လွန်ခဲ့သော သီတင်းပတ်က ထိုင်ဝမ် ပတ်ပတ်လည်တွင် တရုတ်၏ ကြီးမားသော စစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်သိမ်းပိုက်မှု အစမ်းလေ့ကျင့်ခြင်းနှင့်တူကြောင်း ပစိဖိတ်ဒေသမှ အမေရိကန် ထိပ်တန်းအရာရှိက ပြောသည်။
ပုံစံတူ အစမ်းလေ့ကျင့်မှုပြုလုပ်ခဲ့သည့် စစ်သင်္ဘော ၅၀ နီးပါးနှင့် ဗုံးကြဲလေယာဉ်များ ပါဝင်သော နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်က ထိုင်ဝမ်ကို အင်အားသုံး သိမ်းယူရန် ဆုံးဖြတ်ပါက တရုတ်သည် ထိုင်ဝမ်ကို ပိတ်ဆို့မည့်ပုံစံ ပြသနေသည်။
ထိုစစ်ရေးလေ့ကျင့်မှုများသည် ပင်လယ်-လေကြောင်း ပူးတွဲထိုးစစ် အသင့်ဖြစ်မှု ကင်းလှည့်ရေး၊ ကျယ်ပြန့်သော စစ်မြေပြင် ထိန်းချုပ်မှု ပူးတွဲသိမ်းပိုက်ရေးနှင့် အဓိက ပစ်မှတ်များကို ပူးတွဲ အတိအကျ ပစ်ခတ်ရေးတို့ကို အထူးပြုကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ တရုတ်ရုပ်သံ CCTV ၏ ရိုက်ကူးမှုများတွင် ဒုံးကျည်အစစ်များနှင့် ပုံစံယူလေကြောင်း တိုက်ခိုက်မှုများကို ပြသထားသည်။
ထိုစစ်ရေးလေ့ကျင့်မှုများ အပြီးတွင် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ၊ အရာရှိများက ထိုင်ဝမ်ကို ထောက်ခံမှု ပြတ်ပြတ်သားသားပြသပြီး တုံ့ပြန်ခဲ့သည်။
မေလ ၂၉ ရက်နေ့တွင် အမေရိကန် အင်ဒိုပစိဖိတ် တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဆင်မြူရယ် ပါပါရိုက ထိုစစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်သိမ်းပိုက်မှု အစမ်းလေ့ကျင့်ခြင်းနှင့် တူကြောင်း၊ အမေရိကန် ပြည်ထောင်စုသည် ထိုစစ်ရေးလေ့ကျင့်မှုများကို အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း ပြောသည်။
“ဒါကို ကျနော်တို့ စောင့်ကြည့်တယ်၊ မှတ်သားတယ်၊ လေ့လာတယ်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ ဒါတွေက ကျနော်တို့ကို အထောက်အကူပြုတယ်” ဟု ဂျပန်မှ Nikkei သတင်းစာသို့ ၎င်းက ပြောသည်။
ယခုလအစောပိုင်းက တပ်မှူးတာဝန်ယူခဲ့သော ရေတပ်ဗိုလ်ချုပ်ကြီး ပါပါရိုက အမေရိကန်နှင့် မဟာမိတ်များသည် တရုတ်နှင့် ထိုင်ဝမ်အကြား ပဋိပက္ခ မဖြစ်စေရန် တားဆီးရေးအတွက် ဒေသတွင်းတွင် အဟန့်အတားကို ဦးစားပေးကြောင်းလည်း ပြောသည်။
အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်၏ ဆက်ဆံရေးသည် ကမ္ဘာတွင် အရေးအကြီးဆုံး မဟာမိတ်ဖြစ်သည်ဟု ၎င်းကပြောပြီး အင်ဒိုပစိဖိတ် ဒေသတွင်း ကြီးထွားလာသည့် ခြိမ်းခြောက်မှုနှင့် ထိုဒေသတွင်းလုံခြုံရေးအပေါ် အမေရိကန်၏ အာရုံစိုက်မှုကို ဖော်ပြသည်။ အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်သို့ တရုတ်၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် ဂျပန်အခြေစိုက်စခန်းများကို မှီခိုကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ဖူးသည်။
အခြား အမေရိကန်အရာရှိများကလည်း အလားတူ ပူပန်မှုများကို ဖော်ပြကြသည်။ ယခုအပတ် အစောပိုင်းတွင် အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ် မိုက်ကယ် မက်ကောက ထိုစစ်ရေးလေ့ကျင့်မှုများသည် ဝိုင်းပတ်ပိတ်ဆို့ရန် ကြိုတင်စမ်းသပ်သည်နှင့် တူကြောင်း ပြောပြီး ထိုင်ဝမ် သို့မဟုတ် အမေရိကန် ပြည်ထောင်စုထံမှ တုံ့ပြန်မှု မည်သို့ရှိမည်ကို ပြသနေကြောင်း ပြောသည်။
ထိုင်ဝမ်သို့ သွားရောက်စဉ် မက်ကောက အမေရိကန်စစ်ရေး အကူအညီများကို ပေးပို့နေကြောင်းနှင့် ဟာပွန်း သင်္ဘောဖျက် ဒုံးကျည်များကဲ့သို့သော ရေကြောင်းလက်နက်များသည် ဦးစားပေးဖြစ်လာကြောင်း ပြောသည်။
