မြန်မာနိုင်ငံတွင် စစ်တပ် လိုသည်၊ သို့သော် လက်ရှိစစ်တပ် မဟုတ်

Scot Marciel
နေပြည်တော်ရှိ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတခု
Want create site? Find Free WordPress Themes and plugins.

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်အာဏာသိမ်းမှုနှင့် ၎င်း၏နောက်ဆက်တွဲ ပြည်သူလူထုအား အကြမ်းဖက်မှုများကို ကမ္ဘာ့အနှံ့အပြားတွင် ဒေါသမထွက်လျှင်ပင် စိတ်မကောင်း ဖြစ်ကြသည်။ သို့သော်လည်း တိုင်းရင်းသား ပဋိပက္ခများဖြစ်ပွားနေသော နိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ တရားဝင်အခေါ် တပ်မတော်သည် အရေးပါသော အင်အားစုဖြစ်ကြောင်းနှင့် ထိုသို့မဟုတ်လျှင် နိုင်ငံတွင် ခိုင်မာသော အင်အားစု ကင်းမဲ့နေမည်ဖြစ်ကြောင်း အချို့သော နိုင်ငံတကာလေ့လာသူများက ပြောကြသည်။

လက်ရှိမြေပြင်မှ ပကတိအရှိတရားဖြစ်သည့် တပ်မတော်၏ အင်အားကြီးမားခြင်း၊ ထိုအင်အားကို အသုံးပြုရန် စိတ်အားထက်သန်ခြင်း၊ အာဏာကို အသေအလဲ ဖက်တွယ်ရန် ဆုံးဖြတ်ထားခြင်းနှင့် အတိုက်အခံများ၏ ရင်းမြစ်ချို့တဲ့သည့် သဘောသဘာဝတို့ကြောင့် စစ်တပ်ကို ယခင်အာဏာမသိမ်းမီက ပုံစံနီးပါး ဆက်လက်ထားရှိရန် လိုသည်ကို လက်ခံသည့် ညှိနှိုင်းဖြေရှင်းမှုကို လိုလားသူများ ပေါ်ပေါက်စေသည်။ ထိုကဲ့သို့သော ရလဒ်ဖြစ်နိုင်ခြေကို လက်ခံသော်လည်း ထိုရလဒ်သည် ကောင်းမွန်ပြီး ရေရှည်တည်တံ့မည့် ရလဒ်ဟု မဆိုလိုပေ။

စစ်တပ်သည် သွင်ပြင်အားလုံးနီးပါးတွင် မြန်မာနိုင်ငံအတွက် အဖျက်သဘော ဆောင်နေသည်မှာ အနည်းဆုံး ရာစုနှစ် တဝက်နီးပါးကြာပြီဖြစ်သည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို ထိုမျှကြာအောင် ပိုမိုဖျက်ဆီးနိုင်သည့် အဖွဲ့အစည်းကို စဉ်းစားရှာဖွေရန်ပင် ခက်ခဲသည်။

တပ်မတော်သည် အရေးပါသော အဖွဲ့အစည်းဖြစ်သည်ဆိုသည့် သဘောထားသည် အခြေခံ ပကတိ အရှိတရား ၂ ခုကို လျစ်လျူရှုသည်။ ထိုပကတိ အရှိတရား ၂ ခုမှာ စစ်တပ်သည် ပဋိပက္ခကို မီးမွေးကာ သွေးကွဲမှုများဖြစ်စေပြီး အာဏာငမ်းငမ်းတက်နေသောကြောင့် တိုင်းပြည်အကျိုးစီးပွားကို အလေးမထားဘဲ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် မြန်မာပြည်သူများက စစ်အုပ်စုကို တညီတညာတည်း မုန်းတီးကာ ၎င်းတို့အောက်တွင် ငြိမ်းချမ်းစွာ မနေလိုခြင်းတို့ဖြစ်သည်။၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသ်ိမ်းမှုကြောင့် နိုင်ငံတဝှမ်းပေါ်ပေါက်လာသည့် စစ်အာဏာသ်ိမ်း ဆန့်ကျင်အုံကြွမှုသည် ကြီးမားသည့် အတိုင်းအတာရှိသောကြောင့် ရှေ့လာမည့်နှစ်များတွင် အာဏာဗဟိုချက်များနှင့် ပတ်သက်၍ စဉ်းစားတိုင်း ယခင်အယူအဆဟောင်းများကို လူတိုင်းလူတိုင်း မေးခွန်းထုတ်သင့်သည်။

နှစ်ပေါင်း ၅၀ ကြာ တိုင်းပြည်ကို ဖျက်ဆီးခြင်း

စစ်တပ်သည် သွင်ပြင်အားလုံးနီးပါးတွင် မြန်မာနိုင်ငံအတွက် အဖျက်သဘော ဆောင်နေသည်မှာ အနည်းဆုံး ရာစုနှစ် တဝက်နီးပါးကြာပြီဖြစ်သည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို ထိုမျှကြာအောင် ပိုမိုဖျက်ဆီးနိုင်သည့် အဖွဲ့အစည်းကို စဉ်းစားရှာဖွေရန်ပင် ခက်ခဲသည်။ ဒေးဗစ် မက်သီဆန်၏ စကားအရ ဆိုပါက စစ်အုပ်စုသည် သမိုင်းတလျှောက် “အမှောင်ဖုံးသော စစ်တပ်” ဖြစ်နေဆဲ ဖြစ်သည်။

