ယူကရိန်းစစ်ပွဲတွင် ရုရှားကို တရုတ်နှင့် မြောက်ကိုရီးယားက ထောက်ခံခြင်းသည် ဒေသများအကြား စည်းများ မှုန်ဝါးလာခြင်းနှင့် ကာကွယ်ရေးနှင့်ပတ်သက်သည့် ကမ္ဘာ့အမြင်တခု လိုအပ်ကြောင်း ဖော်ပြနေသည်ဟု ထိပ်တန်းလုံခြုံရေး အရာရှိများက ဇွန်လ ၁ ရက်နေ့တွင် ပြောသည်။
မြောက်ကိုရီးယားသည် ယူကရိန်းရှေ့တန်းတွင် တိုက်ခိုက်ရန် တပ်များစေလွှတ်ထားပြီး တရုတ်နိုင်ငံသည် ရုရှားကို စီးပွားရေးနှင့် နည်းပညာအရ ထောက်ပံ့ကာ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ဆန့်ကျင်သည်။
ယူကရိန်းကျဆုံးပါက အာရှတွင် ရိုက်ခတ်မှုရှိမည်ဖြစ်ပြီး ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ် တခုလုံးတွင် တရုတ်၏ နယ်မြေတောင်းခံမှု အတင့်ရဲလာနိုင်စေသည်ဟု အာရှ၏ အဓိက ကာကွယ်ရေးဆွေးနွေးပွဲဖြစ်သည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီး မစ္စ ဒိုဗိုင်းလ် ဆာကယ်လိန်းက တက်ရောက်လာသည့် ကိုယ်စားလှယ်များကို ပြောသည်။
“ယူကရိန်းမှာ ရုရှားနိုင်ရင် ဥရောပကိစ္စသက်သက် မဟုတ်ဘူး။ ဒေသတခုတည်းရဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီကိစ္စဟာ သူတို့ရဲ့ နယ်နိမိတ်တွေကို ဘယ်သူမဆို လျစ်လျူရှုနိုင်တယ်၊ လုပ်ကြံဖန်တီးတဲ့ အကြောင်းပြချက်နဲ့ ကျူးကျော်တိုက်ခိုက်နိုင်တယ်ဆိုတာ အင်ဒို-ပစိဖိတ်က နိုင်ငံငယ်တွေကို အချက်ပေးလိုက်တာဖြစ်တယ်” ဟု ၎င်းကပြောသည်။
ထိုစကားများသည် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် မေလ ၃၀ ရက်နေ့က ညီလာခံဖွင့်ပွဲတွင် အင်ဒိုပစိဖိတ်ဒေသ၌ ဥရောပ ပိုမိုထိတွေ့ဆက်ဆံရေး ထောက်ခံသည့် စကားကို ထပ်မံ ပဲ့တင်ထပ်ခြင်းဖြစ်သည်။
ဥရောပနိုင်ငံများသည် ၎င်းတို့ဒေသအတွက် ကာကွယ်ရေး အားထုတ်မှုများကို အာရုံစိုက်ပြီး အင်ဒိုပစိဖိတ်ဒေသကို အမေရိကန်၏ တာဝန်အဖြစ် သတ်မှတ်သင့်ကြောင်း မေလ ၃၁ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က ပြောသော်လည်း ထိုဒေသများသည် အပြန်အလှန် ဆက်စပ်နေကြောင်း မစ္စ ဆာကယ်လိန်းက ပြောသည်။
“ဂျပန်ရဲ့ ဆိုက်ဘာလုံခြုံရေးကို အဓိက ချိုးဖောက်သူတွေအကြောင်း ပြောတဲ့အခါ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားဟာ အဓိက ချိုးဖောက်တဲ့နိုင်ငံတွေ ဖြစ်တယ်ဆိုတာ လျှို့ဝှက်ချက် မဟုတ်ဘူး” ဟုလည်း ၎င်းကပြောသည်။
“လစ်သူယေးနီးယားရဲ့ ဆိုက်ဘာလုံခြုံရေး ချိုးဖောက်သူတွေအကြောင်း ပြောတဲ့အခါ ရုရှား၊ တရုတ်နဲ့ ဘယ်လာရုစ်ပဲ။ အဲဒီ သုံးနိုင်ငံထဲက နှစ်နိုင်ငံက လုံးဝအတူတူပဲ” ဟုလည်း မစ္စ ဆာကယ်လိန်းက ဆက်လက် ပြောကြားသည်။
