ရွေးကောက်ပွဲကျင်းပဖို့ ၅ လလောက်ပဲ လိုတော့တဲ့အချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေတွေ့ရင် ပါတီဖျက်သိမ်းမယ်ဆိုတဲ့ပုဒ်မကို ထပ်ဖြည့်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။
ယခင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေရဲ့ အခန်း (၃) ပါတီများဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်းဆိုတဲ့အပိုင်းမှာ ထပ်ဖြည့်လိုက်တာဖြစ်ပြီး ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၀)ရဲ့နောက်မှာ ပုဒ်မခွဲငယ် (၁၁) အဖြစ် ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စုတဝန်းလုံး ပြိုင်မယ့် နိုင်ငံရေးပါတီတွေဟာ မဲဆန္ဒနယ်အားလုံးရဲ့တဝက်မှာ မပြိုင်ရင်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်တွင်းအတွင်းမှာပဲ ပြိုင်မယ့်ပါတီဟာ အနည်းဆုံးမဲဆန္ဒနယ် တနယ်မှာမပြိုင်ရင်၊ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ် မတရားအသင်းကြေညာထားတဲ့အဖွဲ့အစည်း အဖွဲ့ဝင်တွေနဲ့ တိုက်ရိုက်၊ သွယ်ဝိုက် ဆက်ဆံရင်၊ သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ၊ ပါတီရုံးခန်း မဖွင့်နိုင်ရင် ပါတီဖျက်သိမ်းခံရမယ်လို့ ထုတ်ပြန်ထားခဲ့ပြီးသားပါ။
အခုတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေကို ကျူးလွန်ကြောင်း ရွေးကောက်ပွဲကော်မရှင်က တွေ့ရင်လည်း ပါတီကို ဖျက်သိမ်းမှာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဒီပုဒ်မကို အခုမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဖြည့်စွက်တာဖြစ်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့မဲရလဒ်တွေကို မဲမသမာဘူး၊ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်တယ်၊ မျှတမှုမရှိဘူးဆိုပြီး ပယ်ဖျက်ခဲ့သလို NLD အစိုးရကိုလည်း အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာလရွေးကောက်ပွဲမှာ NLD ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီစတဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတွေ မပါကြဘူးဆိုပေမယ့် စစ်ကောင်စီဟာ ဒီပုဒ်မကိုကိုင်ပြီး လာမယ့်ပါတီနိုင်င်ငံရေးအခင်းအကျင်းမှာ သူဖျက်ချင်တဲ့ပါတီကို ဖျက်နိုင်မှာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း NLD ပါတီက သောင်ပြိုင်ကမ်းပြို အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်က မဲမသမာမှု တရားမဲ့ပြုကျင့်မှုတွေရှိလို့ ကန့်ကွက်ခဲ့ပြီးနောက် အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဆီမှာ မှတ်ပုံတင်ထားတာ ၅၇ ပါတီရှိပြီး အဲဒီထဲမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်ပြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီအပါအဝင် ၉ ပါတီဟာ တနိုင်ငံလုံးစည်းရုံးမယ့် ပါတီတွေဖြစ်ပြီး ကျန် ၄၈ ပါတီကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာစည်းရုံးမယ့် ပါတီတွေ ဖြစ်ကြပါတယ်။
ကြံ့ခိုင်ရေးပါတီကတော့ ရွေးကောက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလိုပြောဆိုထားပြီး ကျန်ပါတီတွေကလည်း ပါတီလှုပ်ရှားမှုတွေကို ခပ်စိပ်စိပ်လုပ်နေကြပါတယ်။
ရွေးကောက်ပွဲမကျင်းပခင် ၃ လအလိုမှာ ပါတီမဲဆွယ်စည်းရုံးရေး စတင်တော့မှာမို့လို့ လာမယ့်လပိုင်းမှာပဲ ပါတီမဲဆွဲစည်းရုံးရေးလှုပ်ရှားမှုတွေကို မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေ၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှာ မဟုတ်ဘူးလို့ အစောပိုင်းနှစ်တွေကတည်းက ကန့်ကွက်ထားကြတာဖြစ်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံကလည်း စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပဖို့ထက် ပစ်ခတ်တိုက်ခိုက်မှုတွေ အရင်ရပ်သင့်တယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ရုရှား၊ ဘယ်လာရုစ်တို့ကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ထောက်ခံထားကြပါတယ်။
You may also like these stories:
ရွေးကောက်ပွဲအတွက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းကို အမြတ်ထုတ်
မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်
ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား
အတုအယောင် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင် အာဏာ ဆွဲဆန့်ဖို့ ပြင်