စစ်တပ်၏ အခန်းကဏ္ဍကို နားလည်ရန် သမိုင်းဆရာ ဦးသန့်မြင့်ဦး ပြောသည့်အတိုင်း မြန်မာနိုင်ငံသည် “လက်စမသတ်ရသေးသော နိုင်ငံဖြစ်သည်”ဆိုသည့်အချက်ဖြင့် စတင်သင့်သည်။ ရာနှင့်ချီသော တိုင်းရင်းသားအုပ်စုများသည် အမျိုးသားရေးလက္ခဏာ ဘုံအမြင် တခုဖြင့် မည်သည့်အခါကမျှ ညီညွတ်ခဲ့ခြင်းမရှိဟု သူဆိုလိုသည်။ ခေတ်သစ်သမိုင်းတွင် မြန်မာနိုင်ငံသည် အများအားဖြင့် တိုင်းပြည်၏ လူအများစုကို ကိုယ်စားပြုသည့် ဗမာအမျိုးသားရေးဝါဒ အင်အားစုများနှင့် ၎င်းတို့၏ အခွင့်အရေးများ၊ ယဉ်ကျေးမှုများကို ကာကွယ်ရန် ကိုယ်ပိုင်အုပ်ချုပ်ရေး သို့မဟုတ် ဖက်ဒရယ်ပုံစံတမျိုးမျိုးကို တောင်းဆိုနေသော လူနည်းစု လူမျိုးစု တိုင်းရင်းသားများအကြား တိုက်ပွဲကိုသာ ကြုံတွေ့နေခဲ့ရသည်။

လူမျိုးစုံ ဘာသာစုံသော နိုင်ငံကို ပေါင်းစည်းရန် စစ်တပ်ကဲ့သို့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများကို အသုံးပြုခြင်းထက် ထိုအဖွဲ့အစည်းများကို ဗမာသီးသန့်နီးပါး အဖွဲ့အစည်းများ ဖြစ်အောင် လုပ်ဆောင်သည်။

ကိုလိုနီခေတ်အတွင်းက ဗြိတိသျှတို့သည် တိုင်းရင်းသား ကွဲပြားမှုနှင့် အမျိုးသားရေး လက္ခဏာများကို အားပေးပြီး အိန္ဒိယမှ ရွှေ့ပြောင်းအခြေချသူအများအပြားကို ခေါ်သွင်းပြီး ဗမာအများစုထက် တိုင်းရင်းသားလူမျိုးစုများကို မျက်နှာသာပေးသည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်သောအခါ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာအမျိုးသားရေးဝါဒီများသည် ဂျပန်နှင့် ပူးပေါင်းပြီး လူနည်းစု တိုင်းရင်းသားလူမျိုးစုအချို့က ဗြိတိသျှတို့နှင့်အတူ တိုက်ပွဲဝင်သောကြောင့် များပြားလှသော ပဋိပက္ခများနှင့် ဆိုးရွားလှသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ပေါ်ပေါက်စေခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရမီတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လူနည်းစု တိုင်းရင်းသာ လူမျိုးစုများ ကိုယ်ပိုင်အုပ်ချုပ်ရေးရစေမည်ဆိုသည့် ကတိ (ပင်လုံစာချုပ်) ကို အခြေခံကာ တိုင်းပြည်ကို စည်းလုံးညီညွတ်စေရန် ကြိုးစားသော်လည်း ၁၉၄၇ ခုနှစ်တွင် သူ လုပ်ကြံသတ်ဖြတ်ခံရသောအခါ ထိုကတိကို အကောင်အထည်ဖေါ်ခြင်း မရှိတော့ပေ။