ပိုမို ညှိနှိုင်းဆောင်ရွက်သော အာဏာရှင်ဝန်ရိုးတန်းအဖြစ် ရုရှား၊ တရုတ်၊ အီရန်နှင့် မြောက်ကိုရီးယားတို့ စုစည်းမိလာခြင်းကြောင့် ညီညွတ်သော တုံ့ပြန်မှု လိုအပ်လာကြောင်း ၎င်းကပြောသည်။ အီရန်သည် ရုရှား၏ စစ်ရေးအားထုတ်မှုများတွင် ဒရုန်း အဓိကထောက်ပံ့သည့် နိုင်ငံဖြစ်သည်။
“ဒီလိုအခြေအနေမှာ အမေရိကန် ပြည်ထောင်စုက အင်ဒို-ပစိဖိတ်ကို သေနင်္ဂဗျူဟာအရ အာရုံစိုက်တာ မှန်ကန်သလို လိုလည်း လိုအပ်ပေမဲ့ ဒါဟာ အမေရိကန်တခုတည်းရဲ့ တာဝန်မဟုတ်ဘူး” ဟု မစ္စ ဆာကယ်လိန်းက ပြောသည်။
နိုင်ငံတကာ သေနင်္ဂဗျူဟာလေ့လာရေး အင်စတီကျု (IISS) က ကျင်းပသည့် သုံးရက်ကြာ ညီလာခံတွင် သူအဓိက မှတ်သားထားသည့်အချက်မှာ ဥရောပနိုင်ငံများသည် ဆွေးနွေးပွဲများတွင် “ထိတွေ့ဆက်ဆံသည့် နည်းလမ်း၏ စစ်မှန်သော ရည်ရွယ်ချက် ဖြစ်သည်” ဟု သြစတြေးလျ ကာကွယ်ရေးဝန်ကြီး မစ္စတာ ရစ်ချတ် မာလက်စ်က သတင်းထောက်များကို ပြောသည်။
“ဒါဟာ အင်ဒို-ပစိဖိတ်ကတဖက် မြောက်အမေရိကက အခြားတဖက်ကနေ ဆက်စပ်မှု၊ အပြန်အလှန် ချိတ်ဆက်မှုအမြင်ကို ထင်ဟပ်တယ်” ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံသည် ယခုနှစ်ညီလာခံသို့ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ အဆင့်နိမ့်ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်သော်လည်း တရုတ်သည် ဒေသတွင်း မတည်ငြိမ်အောင် လုပ်နေပြီး ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်ရန် ပြင်ဆင်နေသည်ဆိုသည့် မစ္စတာ ဟက်ဆက်၏ ပြောကြားချက်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်နေ့တွင် တုံ့ပြန်သည်။
“အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုကလွဲရင် ဘယ်အင်အားကြီးနိုင်ငံကိုမှ ဗိုလ်ကျတဲ့နိုင်ငံလို့ မခေါ်သင့်ဘူး” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပြီး ထိုင်ဝမ်ကိစ္စသည် တရုတ်ပြည်တွင်းရေးသာ ဖြစ်သည်ဟု ထပ်လောင်းပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ရင် အမေရိကန် ပြည်ထောင်စုဟာ ဘယ်တော့မှ သွေးတိုးမစမ်းသင့်ဘူး” ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှု ပဋိပက္ခများတွင် ပိုမို ပါဝင်ပတ်သက်နေသည့် ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး မစ္စတာ ဂျီလ်ဘာတို တီရိုဒိုရို ဂျူနီယာက အမေရိကန် ပြည်ထောင်စုသည် ပြဿနာဖြစ်သည်ဆိုသည့် တရုတ်၏ အတွေးအခေါ်ကို မထီမဲ့မြင်ပြုသည်။
“တရုတ်အစိုးရက မျှတမှန်ကန်တယ်လို့ သတ်မှတ်တဲ့ကိစ္စတွေဟာ ကျန်တကမ္ဘာလုံးက အထူးသဖြင့် နိုင်ငံငယ်တွေက လက်ခံတဲ့ စံနှုန်းတန်ဖိုးတွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။