လွန်ခဲ့သောအပတ်က စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်ကျွန်း ပတ်ဝန်းကျင်တွင် ပြုလုပ်သည့် ရန်စသော စစ်ရေးလေ့ကျင့်မှု ပထမဆုံးအကြိမ် မဟုတ်ပေ။ သုံးနှစ်အတွင်း တတိယအကြိမ်ဖြစ်သည်။ ပထမဆုံးအကြိမ် ထိုသို့သော စစ်ရေးလေ့ကျင့်မှုကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပေလိုစီ ထိုင်ဝမ်သို့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက လာပြီးနောက် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလက ပြုလုပ်ခဲ့သည်။
နောက်ဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုများသည် ပူးတွဲထိုးစစ်စွမ်းရည်ကို အာရုံစိုက်ပုံရပြီး တရုတ်က ကြေညာထားသည့် စစ်ရေးလေ့ကျင့်သော ဇုန်များသည် ထိုင်ဝမ်က ကြေညာထားသည့် ထိစပ်ဇုန်၊ ရေပိုင်နက် အစွန်းတို့နှင့် ကပ်နေသကဲ့သို့ ထိုင်ဝမ်အပေါ် အဓိက ဖိအားပေးပြီး ထိုကျွန်းကို တရုတ်တပ်များ မည်သို့တိုက်မည်ဟု စမ်းသပ်ရန်အတွက် တရုတ်ကို အခွင့်အလမ်းပေးသည်။
ထိုစစ်ရေးလေ့ကျင့်မှုများ မတိုင်မီ တရုတ်က စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်လွတ်လပ်ရေး အင်အားစုများ၏ ခွဲထွက်သည့် လုပ်ရပ်များအတွက် ပြင်းထန်သော ပြစ်ဒဏ်နှင့် အမေရိကန်၊ ဂျပန်ကဲ့သို့ ပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်း၊ ရန်စခြင်းကို ပြင်းထန်စွာ သတိပေးခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
ထိုစစ်ရေးလေ့ကျင့်မှုများသည် တိုးတက်သော ဒီမိုကရက်တစ်ပါတီ (DPP) မှ လိုင်ချင်းတီ သမိုင်းဝင် ရွေးကောက်ခံရခြင်းကို တုံ့ပြန်ခြင်းဖြစ်သည်ဟုလည်း မြင်ကြသည်။ သူသည် မစ္စ ဆိုင်အင်ဝန် လက်အောက်တွင် ဒုတိယ သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည်။ မစ္စတာ လိုင်ကို တရုတ်က အလွန်မနှစ်မြို့ဘဲ အန္တရာယ်များသည့် ခွဲထွက်ရေးသမားအဖြစ် သတ်မှတ်ထားသည်။ မစ္စတာ လိုင် ကျမ်းသစ္စာကျိန်ဆိုသည့် မိန့်ခွန်းတွင် နိုင်ငံကို ကာကွယ်ရန် မိမိတို့၏ဆုံးဖြတ်ချက်ကို ထိုင်ဝမ်က မည်သို့ ပြသရမည်ဖြစ်ကြောင်း ဗြောင်ကျကျ ဖော်ပြထားသောကြောင့် တရုတ်ခေါင်းဆောင်ပိုင်းတွင် စိတ်အနှောက်အယှက် ဖြစ်စေပုံလည်းရနေသည်။
တရုတ်သည် ထိုင်ဝမ်နှင့် ပေါင်းစည်းရန် ဆုံးဖြတ်ထားသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းခြင်းကို လိုလားသော်လည်း အင်အားသုံးရန်လည်း အသင့်ရှိကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်။ ထိုသို့သော ဖြစ်ရပ်မျိုးတွင် ဝိုင်းပတ်ပိတ်ဆို့မှုတမျိုးမျိုး ပါဝင်ဖွယ်ရှိပြီး ထိုင်ဝမ်ကို ပြင်ပနှင့် အဆက်ဖြတ်ကာ အမေရိကန်နှင့် မဟာမိတ်များသည် စစ်ပွဲအပြည့်အဝ မဖြစ်ဘဲ မည်သို့ တုံ့ပြန်ရမည်ကို မသိနိုင်တော့သည့် မီးခိုးရောင် ကြားခံနယ်မြေကို ထူထောင်လိုက်မည်ဖြစ်သည်။
ကိုးကား ။ ။ Business Insider သတင်း China’s military exercises last week ‘looked like a rehearsal’ for a Taiwan invasion, US’ top officer in the Pacific says
You may also like these stories:
အာရှပစိဖိတ်၏ အနာဂတ်သည် တရုတ်မဟုတ်ဘဲ ထိုင်ဝမ်သာဖြစ်
ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်ပြောဆိုမှု အရာမထင်
ထိုင်ဝမ်ရွေးကောက်ပွဲအပြီး တရုတ်ကို မြန်မာစစ်ကောင်စီ ထပ်မံ ထောက်ခံ
အမေရိကန် မပါဘဲ တရုတ်ကို ထိုင်ဝမ် မည်သို့ ခံတိုက်နိုင်သနည်း
တရုတ်နိုင်ငံနဲ့ ရောထွေးမှု မရှိအောင် ထိုင်ဝမ် ပတ်စပို့ ပုံစံသစ် ပြောင်းလဲ