စစ်တပ်အကြီးအကဲ ဗ်ိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီး နိုင်ငံ၏ ရှုပ်ထွေးလှသော လွတ်လပ်ရေးကာလလွန် ဒီမိုကရေစီစမ်းသပ်မှုကို အဆုံးသတ်လိုက်ပြီး ဗမာလူများစု လွှမ်းမိုးမှုကို ပြန်လည်စတင်လိုက်သည်။ ထိုစစ်အာဏာသိမ်းမှုနှင့် နောက်ပိုင်းတွင် နေဝင်းက ချမှတ်လိုက်သော မူဝါဒများသည် တိုင်းပြည်ကို ဆယ်စုနှစ်များစွာကြာသည့် ဆင်းရဲတွင်းသို့ ကျဆင်းစေသည်။ နေဝင်း၏ ဗမာဗုဒ္ဓဘာသာ အမျိုုးသားရေးဝါဒနှင့် ပြင်ပစွက်ဖက်မှုကို ကြောက်လန့်ခြင်းသည် နိုင်ငံကို အထီးကျန်ဖြစ်စေပြီး အိန္ဒိယ အနွယ်အများအပြားကို နိုင်ငံမှ ထွက်သွားစေသည်။ ထို အိန္ဒိယအနွယ်များတွင် ကျွမ်းကျင်သော အုပ်ချုပ်ရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်သွားသည်။ ထိုနောက် စီးပွားရေးကို နိုင်ငံပိုင်သိမ်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟု အမည်တပ်သည်။ ထိုနောက် သူသည် သာသနာပြုကျောင်းများ၊ ဖို့ဒ် ဖေါင်ဒေးရှင်းနှင့် အာရှဖေါင်ဒေးရှင်း အပါအဝင် ပြည်ပပညာရေး အဖွဲ့အစည်းများကို မောင်းထုတ်ပြီး နိုင်ငံကို မှားယွင်းသည့် လမ်းကြောင်းသို့ ပို့လွှတ်လိုက်သည့် ဆိုးရွားလှသော ဆိုရှယ်လစ် ပြည်တွင်းဖူလုံမှု စီးပွားရေးဗျူဟာကို ချမှတ်ကာ နိုင်ငံကို မှားယွင်းသည့် လမ်းကြောင်းသို့ ပို့ဆောင်လိုက်သည်။ ၁၉၈၇ ခုနှစ်သို့ရောက်သောအခါ နေဝင်း၏ စီးပွားရေးမူဝါဒများသည် တိုင်းပြည်ကို လွန်စွာဆင်းရဲတွင်းနက်စေသောကြောင့် ကုလသမဂ္ဂ၏ အဆင်းရဲဆုံးနိုင်ငံများ သတ်မှတ်ချက်တွင် ပါဝင်လာပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတနိုင်ငံ တရားဝင်ဖြစ်လာသည်။

၁၉၉၀ မှ ၂၀၁၀ အတွင်း စီးပွားရေးအတန်အသင့် တိုးတက်ကောင်း တိုးတက်နိုင်ခဲ့သော်လည်း ထိုတိုးတက်မှုအများစုမှာ အဂတိလိုက်စားမှုများအကြား သယံဇာတများကို ထုတ်ယူခြင်းမှ ရရှိသည်။ သို့သော် ထိုတိုးတက်မှုသည် ရေရှည်တည်တံ့ခြင်းမရှိသလို တန်းတူညီမျှခြင်းလည်း မရှိပေ။

ဆယ်စုနှစ် ၅ ခုကြာ အုပ်ချုပ်စဉ်အတွင်း နေဝင်းနှင့် သူ့ကိုဆက်ခံသူများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ဖက်ဒရယ်စနစ်ဆိုသည့် အတွေးအခေါ်ကို ပယ်ချခဲ့ကြပြီး ဗမာလွှမ်းမိုးသည့် တပြည်ထောင်စနစ်ကို အတင်းအကျပ် ဖော်ဆောင်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေသည့် အများအားဖြင့်နယ်စပ်ဒေသများမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးနှင့် စစ်ပွဲများ အမြဲတမ်းဖြစ်နေသည်။ ထိုအာဏာရှိသူများသည် လူမျိုးစုများနှင့် အမျိုးသားရေး လက္ခဏာများနှင့်ပတ်သက်သည့် ပြဿနာကြီးစေသော အယူအဆများကိုလည်း နက်ရှိုင်းစွာ သွပ်သွင်းခဲ့ပြီး ထိုအယူအဆများက ရိုဟင်ဂျာကဲ့သို့သော ဌာနနေတိုင်းရင်းသားမဟုတ်ဟု သတ်မှတ်ခံရသူများ၏ အခြေခံ အခွင့်အရေးများကို ရုတ်သိမ်း လိုက်သည်။ လူမျိုးကွဲပြားမှု အယူအဆကို နှုတ်မှပြောနေသော်လည်း နိုင်ငံ၏သမိုင်း၊ ဘာသာစကား၊ ပညာရေးနှင့် ယဉ်ကျေးမှုကို ဗမာမှုပြုကာ အခြား လူနည်းစု လူမျိုးစု ယဉ်ကျေးမှု အမွေအနှစ်များ ရှင်သန်ရန် အားထုတ်မှုများကို ဖိနှိပ်ဝါးမြိုသည်။ နိုင်ငံကို ပေါင်းစည်းရန် စစ်တပ်ကဲ့သို့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများကို အသုံးပြုခြင်းထက် ထိုအဖွဲ့အစည်းများကို ဗမာသီးသန့်နီးပါး အဖွဲ့အစည်းများ ဖြစ်အောင် လုပ်ဆောင်သည်။ ဗမာများသည် နိုင်ငံက မေးခွန်းထုတ်စရာ မလိုလောက်အောင် သစ္စာခံသည့် တခုတည်းသော လူမျိုးများဖြစ်သည်ဟု ၎င်းတို့မြင်ကြသည်။ တိုင်းရင်းသား လူမျိုးစုများ၏ တရားဝင်သော နစ်နာမှုများကို လျစ်လျူရှုသည့်အပြင် ၎င်းတို့ကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ပြီး နေဝင်းစစ်အုပ်စုသည် နိုင်ငံတွင် လူမှုအသိုက်အဝန်းများအကြား နက်ရှိုင်းစွာသွေးကွဲစေပြီး နောက်ထပ်ပဋိပက္ခကိုပင် မီးထိုးပေးခဲ့သည်။

