ရွေးကောက်ပွဲကျင်းပရန် ၆ လအလို ဇူလိုင်လ ၃၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)က နိုင်ငံအား အရေးပေါ်အခြေအနေမှ ရုပ်သိမ်းလိုက်သော်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော တိုင်းနှင့်ပြည်နယ် ၉ ခုရှိ ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာကာ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်လိုက်ခြင်းသည် ယင်းမြို့နယ်များ၌ ရွေးကောက်ပွဲမကျင်းပနိုင်သည့်သဘော သက်ရောက်နေကြောင်း နိုင်ငံရေးပါတီများက သုံးသပ်သည်။
စစ်တပ်အနေဖြင့် လက်ရှိ ၆၃ မြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာရန် ယခင်ကတည်းက စီစဉ်သတ်မှတ်ထားခြင်း ရှိမရှိ မသိရသော်လည်း ရွေးကောက်ပွဲကော်မရှင်ဘက်မှ နိုင်ငံရေးပါတီများနှင့် အလွတ်သဘောပြောဆိုခဲ့သည့် မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၇ မြို့နယ်တွင်သာ ရွေးကောက်ပွဲကျင်းပပေးနိုင်သည်ဆိုသည့်အချက်နှင့် တိုက်ဆိုင်နေသည်။
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ(ပဲခူးအခြေစိုက်) ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက “ အစောပိုင်း အလွတ်သဘောပြောတာနဲ့ ကွက်တိ ကျပါတယ်၊ ၂၆၇ မြို့မှာလုပ်ပေးနိုင်တယ်လို့ ပြောထားတယ်၊ စစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့က ၅၀/၅၀ ပဲ။ သူတို့(စစ်ကော်မရှင်)ရဲ့ ကြိုးပမ်းမှုအပေါ် မူတည်ပါတယ်၊ သုံးလအတွင်းမှာ သူတို့ရဲ့စိုးမိုးမှု ရသွားရင်တော့ နောက်သုံးလကြာ တခါထပ် ကြေညာမှာပေါ့”ဟု ပြောသည်။
ပဲခူးတိုင်းအတွင်းမြို့နယ်များအနေဖြင့် စစ်အုပ်ချုပ်ရေးတွင် မပါဝင်သော်လည်း ပဲခူးအရှေ့ခြမ်းနှင့်အနောက်ခြမ်းရှိ ရိုးမနှင့် ထိစပ်ရာ မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး လုံခြုံရေးအခြေအနေကြောင့် ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ၎င်းကထောက်ပြသည်။
“ မြို့ပေါ်ပဲဦးစားပေး သွားနေရတာ၊ ကျနော်တို့ရွာတွေအထိ သွားနိုင်တဲ့စည်းရုံးနိုင်တဲ့အား မရှိသေးဘူး၊ ငြိမ်းချမ်းတဲ့ ဒေသတခုလို ကျနော်တို့ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်သေးပါဘူး၊ အသက်အန္တရာယ်ကို မကာကွယ်ပေးနိုင်လို့ ပါတီဝင်ချင်ရင် တောင်မှ ကျနော်တို့က လက်မခံရဲဘူး”ဟု ၎င်းက ဆက်ပြောသည်။

ကာ/လုံက အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားသော တိုင်းနှင့် ပြည်နယ်အသီးသီးမှ မြို့နယ်များမှာ မန္တလေးတိုင်းတွင် မိုးကုတ်အပါအဝင် ၃ မြို့နယ်၊ စစ်ကိုင်းတိုင်း ထီးချိုင့်၊ ကောလင်းမြို့နယ်အပါအဝင် မြို့နယ် ၉ မြို့နယ်၊ မကွေးတိုင်း ပေါက်၊ မြိုင်မြို့နယ်အပါအဝင် ၅ မြို့နယ်၊ ရှမ်းပြည်နယ် မိုးမိတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်အပါအဝင် ၁၅ မြို့နယ်၊ ကချင်ပြည်နယ် ရွှေကူ၊ ချီဖွေမြို့နယ်အပါအဝင် ၅ မြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်၊ ထန်တလန်မြို့နယ် အပါအဝင် ၇ မြို့နယ်၊ ရခိုင်ပြည်နယ် ရမ်းဗြဲ၊ ပေါက်တောအပါအဝင် ၁၄ မြို့နယ်နှင့် ကရင်နီပြည်(ကယားပြည်နယ်) ဖားဆောင်းမြို့နယ် အပါအဝင် ၃ မြို့နယ်တို့ဖြစ်သည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ရာ ဟိုပန်မြို့နယ်နှင့် အမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော်(NDAA)ထိန်းချုပ်ရာ မိုင်းလားမြို့နယ်တိုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
