ်နိုင်မယ်။ ကျနော်တို့အင်အားကို ပြသခြင်းနဲ့ ငြိမ်းချမ်းရေးရမယ်လို့ ကျနော်တို့ မျှော်လင့်တယ်” ဟုလည်း ၎င်းကပြောသည်။

တရုတ်နိုင်ငံသည် ဂျက်တိုက်လေယာဉ် ၂၈ စင်း၊ ဒရုန်းများ၊ လေယာဉ်များနှင့် စစ်သင်္ဘောများ ပါဝင်သည့် “ပူးတွဲထိုးစစ် အသင့်ရှိမှု ကင်းလှည့်ခြင်း” နောက်တကြိမ်ကို မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက ပြောသည်။ သမ္မတ လိုင်၏ ပြောကြားချက်များအပြီး ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
ထိုင်နန် လေ့ကျင့်မှုသည် ပြင်းထန်သော ကမ်းလွန်ငလျင်အပြီး ဆူနာမီနှင့် ခရီးသည်ဆိပ်ကမ်းတွင် “ပေါက်ကွဲမှုများ” စသည့် အခြေအနေများကို ပုံတူပြုလုပ်လေ့ကျင့်ပြီး ဒဏ်ရာရသူများကို စစ်ဆေးကုသရေးဌာနများသို့ ရွှေ့ပြောင်းပေးကာ အရေးပေါ်တုံ့ပြန်မှု ကွပ်ကဲရေးဌာနများ ထူထောင်ခြင်းတို့ ပါဝင်သည်။
ယာယီတဲများတွင် ထိခိုက်ဒဏ်ရာရသူများကို မြေပြင်တွင်ချထား၍ ကုသပေးပြီး အခြားအရာရှိများက ဝှိုက်ဘုတ်ကြီးများထောင်ကာ လူနာ၏ အခြေအနေကိုကုသမှု၊ မည်သူသေဆုံးသည်နှင့် ဒဏ်ရာမည်မျှ ရသည်ကို မှတ်တမ်းတင်သည်ကို တွေ့ရသည်။
ငလျင်ကဲ့သို့သော အမှန်တကယ် သဘာဝဘေးအန္တရာယ်များကို ကူညီဖြေရှင်းရာတွင် ရှေ့တန်းမှ ပါဝင်လေ့ရှိသော ထိုင်ဝမ်စစ်တပ်သည် ယခုလေ့ကျင့်မှုတွင် တိုက်ရိုက် မပါဝင်သော်လည်း လက်နက်ကိုင်တပ်များသည် ပြင်ပခွဲစိတ်ရုံများ ထူထောင်ရန် ပစ္စည်းများနှင့် အခြားကိရိယာများ ငှားရမ်းပေးသည်။
ထိုလေ့ကျင့်မှုကို တက်ရောက်ကြည့်ရှုသူများတွင် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ပိုလန်နှင့် အိန္ဒိယတို့မှ ထိုင်ဝမ်ဆိုင်ရာ သံအမတ်သဖွယ် ဖြစ်နေသူများလည်း ပါဝင်ပြီး အခြား အဆင့်မြင့်သံတမန်များတွင် ဗြိတိန်၊ စင်ကာပူ၊ ဂျပန်၊ အစ္စရေး၊ ကနေဒါနှင့် သြစတြေးလျတို့ ပါဝင်သည်။
ထိုင်ဝမ်သည် ပြတ်ရွေ့ကြောများအပေါ်တွင် တည်ရှိပြီး ငလျင် မကြာခဏလှုပ်ကာ တိုင်ဖွန်းမုန်တိုင်းများကို ရင်ဆိုင်ရသော်လည်း သေချာစီမံထားသည့် သဘာဝဘေးအန္တရာယ် စီမံချက်များကြောင့် ယေဘုယျအားဖြင့် ထိခိုက်သေဆုံးမှု နည်းသော်လည်း ၁၉၉၉ ခုနှစ်က ပြင်းအား ၇ ဒသမ ၃ ငလျင်တွင် လူ ၂,၀၀၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား ။ ။ Reuters သတင်း Taiwan simulates response to large scale disasters, Chinese threats
You may also like these stories:
ထိုင်ဝမ်သိမ်းပိုက်ရေး တရုတ် အကြို စစ်ရေးလေ့ကျင့်ဟု အမေရိကန် ဗိုလ်ချုပ်ကြီး ပြော
တရုတ်နိုင်ငံနဲ့ ရောထွေးမှု မရှိအောင် ထိုင်ဝမ် ပတ်စပို့ ပုံစံသစ် ပြောင်းလဲ
နွေးထွေးလာသော ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးကြောင့် တရုတ်ခေါင်းကိုက်
ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်ပြောဆိုမှု အရာမထင်