နေဝင်းသည် အတိုက်အခံထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး လူမှုရေး၊ နိုင်ငံရေး လွတ်လပ်မှုများကို ဖိနှိပ်ကာ နိုင်ငံ၏ ပထမဆုံးသမ္မတ ရှမ်းစော်ဘွား စပ်ရွှေသိုက်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များကို ထောင်သွင်းအကျဉ်းချသည်။ စပ်ရွှေသိုက်သည် နောင်တွင် ထောင်အတွင်းတွင်ပင် ကွယ်လွန်သွားသည်။ နယ်စပ်ဒေသများတွင် စစ်တပ်သည် ကချင်လွတ်လပ်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော်မ၊ ကရင်အမျိုးသား အစည်းအရုံးနှင့် တရုတ်ကျောထောက်နောက်ခံပြု ဗမာပြည်ကွန်မြူနစ်ပါတီကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ချေမှုန်းရန် ဖြတ်လေးဖြတ်ဟု ခေါ်သည့် ရိက္ခာဖြတ်၊ ရန်ပုံငွေဖြတ်၊ သတင်းဖြတ်ခြင်းနှင့် လူသစ်စုဆောင်းမှု ဖြတ်တောက်သည့် ရက်စက်ကြမ်းကြုတ်သော ပုန်ကန်မှု နှိမ်နင်းရေး သေနင်္ဂဗျူဟာများ သုံးသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် နောက်ဆုံး ၁၉၈၉ ခုနှစ်တွင် ပြိုကွဲသွားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဆက်လက်တိုက်ပွဲဝင်ကြသည်။

၁၉၈၈ ခုနှစ်တွင် လွန်စွာ ဆိုးရွားလှသော စီးပွားရေးအခြေအနေများနှင့် ကျယ်ပြန့်သော မကျေနပ်မှုများကြောင့် ကျောင်းသားများဦးဆောင်သည့် လူထုလှုပ်ရှားမှု ပေါ်ပေါက်လာသည်။ ထိုဆန္ဒပြပွဲများကြောင့် နေဝင်း နုတ်ထွက်ရသော်လည်း ဗိုလ်ချုပ်အသစ်များက နိုင်ငံကိုသိမ်းကာ ဆန္ဒပြပွဲများကို သွေးချောင်းစီးဖိနှိပ်သောကြောင့် လူထောင်ပေါင်းများစွာ သေဆုံးပြီး ထိုထက် ပိုမို များပြားသောသူများလည်း ဖမ်းဆီးခံကြရသည်။ ထိုဗ်ိုလ်ချုပ်များသည် ၎င်းတို့၏ စစ်ကောင်စီကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) ဟူသည့် အမည်ပေးကာ ဆိုရှယ်လစ်ဝါဒ ဟန်ဆောင်မှုကို အဆုံးသတ်လိုက်သော်လည်း စီးပွားရေးအပေါ် စစ်တပ်ထိန်းချုပ်မှုကို ဆက်လက်ထိန်းသ်ိမ်းထားသည်။ ထိုသို့ထိန်းချုပ်ထားခြင်းမှာ နိုင်ငံ၏လူအများစု ဆင်းရဲနွမ်းပါးသော်လည်း စစ်တပ်ထိပ်တန်းခေါင်းဆောင်များနှင့် ၎င်းတို့၏ ခရိုနီများလက်တွင် ကြွယ်ဝချမ်းသာမှုများကို စုစည်းထားပြီး နိုင်ငံ၏သယံဇာတများကို အညှာတာကင်းမဲ့စွာ သွေးစုတ်သည့် အကျင့်ပျက်ခြစားသော အရင်းရှင်စနစ်ပင်။

စစ်တပ်သည် အတင်းအကျပ် ထိန်းချုပ်ခြင်းဖြင့် နိုင်ငံကို ညီညွတ်စေရန် ကြိုးစားပြီး တိုင်းရင်းသားလူနည်းစုများ၏ ဘာသာစကားများနှင့် သမိုင်းများ သင်ကြားခြင်းကို ပိတ်ပင်သည်။

နောက်ထပ် ဆယ်စုနှစ် ၂ ခုလုံးလုံး ထိုဗိုလ်ချုပ်များသည် နေဝင်းအုပ်ချုပ်ရေး၏ ဝိသေသ လက္ခဏာများဖြစ်သည့် ဖိနှိပ်ရေး အလေ့အထများနှင့် စီးပွားရေးစီမံခန့်ခွဲမှု အမှားများကို ဆက်လက်ကျူးလွန်ကာ နိုင်ငံကို အရာရာတွင်ခေတ်နောက်ကျစေသည်။ SLORC သည် ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ်နိုင်သောအခါ ရွေးကောက်ပွဲရလဒ်များကို လျစ်လျူရှုပြီး NLD နှင့် အခြား ဒီမိုကရေစီအင်အားစု ခေါင်းဆောင်များကို ထောင်သွင်းအကျဉ်းချကာ နောက်ထပ် နှစ်ပေါင်း ၂၀ နိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ ဗိုလ်ချုပ်များသည် နိုင်ငံရေးလှုပ်ရှားမှုများကို ဖိနှိပ်ပြီး မီဒီယာကို တင်းကျပ်စွာ ဆင်ဆာဖြတ်တောက် ထိန်းချုပ်ကာ အတိုက်အခံများကို ထောင်ချပြီး တရားစီရင်ရေးကို ဗြောင်ကျကျ လိုသလို အသုံးပြုတတ်သည်။