NDAA/မိုင်းလားတပ်ဖွဲ့ တာဝန်ရှိသူ ဦးကြည်မြင့်က “ ကျနော်တို့မိုင်းလားဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်ကာလကနေ အခုထိဆိုလို့ရှိရင် ရန်ကုန်၊မန္တလေးထက် အေးချမ်းတယ်၊ ငြိမ်းချမ်းသာယာပြီးမှ နယ်မြေလေ၊ အခုက သူတို့ ဘယ်လိုဖြစ်ပြီး ထည့်ထားလဲ မသိဘူး၊ မနေ့ကကြည့်လေ၊ သူတို့ပထမကြေညာတာ ပညာရေးဝန်ကြီးဌာနတောင် မေ့ကျန်ခဲ့တာ၊ နောက်မှပြန်ဖြည့်စွက်တာဆိုတော့ ကမန်းကတမ်း နဲ့ထုတ်တာနဲ့ နည်းနည်းလောနေသလားမသိဘူး၊ ဘာမှန်းတော့ မသိဘူး၊ ကျနော်တို့လည်းပြောလို့မရဘူး၊ ဘာမှပြောလာတာလည်း မရှိပါဘူး” ဟု ဧရာဝတီသို့ပြောသည်။
NDAA ၏ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ဦးဆန်လူ၊ ဦးကြည်မြင့်တို့ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ပြီးခဲ့သည့် မေလ ၂၅ ရက်က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကျိုင်းတုံမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မိုင်းလားဒေသ၌ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းမှ လက်ခံထားခြင်း မရှိကြောင်း ဦးစန်ပေ့က ပြောခဲ့သည်။
စစ်ကောင်စီသဘောတူညီချက်ဖြင့် တရားဝင်လွှဲပြောင်းပေးကြောင်း UWSA က ယမန်နှစ် ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာခဲ့သည့် ဟိုပန်မြို့အား စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းလိုက်ခြင်းနှင့် ပတ်သက်ပြီး UWSA ကို ဆက်သွယ် မေးမြန်း ထားသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့် ၆၃ မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသော မိုးမောက်နှင့် မံစီတို့ကဲ့သို့ မြို့နယ်များပါဝင်လာခြင်း မရှိသေးသည့်အတွက် ဆက်လက်၍ စစ်အုပ်ချုပ်ရေး ကြေညာမည့်မြို့နယ်များ ထပ်တိုးလာနိုင်ဖွယ် ရှိနေသည်။
အာဏာသိမ်းစစ်တပ်ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အစိုးရသစ်နှင့် စစ်ဗိုလ်ချုပ်ကြီးများ ဖြင့် စစ်ကော်မရှင်သစ်တို့ကိုဖွဲ့စည်းခဲ့သလို ၎င်းတို့လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးကိုကိုအား ရာထူးမှဖယ်ရှားကာ ဒုဥက္ကဋ္ဌ ဦးသန်းစိုးအား အစားထိုးခန့်အပ်ထားသည်။
ယခုနှစ်ကုန် ဒီဇင်ဘာနှင့် နောက်နှစ်ဇန်နဝါရီတို့တွင် ရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းနေသော အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲဥပဒေပြင်ဆင်ပြောင်းလဲမှုများ၊ ရွေးကောက်ပွဲအား ဆန့်ကျင်နှောင့်ယှက်မှုအပေါ် သေဒဏ်ပေးနိုင်သည့် ဥပဒေပြဋ္ဌာန်းမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေးအခြေအနေအရ မကြာခင်ကျင်းပမည့်ရွေးကောက်ပွဲအား လုံခြုံရေးနှင့်စီမံခန့်ခွဲမှုအပေါ် မူတည်ကာ အပိုင်းလိုက်ခွဲကျင်းပမည်ဖြစ်ပြီး အပိုင်းတခုနှင့်တခုကြားတွင် အနည်းဆုံးရက်သတ္တတပတ်ခြားဆောင်ရွက်ရန် လျာထားကြောင်း ယမန်နေ့က ကျင်းပသည့် ကာ/လုံအစည်းအဝေးတွင် စစ်ခေါင်းဆောင်ကပြောထားသည်။
ထို့ပြင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ရက်ပေါင်း ၉၀ အတွင်း ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ ယင်း ၆၃ မြို့နယ်အား စစ်အုပ်ချုပ်ရေး ကြေညာပြီး သက်ဆိုင်ရာ တိုင်းမှူးများသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် ပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကိုတာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးနိုင်သည်ဟုလည်း ဆိုထားသည်။
You may also like these stories:
လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း
မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်း လဲတော့မလား
တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ
စစ်အုပ်ချုပ်ရေးအောက်က ဖရိုဖရဲ ဘဝများ













