စစ်အုပ်ချုပ်ရေးသည် ပြည်သူများ၏ နေ့စဉ်ဘဝမှ အနာဂတ်လုံခြုံရေးအထိ နယ်ပယ်အားလုံးတွင် ထိခိုက်ဆုံးရှုံးမှုများကို ဖြစ်စေသည်။
ပြည်တွင်းတွင် ပျက်စီးပြိုကျနေသော အခြေအနေမှ လွတ်မြောက်ရန် အထက်လွှာနှင့် လူလတ်တန်းစားမှ ပညာတတ် လူငယ်များ၊ အသက်အရွယ် အလယ်အလတ် နိုင်ငံသားများ နိုင်ငံကို စွန့်ခွာမှုသည် တနေ့တခြား တိုးပွားလာနေသည်။
အချို့က အသက်မွေးကြောင်း အခွင့်အလမ်း၊ အချို့က ၎င်းတို့ ရင်သွေးများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်၊ အချို့မှာ ပိုမိုဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ရှာရန် နိုင်ငံကို စွန့်ခွာသွားနေကြသည်။
အမျိုးမျိုးသော အကြောင်းများကြောင့် အမိနိုင်ငံကို စွန့်ခွာကြသော်လည်း ချုပ်လျှင် အဓိက အကြောင်းရင်းမှာ စစ်အာဏာရှင်စနစ်အောက်တွင် မနေလိုခြင်းဖြစ်သည်။
အချို့က အသက်မွေးကြောင်း အခွင့်အလမ်း၊ အချို့က ၎င်းတို့ ရင်သွေးများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်၊ အချို့မှာ ပိုမိုဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ရှာရန် နိုင်ငံကို စွန့်ခွာသွားနေကြသည်။
နိုင်ငံကို စွန့်ခွာသွားသူ အများအပြားသည် ပြည်ပနေရာ အနှံ့အပြားသို့ ဦးတည်နေပြီး အချို့သည် သမုဒ္ဒရာကြီးများ၊ ကမ္ဘာ့တိုက်ကြီးများကို ဖြတ်ကျော်သွားသလို အချို့သည် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေသည်။
မစန်းစန်းသည် ထိုသို့သောသူများအနက် တဦးဖြစ်သည်။
ရန်ကုန်ဇာတိဖြစ်သော မစန်းစန်းသည် မြန်မာကို စွန့်ခွာရန် ပြီးခဲ့သည့် ဇွန်လက စတင်စဉ်းစားခြင်းဖြစ်ပြီး နောက်တလကြာသောအခါ သူမ၏ ကလေး ၂ ဦးနှင့် နိုင်ငံမှ မထွက်ခွာမီ ဇူလိုင်လတွင် ကြိုတင်ပြင်ဆင်ရသည်။
သူသည် ယမန်နှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု ပြန်လည်ရှိလာအောင် စောင့်နေသူများတွင် ပါဝင်သည်။ သို့သော် တနှစ်ကျော် ကြာသောအခါ ထိုသို့ စောင့်နေခြင်းသည် အချည်းနှီးဖြစ်ကြောင်း သူသိလာသည်။
မစန်းစန်းသည် အခမ်းအနား ပွဲလမ်းသဘင်ရှိတိုင်း အထည်များ ချုပ်လုပ်ပေးရသူ ဖြစ်သည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက် ထိုသို့သော အခမ်းအနား ပွဲလမ်းသဘင်များ ကွယ်ပျောက်ကုန်သည်။ သူနှင့် အသက် ၈ နှစ်အရွယ် အမွှာကလေးငယ် ၂ ဦးသည် သင်္ဘောသား ခင်ပွန်း၏ ဝင်ငွေကိုသာ လုံးလုံးလျားလျား မှီခိုနေကြရတော့သည်။
“ကျမစောင့်နေရတာ တနှစ်ကျော်ပြီ၊ တော်လောက်ပြီ။ ကလေးတွေ ပညာရေးကို စဉ်းစားဖို့ အချိန်ကျပြီ။ နောက်ဆုံးတော့ ကလေးတွေပညာရေးအတွက် ထိုင်းကိုပြောင်းဖို့ ကျမတို့ လင်မယားနှစ်ယောက် ဆုံးဖြတ်လိုက်တယ်”