၁၉၉၀ မှ ၂၀၁၀ အတွင်း စီးပွားရေးအတန်အသင့် တိုးတက်ကောင်း တိုးတက်နိုင်ခဲ့သော်လည်း ထိုတိုးတက်မှုအများစုမှာ အဂတိလိုက်စားမှုများအကြား သယံဇာတများကို ထုတ်ယူခြင်းမှ ရရှိသည်။ (တရားဝင် စာရင်းများက မေးခွန်းထုတ်စရာရှိသော်လည်း တိုးတက်မှု ရှိခဲ့ကြောင်း အနည်းဆုံး ဆိုနိုင်သည်။) သို့သော် ထိုတိုးတက်မှုသည် ရေရှည်တည်တံ့ခြင်းမရှိသလို ညီမျှခြင်းလည်း မရှိပေ။ ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၁၄ ခုနှစ်အထိ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၃၇ ရာခိုင်နှုန်းအထက်ဖြင့် အရှေ့တောင် အာရှနိုင်ငံများတွင် အမြင့်မားဆုံးဖြစ်နေပြီး တဦးချင်းဝင်ငွေမှာ ဒေါ်လာ တထောင်ကျော်ရုံလေးသာ ရှိသည်။ စစ်တပ်သည် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံ၏ လျှပ်စစ်ဓါတ်အားစနစ်သည် လူဦးရေ၏ ၃ ပုံ ၁ ပုံအတွက်သာဖြစ်နေသည်။ လမ်းကွန်ရက်သည် အိမ်နီးချင်းများထက် နိမ့်ကျနေသည်။ ၂၀၁၀ ခုနှစ်တွင် အင်တာနက်အသုံးပြုနိုင်သူ အနည်းငယ်သာ ရှိပြီး ဖုန်းဆင်းကတ်တကတ်လျှင် ဒေါ်လာ ၂၅၀၀ ကျော်ပေးနေရသည်။ ပိုမိုကျယ်ပြန့်စွာပြောရပါက စစ်တပ်သည် စီးပွားရေးကို အမြဲတမ်း ဝင်ရောက်စွက်ဖက်နေပြီး လယ်သမားများ မည်သည့်အချိန်တွင် မည်သည့် သီးနှံစိုက်ရမည်ကို ပြောနေသည်။ နိုင်ငံခြားငွေလဲနှုန်း ၁၁ ခုအထိ ဖန်တီးသည်။ ထိုသို့လုပ်ခြင်းကြောင့် စစ်အုပ်စုနှင့် ၎င်းတို့နှင့် ပတ်သက်သူများသည် အကြီးအကျယ် အကျိုးအမြတ်ရကြသည်။ ငွေထုတ်ချေးခြင်းထက် ငွေကြေးခဝါချမှုလုပ်သည့် ဘဏ်လုပ်ငန်းကဏ္ဍကို ထူထောင်ကြသည်။ တချိန်တည်းတွင် စစ်တပ်သည် သယံဇာတထုတ်ယူသည့် လုပ်ငန်းများ အဓိကအားဖြင့်ပါဝင်သည့် နိုင်ငံပိုင်လုပ်ငန်းများကို ထိန်းချုပ်ထားခြင်းမှလည်း အကျိုးအမြတ် အကြီးအကျယ်ရနေသည်။

ဗိုလ်ချုပ်များသည် အခွန်အနည်းငယ်သာ ကောက်ခံပြီး နိုင်ငံ၏ မလုံလောက်သော အသုံးစရိတ်များကို စစ်တပ်အတွက်သုံးကာ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို ချွတ်ခြုံကျစေသည်။ ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၀၀ ပြည့်နှစ်တွင် တနိုင်ငံလုံး အသုံးစရိတ်၏ ၄၀ ရာခိုင်နှုန်းကို စစ်တပ်အတွက်သုံးပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၁ ဒဿမ ၅ ရာခိုင်နှုန်းသာ သုံးသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် အစီရင်ခံစာအရ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းသည် နိုင်ငံပေါင်း ၁၉၁ နိုင်ငံအဆင့် ၁၉၀ ဖြစ်နေပြီး ဆီရီယာလီယွန်နိုင်ငံထက်သာ အဆင့်မြင့်နေသည်။ ထိုနှစ်တွင် စစ်တပ်သည် ပညာရေးအတွက် စုစုပေါင်း အမျိုးသားထုတ်လုပ်မှု၏ ၀ ဒဿမ ၅ ရာခိုင်နှုန်းသာသုံးပြီး လူဦးရေ၏ ထက်ဝက်သည် အခြေခံ ပညာရေးကိုပင် မတတ်နိုင်ကြပေ။

ဗိုလ်ချုပ်များက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လက်ခံကြောင်းပြောသော်လည်း အချိန်ကာလကြာမြင့်လာသောအခါ ၎င်းတို့သည် စစ်တပ်၏ အပြုအမူဟောင်းများကို စွန့်လွှတ်ရန် စိတ်အားထက်သန်ခြင်း မရှိကြောင်း ထင်ရှားလာသည်။

ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားခြင်းနှင့် ပညာရေးနှင့် ကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံမှုနည်းခြင်း၏ ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်သည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် ပြုပြင်ပြောင်းလဲမှုလုပ်သောအခါ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တွင် မျှော်မှန်းသက်တမ်း အတိုဆုံးဖြစ်ပြိး ကလေးနှင့် မွေးကင်းစကလေး သေဆုံးမှု ဒုတိယအမြင့်မားဆုံး ဖြစ်နေသည်။ ကျောင်းသားများ၏ ၃၀ ရာခိုင်နှုန်းခန့်သာ အထက်တန်းပြီးဆုံးအောင်တက်ပြီး ၄ ပုံ ၁ ပုံ မှာ မူလတန်းထက်ကျော်လွန်ခြင်း မရှိပေ။

စစ်တပ်သည် နိုင်ငံကို ဆယ်စုနှစ်များစွာ ဖျက်ဆီးနေသော ဗမာ လူများစုနှင့် တိုင်းရင်းသား လူနည်းစု အသိုက်အဝန်းများအကြား ကာလကြာမြင့်စွာ ဖြစ်ပေါ်နေသည့် တင်းမာမှုများနှင့် အယုံအကြည်ကင်းမဲ့မှုများလျှော့ကျအောင် လုပ်ဆောင်ခြင်းလည်း မရှိပေ။ နိုင်ငံကို လူမျိုးစုအရ ခွဲခြားခြင်းကို စစ်တပ်က စတင်လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ထိုစနစ်ကို ခိုင်မာအောင် ဆက်လက်လုပ်ကိုင်သည်။ စစ်အုပ်စုသည် အတင်းအကျပ် ထိန်းချုပ်ခြင်းဖြင့် နိုင်ငံကို ညီညွတ်စေရန် ကြိုးစားပြီး တိုင်းရင်းသားလူနည်းစုများ၏ ဘာသာစကားများနှင့် သမိုင်းများ သင်ကြားခြင်းကို ပိတ်ပင်သည်။ ဝါဒဖြန့်ခြင်းကို ပုံမှန်လုပ်က်ိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ရရန်ကြိုးစားသည့် တိုင်းရင်းသား ပုန်ကန်မှုများအား အပြင်းအထန်နှိမ်နင်းခြင်းဖြင့် ဗမာ ဗဟိုပြု သင်ရိုးများကို အတင်းအကျပ်ပြဋ္ဌာန်းသည်။ ထိုသို့ လုပ်ဆောင်ရာတွင် အညှိုးအတေးများကို ခိုင်မာစေပြီး အယုံအကြည် ကင်းမဲ့မှုကို တိုးပွားစေကာ ပဋိပက္ခနှင့် စိတ်ဓါတ်ကျဆင်းမှု ဆယ်စုနှစ်များစွာ၏ အကြောင်းရင်းဖြစ်သော သွေးကွဲခြင်းကို ပိုမိုဆိုးရွားစေသည်။

စစ်တပ်သည် ရက်စက်ကြမ်းကြုတ်သည့် ပုန်ကန်မှု နှိမ်နင်းရေးလုပ်ငန်းများကို အမျိုးမျိုးသော တိုင်းရင်းသားအုပ်စုများအကြား သွေးကွဲမှုများကို အမြတ်ထုတ်ပြီး ပိုမိုဆိုးရွားအောင် လုပ်သည်။ ၎င်းတို့၏ ဖြတ်လေးဖြတ်စနစ်တွင် ကြီးမားသော လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ အတင်းအကျပ် လုပ်အားခိုင်းစေမှုများ၊ မုဒိန်းကျင့်ခြင်းအား စစ်လက်နက်အဖြစ် အသုံးချမှုများ၊ လက်နက်ကြီးများဖြင့် သိမ်းကြုံးပစ်ခတ်မှုများ၊ ကျေးရွာလုံးကျွတ် ဖျက်ဆီးမှုများနှင့် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများပါဝင်ပြီး အမျိုးမျိုးသော ဒုက္ခများအပြင် ဒုက္ခသည်နှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ပေါင်းများစွာ ပေါ်ပေါက်စေသည်။

၁၉၉၀ ခုနှစ်များ အစောပိုင်းမှ စတင်ပြီး စစ်တပ်သည် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် အများအပြားချုပ်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပိုမိုအာရုံစိုက်တိုက်သည်။ စစ်တပ်သည် မှောင်ခိုကူးခြင်း၊ သစ်မှောင်ခိုခြင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိခြင်းတို့လုပ်ရန် လိုင်စင်များအတွက် ၎င်းတို့ ၏ လက်ဝေခံပြည်သူ့စစ်များ ဖြစ်လာမည့် အဖွဲ့အစည်းများနှင့်လည်း သဘောတူစာချုပ်များ ချုပ်ဆိုသည်။ ထို့ကြောင့် စစ်တပ်သည် ကမ္ဘာ့အကြီးမားဆုံး မူးယစ်ဆေးလုပ်ငန်းများအနက်တခုအပါအဝင် တရားမဝင်လုပ်ငန်းများ ချဲ့ထွင်မှုအတွက်လည်း တာဝန်ရှိနေသည်။ ထိုမူးယစ်ဆေးဝါးလုပ်ငန်းသည် နိုင်ငံအတွင်း ဘေးကင်းနေပြီး နိုင်ငံပြင်ပတွင် ပြဿနာများစွာကိုဖြစ်စေသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကလည်း စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပိတ်ပင်ခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးအပေါ် ၎င်းတို့၏ ရန်လိုမှုကို ပြသသည်။