“တရုတ် ဦးဆောင်တဲ့ နိုင်ငံတကာစနစ်ကို ပုံဖော်ကြည့်ဖို့ တောင်တရုတ်ပင်လယ်က အိမ်နီးချင်းနိုင်ငံငယ်တွေကို တရုတ်က ဘယ်လို ဆက်ဆံလဲဆိုတာကြည့်ရင် သိနိုင်တယ်” ဟုလည်း မစ္စတာ ဂျီလ်ဘာတို တီရိုဒိုရို ဂျူနီယာက ပြောသည်။
အင်ဒို-ပစိဖိတ်ဒေသမှ တင်းမာမှုများ၏ နိုင်ငံတကာရိုက်ခတ်မှုကို သူက အလေးထားပြောပြီး တောင်တရုတ်ပင်လယ်သည် ကမ္ဘာ့စီးပွားရေး အသက်သွေးကြောဖြစ်သည့် ရေကြောင်းလမ်း အများအပြားအနက် တခုဖြစ်သည်ဟု ပြောသည်။
“အဲဒီ ရေကြောင်းလမ်းတွေထဲက ဘယ်လမ်းကြောင်းမှာမဆို ပြတ်တောက်မှုဟာ တိုက်ကြီးတွေ အားလုံးမှာ သက်ရောက်မှုဖြစ်စေပြီး ကုန်သွယ်ရေး စီးဆင်းမှု၊ စစ်ရေးဖြန့်ကြက်မှုနဲ့ သံတမန်ရေးဟန်ချက်တွေကို ထိခိုက်စေတယ်” ဟု မစ္စတာ ဂျီလ်ဘာတို တီရိုဒိုရို ဂျူနီယာက ပြောသည်။
တရုတ်နိုင်ငံသည် ကာကွယ်ရေးဝန်ကြီးကို မစေလွှတ်သောကြောင့် တရုတ်၏ အာဘော်ကို ကျန်နိုင်ငံများ သိစေမည့် အခွင့်အလမ်းတခု ဆုံးရှုံးသွားသော်လည်း ပေါင်းကူးတံတားများ တည်ဆောက်ရန်နှင့် နားလည်မှုလွဲမှားခြင်းကို တားဆီးရန်အတွက် တရုတ်နှင့်ဆက်ဆံရန် ကြိုးစားရေးသည် အခြားနိုင်ငံများ၏ တာဝန်ဖြစ်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး မစ္စတာ ချိန်ချွန်ဆင်းက ပြောသည်။
စင်ကာပူသည် အမေရိကန် ပြည်ထောင်စု၊ တရုတ် နှစ်နိုင်ငံလုံးနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများနှင့်အတူ ဒေသတွင်း သြဇာကြီးမားသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်လည်းဖြစ်သည်။
“တရုတ်နဲ့ အတူတကွ လုပ်ကိုင်ဖို့ဟာ ကျနော်တို့အားလုံးရဲ့ အကျိုးစီးပွားပဲဖြစ်ပြီး ကမ္ဘာ့နိုင်ငံတိုင်းနဲ့အတူ လုပ်ဖို့ဟာ တရုတ်ရဲ့ အကျိုးစီးပွားလည်း ဖြစ်တယ်။ တရုတ်ရဲ့ စိုးရိမ်သောကနဲ့ ရည်မှန်းချက်တွေကို ပိုမိုနက်ရှိုင်းစွာ နားလည်ခြင်းဟာ ကျနော်တို့အကျိုးစီးပွားဖြစ်ပြီး ကျန်တကမ္ဘာလုံးက တရုတ်ကို ဘယ်လို မြင်တယ်ဆိုတာကို နားလည်ဖို့ကလည်း အလားတူ အရေးကြီးတယ်” ဟု ၎င်းကပြောသည်။
ကိုးကား ။ ။ AP သတင်း Top Defence Officials say Ukraine War has blurred lines, Exposing Global Threats
You may also like these stories:
တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်
ရုရှားနှင့် ယူကရိန်း စစ်သုံ့ပန်းလဲလှယ်ရေး အလောင်းများပြန်လွှဲရေး သဘောတူ
အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်
ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်