“ကျမစောင့်နေရတာ တနှစ်ကျော်ပြီ၊ တော်လောက်ပြီ။ ကလေးတွေ ပညာရေးကို စဉ်းစားဖို့ အချိန်ကျပြီ။ နောက်ဆုံးတော့ ကလေးတွေပညာရေးအတွက် ထိုင်းကိုပြောင်းဖို့ ကျမတို့ လင်မယားနှစ်ယောက် ဆုံးဖြတ်လိုက်တယ်” ဟု ယခုအခါ ချင်းမိုင်တွင် အုပ်ထိန်းသူ ဗီဇာဖြင့် နေထိုင်နေသော မစန်းစန်းက ပြောသည်။
အခြား မြန်မာမိဘ အများအပြားကဲ့သို့ပင် မစန်းစန်းသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ပြုလုပ်သည့် ပညာရေး ပြုပြင်ပြောင်းလဲမှုများအကြား ပုဂ္ဂလိက ကျောင်းများတွင် သူ၏ ကလေးများကို ပညာသင်ကြားပေးရန် မျှော်လင့်ခဲ့သည်။
သို့သော် သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားများ၏ အိပ်မက်များသည် စစ်တပ်က လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းသောအခါ တစစီ ရိုက်ချိုးခံရသည်။
နိုင်ငံမှ ထွက်ပြေးသူများတွင် နိုင်ငံရေး ဖရိုဖရဲအခြေအနေကြောင့် လတ်တလော အန္တရာယ်မရှိသည့် ပညာတတ် ကျွမ်းကျင်သူများလည်း ပါဝင်သည်။ ၎င်းတို့သည် ထိုင်း၊ စင်ကာပူနှင့် မလေးရှားကဲ့သို့သော အိမ်နီးချင်း နိုင်ငံများသို့ ပြောင်းရွှေ့သူများပါသကဲ့သို့ အခြားသူများသည် ရေခြားမြေခြား သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုကဲ့သို့သော နိုင်ငံများသို့ ပြောင်းရွှေ့သူများလည်း ပါဝင်သည်။
မြန်မာတွင် စီးပွားရေးလုပ်ငန်းသစ်တခုကို တည်ထောင်သူဖြစ်သည့် ဦးမျိုးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ပထမအကြိမ် သက်တမ်းအတွင်း ပြုလုပ်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စိတ်ပျက်သောကြောင့် အာဏာမသိမ်းမီကပင် မြန်မာမှ ထွက်ခွာလိုသူဖြစ်သည်။
သို့သော် NLD သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် ဒုတိယသက်တမ်းတွင် စီးပွားရေးတိုးတက်အောင် လုပ်လာနိုင်သည်ဆိုသည့် မျှော်လင့်ချက်ဖြင့် သူစောင့်နေခဲ့သည်။ ထိုရွေးကောက်ပွဲအပြီး ဖြစ်လာသည့် စစ်အာဏာသိမ်းမှုကြောင့် တုန်လှုပ်ရပြီး မျှော်မှန်းချက်များအားလုံး ပျက်စီးသွားသည်။
“နိုင်ငံကို စွန့်ခွာရတဲ့ အဓိကအကြောင်းရင်းကတော့ ကျနော်တို့အတွက် လုံခြုံတဲ့ပတ်ဝန်းကျင် မရှိတော့လို့ပဲ။ စီးပွားရေး အခြေအနေက ဆိုးတယ်။ ကလေးတွေ ပညာရေးက မရေရာဘူး” ဟု သူကရှင်းပြသည်။
“နိုင်ငံကို စွန့်ခွာရတဲ့ အဓိကအကြောင်းရင်းကတော့ ကျနော်တို့အတွက် လုံခြုံတဲ့ပတ်ဝန်းကျင် မရှိတော့လို့ပဲ။ စီးပွားရေး အခြေအနေက ဆိုးတယ်။ ကလေးတွေ ပညာရေးက မရေရာဘူး”
သူနှင့် သူ့မိသားစုသည် ၈ လကြာ ကြိုတင်ပြင်ဆင်ပြီးနောက် ဇွန်လတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်။