၂၀၁၁ ခုနှစ်သို့ရောက်လာသောအခါ အသစ်ရွေးချယ်ခံရသည့် ဗ်ိုလ်ချုပ်ကြီး သိန်းစိန်ဦးဆောင်သော အစိုးရက မမျှော်လင့်ဘဲ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး နိုင်ငံကို တံခါးဖွင့်ပေးသောအခါ စစ်တပ်သည် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ နိုင်ငံကို အုပ်ချုပ်နေသည်မှာ နှစ်ပေါင်း ၅၀ နီးပါးရှိပြီဖြစ်သည်။ ထိုကာလအတွင်း အရှေ့တောင်အာရှ နိုင်ငံများတွင် စီးပွားရေး၊ ပညာရေးစနစ်၊ ဆန်တင်ပို့မှု၊ အများပြည်သူဝန်ဆောင်မှု အညွှန်းကိန်များအရ ထိပ်ဆုံး သို့မဟုတ် အနည်းဆုံး အလယ်အလတ်အဆင့်ရှိခဲ့သော မြန်မာနိုင်ငံသည် လွန်စွာ ဆင်းရဲသွားပြီး ပဋိပက္ခများထူပြောကာ အထီးကျန်နိုင်ငံအဖြစ် ဆုတ်ယုတ်သွားသည်။ ထိုအထီးကျန် နိုင်ငံတော်သည် ကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖေါက်မှု မှတ်တမ်းများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဒုက္ခသည်များနှင့် အရာရာကို စိုးရိမ်ပူပန်နေရမှုများအတွက် လူသိများသော နိုင်ငံဖြစ်လာသည်။ ထိုကာလအတွင်း စစ်တပ်ကမြန်မာနိုင်ငံကို အကျိုးပြုသော လုပ်ရပ်ကို စဉ်းစားကြည့်ရန်ပင် ခက်ခဲလှသည်။ စစ်တပ်သည် ကမ္ဘာတွင် မည်သည့်အဖွဲ့အစည်းထက်မဆို စီမံအုပ်ချုပ်မှု ညံ့ဖျင်းသော အဖွဲ့အစည်းအဖြစ် မှတ်တမ်းဝင်လာသည်။

ပြုပြင်ပြောင်းလဲရေးအတွင်းက စစ်တပ်

ထိုစဉ်က ဦးသိန်းစိန်အစိုးရသည် ထူးခြားသော ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့ပြီး မွေးကင်းစ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထူထောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ထိုအစိုးရသည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသည်။ နိုင်ငံရေးပါတီများ၊ လွတ်လပ်သော မီဒီယာများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ ထူထောင်ခွင့်ပေးသည်။ ဆင်ဆာဖြတ်တောက်သည့် စနစ်ကို ဖျက်သိမ်းသည်၊ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်မြှင့်တင်သည်။ နိုင်ငံကို ပြင်ပကမ္ဘာသို့ တံခါးဖွင့်ပေးပြီး စီးပွားရေးလွတ်လပ်ခွင့်ပေးသည်။ စစ်တပ်သည် ဗိုလ်ချုပ်များရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံက အာမခံထားသည့် စစ်ရေးကိစ္စများအပေါ် အာဏာနှင့် လွှတ်တော်တွင်းနေရာ ၂၅ ရာခိုင်နှုန်းကို ချုပ်ကိုင်ပြီး ထို ပြုပြင်ပြောင်းလဲရေးများကို အများအားဖြင့် လက်ခံသည်။ သို့သော် စစ်တပ်သည် စိတ်မပါသော်လည်း သက်တော်ရှည် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အာဏာရစေသည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကိုလည်း လက်ခံခဲ့ရသည်။ ထို့အပြင် စစ်တပ်သည် ကလေးစစ်သားကဲ့သို့သော ကိစ္စများအတွက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်နှင့်လည်း ပူးပေါင်းဆောင်ရွက်သည်။

ထိုကာလအတွင်း အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံအချို့က စစ်အုပ်စုသည် ပိုမိုကြီးမားသည့် နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် နောင်တွင် အနောက်နိုင်ငံစစ်တပ်များနှင့် ထိတွေ့ဆက်ဆံလုပ်ကိုင်နိုင်မည့် အလားအလာအတွက် နောက်ထပ် ပြုပြင်ပြောင်းလဲမှုများကို လက်ခံအောင်ဖျောင်းဖျနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အနေဖြင့် စာရေးသူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားစစ်ခေါင်းဆောင်များနှင့် အကြ်ိမ်ကြိမ် စကားပြောခဲ့ဖူးပြီး နောက်ထပ်ပြုပြင်ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေးလေးစားခြင်းသည် အမေရိကန်စစ်ဖက်နှင့် ပိုမိုကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံမှုကို ဖြစ်စေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