မြန်မာတွင် အာဏာမသိမ်းမီက မသင်းသင်းနှင့် သူမ၏ ခင်ပွန်းသည် အစားအသောက်နှင့် ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေး ကုမ္ပဏီတခု လုပ်ကိုင်ကြသည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက် အထွေထွေ စီးပွားရေးနှေးကွေးမှု ဖြစ်ပေါ်သည်။ ကလေးများသည် သူငယ်တန်းကျောင်းသားများ ဖြစ်သောကြောင့် ၎င်းတို့သည် မိသားစုနှင့် စီးပွားရေးလုပ်ငန်းကို စင်ကာပူသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်ရသည်။
၎င်းတို့သည် ဖေဖော်ဝါရီလတွင် မြန်မာမှ ထွက်ခွာခဲ့သော်လည်း မြန်မာမှ ဝန်ဆောင်မှုများကို အဝေးမှ ဆက်လက် လုပ်ကိုင်ပေးနေသလို စင်ကာပူတွင်လည်း ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေး လုပ်ငန်းသစ်များကို စတင်ထားပြီး ဖြစ်သည်။
ဘဝလုံခြုံသောအခါမှသာ မြန်မာသို့ ပြန်မည်ဖြစ်ကြောင်း မသင်းသင်းက ပြောသည်။ မြို့ကြီးများတွင် စစ်ထရပ်ကားများ ကင်းလှည့်နေသမျှ ကာလပတ်လုံး ပြန်ရန် အခြေအနေမရှိကြောင်း သူကပြောသည်။
“ကျမ ခံစားခဲ့ရတာမျိုးတွေ ကလေးတွေကို မခံစားစေချင်ဘူး” ဟု ယခင် စစ်အုပ်စုအောက်တွင် သူ ခံစားရသည်များကို ရည်ညွှန်းပြီး ပြောသည်။
ရန်ကုန် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးရေး အစိုးရမဟုတ်သော အဖွဲ့အစည်းတခုမှ စီမံကိန်း ညှိနှိုင်းရေးမှူး မချိုချိုသည်လည်း စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာ အလှူရှင်များထံမှ အလှူငွေ မရတော့သောကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည်။
အခြား အစိုးရမဟုတ်သော အဖွဲ့အစည်း NGO သို့ မဝင်ရောက်လို၊ စစ်အာဏာရှင် စနစ်အောက် မြန်မာတွင်လည်း မနေလိုတော့သောကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်မှ ပညာသင်ဆု လျှောက်ထားလိုက်ပြီး ထိုဆုရသည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ချင်းမိုင်သို့ ပြောင်းရွှေ့ပြီးနောက် မြန်မာမှ ထွက်ခွာလာသူများ စုံစည်းရန် ကော်ဖီဆိုင် သို့မဟုတ် စားသောက်ဆိုင်ဖွင့်ရန် အကြံရသည်။
စုဆောင်းထားငွေ အားလုံးကို ထိုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံပြီး နောက်ဆုံးတွင် မြန်မာဟင်းနှင့် ထုတ်ကုန်များ ရရှိသည့် ဗမာစားသောက်ဆိုင်နှင့် စတိုးဆိုင်ကို ဖွင့်နိုင်ခဲ့သည်။ လုံခြုံရေးအကြောင်းကြောင့် သူ၏ လုပ်ငန်းအမည်ကို ထုတ်ဖော်ခြင်း မပြုရန် တောင်းဆိုခဲ့သည်။
“ကျမက ချင်းမိုင်မှာ အခြေချလိုက်ပြီ။ ဒါပေမယ့် နိုင်ငံအတွက် ဝမ်းနည်းတယ်။ ဒါကြောင့် မြန်မာက ခြိမ်းခြောက်မှုတွေ၊ အန္တရာယ်တွေက ထွက်ပြေးလာသူတွေကို အကောင်းဆုံးကူညီတယ်။ သူတို့တွေထဲမှာ စားသောက်ဆိုင်မှာ ပန်းကန်ဆေးနေရတဲ့ လူငယ်ဆရာဝန်တယောက်လည်း ပါတယ်” ဟု သူကပြောသည်။
ရန်ကုန် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးရေး အစိုးရမဟုတ်သော အဖွဲ့အစည်းတခုမှ စီမံကိန်း ညှိနှိုင်းရေးမှူး မချိုချိုသည်လည်း စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာ အလှူရှင်များထံမှ အလှူငွေ မရတော့သောကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည်။
လူလတ်တန်းစား အတတ်ပညာရှင်များ မည်မျှ စွန့်ခွာထွက်ပြေးသည်ကို ကိန်းဂဏန်း အတိအကျ မသိရသော်လည်း ထိုင်းနိုင်ငံတွင် နေထိုင်နေသည်မှာ ဆယ်စုနှစ်တခု ကြာပြီဖြစ်သူများက ထိုင်းတွင် မြန်မာနိုင်ငံမှ ရောက်လာသူ အရေအတွက် များပြားနေကြောင်း ပြောသည်။
ဦးဂျွန်သည် ချင်းမိုင်တွင် နေထိုင်နေသည်မှာ နှစ်ပေါင်း ၂၈ နှစ်ကြာပြီဖြစ်သော မြန်မာစီးပွားရေးသမားတဦး ဖြစ်သည်။ သူသည် ခရီးသွားလုပ်ငန်း လုပ်ကိုင်ပြီး မြန်မာမှ ဧည့်သည်များကို ဝန်ဆောင်မှုပေးသည်။ သို့သော် အာဏာသိမ်းပြီးနောက် မြန်မာမှ စီးပွားရေးနှင့် လူမှုရေးဖရိုဖရဲ အခြေအနေများကြောင့် ထိုလုပ်ငန်းကို ဆက်လက် မလုပ်ကိုင်နိုင်တော့ဘဲ လွန်ခဲ့သောနှစ်တွင် အိမ်ခြံမြေလုပ်ငန်းသို့ ပြောင်းလိုက်ရသည်။
ထိုင်းနိုင်ငံသို့ ယခု တရားဝင်လမ်းကြောင်းမှ ရောက်လာသူအများစုသည် ပညာရေးနှင့် အသက်မွေး ဝမ်းကြောင်းရှာရန် ရောက်လာသည့် လူငယ်များ၊ ငြိမ်းချမ်းစွာနေလိုသည့် ပုံမှန် ပြည်ပဝင်ငွေရှိ မိသားစုများဖြစ်ကြောင်း သူကပြောသည်။
မြန်မာမှ ထိုသို့ရောက်လာသူ အရေအတွက်သည် ယခုနှစ် မတ်လတွင် များပြားလာပြီး လူလတ်တန်းစားနှင့် အထက်လွှာမှ ပညာသင်ဆုရပြီး ထိုင်းတွင် ပညာသင်ရန်နှင့် အလုပ်လည်း လုပ်သူများဖြစ်ကြောင်း ဦးဂျွန်က ပြောသည်။
ထိုင်းနိုင်ငံသို့ ယခု တရားဝင်လမ်းကြောင်းမှ ရောက်လာသူအများစုသည် ပညာရေးနှင့် အသက်မွေး ဝမ်းကြောင်းရှာရန် ရောက်လာသည့် လူငယ်များ၊ ငြိမ်းချမ်းစွာနေလိုသည့် ပုံမှန် ပြည်ပဝင်ငွေရှိ မိသားစုများဖြစ်သည်။
ချမ်းသာကြွယ်ဝသော မြန်မာများသည် တလလျှင် ဘတ် တသောင်းအထက် ပေးရသည့် ဘန်ဂလိုများနှင့် နှစ်ထပ်အိမ်များကို ပိုမိုကြိုက်နှစ်သက်သော်လည်း တလလျှင် ဘတ် ၃,၀၀၀ မှ ၇,၀၀၀ ကြားပေးရသည့် တန်ဖိုးနည်း ကွန်ဒိုတိုက်ခန်းများသည် စီးပွားသွက်နေကြောင်း ချင်းမိုင်မှ အိမ်ခြံမြေ လုပ်ငန်းများ၏ ပြောကြားချက်အရ သိရသည်။
ငွေကြေးတတ်နိုင်သော မြန်မာများသည် ကွန်ဒိုတိုက်ခန်းများ၊ အိမ်များကို ဝယ်ယူနေထိုင်ကြသည်ဟု ဆိုသည်။
ထိုင်းမြို့တော် ဘန်ကောက်အနှံ့အပြားတွင် မြန်မာနိုင်ငံသားများသည် ရေတို ရေရှည်နေထိုင်ရန် အစီအစဉ်များဖြင့် ရောက်လာနေကြသည်။
“၂၀၂၁ ခုနှစ် မတိုင်ခင်က ချင်းမိုင်တက္ကသိုလ် ပတ်ဝန်းကျင်မှာ တပတ်ကို မြန်မာအိမ်ငှား ၃ ယောက်လောက်ပဲ ရှိတယ်။ ဒီနှစ်ကျတော့ တပတ်ကို ၅ ယောက်ကနေ ၇ ယောက်အထိကို အကူအညီပေးနေရတယ်” ဟု ချင်းမိုင်မှ အိမ်ခြံမြေအကျိုးဆောင် မယမုံက ပြောသည်။
စင်ကာပူအခြေစိုက် ဆော့ဖ်ဝဲလ် ကုမ္ပဏီမှ ပရိုဂရမ်မာရေးဆွဲသူ တဦးအဖြစ် ကိုဖြိုးသည် ကိုဗစ်နိုင်တင်း ဖြစ်ပွားချိန်မှ စတင်ပြီး အိမ်မှအလုပ်လုပ်နေသူ ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းလိုက်ချိန်တွင် သူ၏လုပ်ငန်းများ ပြတ်တောက်သွားသည်။
“အာဏာသိမ်းပြီးနောက် ကျနော်က လမ်းမပေါ် ဆန္ဒပြပွဲအများအပြားမှာ ပါဝင်ခဲ့တယ်။ ဒါပေမယ့် နေ့စဉ်လိုလို ဝမ်းနည်းကြေကွဲစရာတွေ တွေ့နေရတယ်။ ကျနော် အလုပ်ဆက် မလုပ်နိုင်တော့ဘူး။ စိတ်ဓာတ်ကျတယ်။ ကိုယ့် စိတ်ခံစားမှုကို ကိုယ် မထိန်းချုပ်နိုင်တော့ဘူး” ဟု ကိုဖြိုးက ပြောသည်။
“နိုင်ငံမှာတည်ငြိမ်မှု ပြန်လည် ထိန်းသိမ်းနိုင်ရင်တောင်မှ စီးပွားရေး ပြိုလဲနေပြီ။ လူသားရင်းမြစ်တွေ ပျက်စီးနေနိုင်တယ်။ အခြေအနေမှန်ကို ပြန်လည်ထိန်းသိမ်းဖို့ အနည်းဆုံး ၅ နှစ်နဲ့အထက်ကြာလိမ့်မယ်”
နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် လုပ်ငန်းဆောင်ရွက်ရာ၌ အင်တာနက် ပြတ်တောက်ခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း အပါအဝင် အခြားအဓိက အကျပ်အတည်းများကိုလည်း သူရင်ဆိုင်ရသည်။
တနှစ်ကြာ ထိုသို့သော ပြတ်တောက်မှုများအပြီး သူနှင့် ပရိုဂရမ်မာတဦးပင်ဖြစ်သော သူ၏ဇနီးသည် ဇူလိုင်လတွင် ဘန်ကောက်သို့ ထွက်ခွာခဲ့သည်။ ယခုအခါ ၎င်းတို့ ဇနီးမောင်နှံသည် ၃ လ အလည်အပတ်ဗီဇာ ရရှိထားပြီး ၆ လအထိ သက်တမ်းတိုးနိုင်သည့် ပညာရေးဗီဇာ လျှောက်ထားရန် ကြိုးစားနေရသည်။
မြန်မာတွင် ကျန်းမားရေးစောင့်ရှောက်မှု အခြေအနေကို စိုးရိမ်ရသောကြောင့် ၎င်းတို့သည် မိဘများကိုလည်း နိုင်ငံမှ ထွက်ခွာနိုင်အောင် ကြိုးစားနေကြသည်။
အနည်းဆုံး ၅ နှစ်အတွင်း နိုင်ငံသို့ မပြန်ရန် ကိုဖြိုး ဆုံးဖြတ်ထားသည်။
“နိုင်ငံမှာတည်ငြိမ်မှု ပြန်လည် ထိန်းသိမ်းနိုင်ရင်တောင်မှ စီးပွားရေး ပြိုလဲနေပြီ။ လူသားရင်းမြစ်တွေ ပျက်စီးနေနိုင်တယ်။ အခြေအနေမှန်ကို ပြန်လည်ထိန်းသိမ်းဖို့ အနည်းဆုံး ၅ နှစ်နဲ့အထက်ကြာလိမ့်မယ်” ဟု သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Hein Htoo Zan ၏ Myanmar’s Brain Drain Grows Amid Chaos of Life Under Military Rule ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်အုပ်စု အဆက်ဆက် မြန်မာပြည်သူ သန်းပေါင်းများစွာကို မောင်းထုတ်ခဲ့သည်
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
မြန်မာနိုင်ငံတွင် စစ်တပ် လိုသည်၊ သို့သော် လက်ရှိစစ်တပ် မဟုတ်
စစ်ရှောင်နှင့် ရွှေ့ပြောင်း မြန်မာကလေးတွေ ပညာရေး ထိုင်းအစိုးရ ကူညီလာ