လက်တွေ့တွင် မြန်မာပြည်သူများအကြား အဓိက လွှမ်းမိုးသော ခံစားမှုမှာ စစ်တပ်အာဏာရနေသမျှ ကာလပတ်လုံး နိုင်ငံအတွက် မည်သည့် အခွင့်အလမ်း သို့မဟုတ် မျှော်လင့်ချက်မရှိဆိုသည့် ခံစားမှုဖြစ်သည်။

ဗိုလ်ချုပ်များက ၎င်းတို့သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လက်ခံကြောင်းပြောပြီး စစ်ဖက်ထိတွေ့ဆက်ဆံရေးကို မျှော်လင့်ကြောင်းပြောသော်လည်း အချိန်ကာလကြာမြင့်လာသောအခါ ၎င်းတို့သည် ၎င်းတို့ စစ်တပ်၏ အပြုအမူဟောင်းများကို စွန့်လွှတ်ရန် စိတ်အားထက်သန်ခြင်းမရှိကြောင်း ထင်ရှားလာသည်။ စစ်တပ်သည် ၎င်းတို့၏ ဖြတ် ၄ ဖြတ်နည်းလမ်းကို ဆက်လက်ကျင့်သုံးသည်။ အထူးသဖြင့် အရှေ့မြောက်ပိုင်းမှ ကချင်လွတ်လပ်ရေးတပ်မတော်ကို တိုက်ခိုက်ရာတွင် ထိုနည်းလမ်းကို သုံးပြီး လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှု မရှိပေ။ ၎င်းတို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှုကို အကြီးအကျယ် အဟန့်အတားဖြစ်စေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်ချရမည်ဟု တောင်းဆိုကာ ၂၀၁၅ ခုနှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကိုလည်း လေးစားလိုက်နာမှု မရှိပေ။ ဖက်ဒရယ်စနစ်ဆိုသည့် အယူအဆကို ဗိုလ်ချုပ်များက ပထမဆုံးအနေဖြင့် ဆွေးနွေးခွင့်ပေးသော်လည်း စစ်တပ်က ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်သည့် ဗမာလွှမ်းမိုးသည့် နိုင်ငံရေးစနစ်မှလွဲပြီး မည်သည်ကိုမျှ လက်ခံနိုင်ကြောင်း ၎င်းတို့၏ လုပ်ရပ်များနှင့်စကားများက ဖေါ်ပြနေသည်။

ထိုနောက် ၂၀၁၆ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၇ ခုနှစ်လယ်တွင် စစ်တပ်သည် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) အဖွဲ့ငယ်တခု၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ အရပ်သားများကို ကြောက်မက်ဖွယ် သွေးချောင်းစီးသော စစ်ဆင်ရေးများ ပြုလုပ်သည်။ အဓမ္မပြုကျင့်မှု၊ ညှင်းပမ်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှု ကျယ်ပြန့်သည့် သတင်းများအကြား စစ်တပ်များက ရိုဟင်ဂျာ ရွာများကို မြေလှန်ဖျက်ဆီးသောကြောင့် လူပေါင်း ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။ ထိုစစ်ဆင်ရေးသည် လူမျိုးစုသုတ်သင်မှုဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်ပြီး အခြားနိုင်ငံများက ထိုစစ်ဆင်ရေးသည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း သတ်မှတ်သည်။

ဆယ်စုနှစ်များစွာကြာပြီဖြစ်သော ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုသည် စစ်အုပ်စုအတွက် တခုတည်းသော ပြဿနာ မဟုတ်သည်မှာ မှန်ကန်ပေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အစိုးရ၊ မီဒီယာအများအပြားနှင့် သာမန်ပြည်သူများသည် ရိုဟင်ဂျာအခွင့်အရေးများကို ထောက်ခံခြင်းမရှိကြဘဲ စစ်တပ်၏ စစ်ဆင်ရေးများကိုပင် ထောက်ခံကြကာ ကျယ်ပြန့်လှသည့် ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖေါက်မှုစွပ်စွဲချက်များကို ငြင်းဆန်ကြသည်။ သို့သော် လူမျိုးစု သုတ်သင်မှုကို ကျူးလွန်သူမှာ စစ်တပ်သာဖြစ်ပြီး စစ်တပ်၏ အပြုအမူများ မပြောင်းလဲကြောင်း ထပ်မံသက်သေပြကာ ဒဏ်ခတ်ခံရခြင်းမရှိဘဲ ဆက်လက်ကျူးလွန်ခွင့်ရနေသည်။ ထိုကာလအတွင်း စစ်အရာရှိများနှင့် စကားပြောသောအခါ လွန်စွာအံ့သြဖွယ်ရာဖြစ်နေပြီး လူ့အခွင့်အရေး ချိုးဖေါက်မှု မရှိကြောင်း၊ ကမ္ဘာက ၎င်းတို့ကို မယုံကြည်သောကြောင့် အံ့သြကြောင်း ထိပ်တန်းဗိုလ်ချုပ်များက ပြောသည်။ တခါတွင် ဗ်ိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ARSA ၏ ရက်စက်ကြမ်းကြုတ်မှုကို သက်သေပြသည့်အနေဖြင့် စစ်သားများနှင့် ရဲများသေဆုံးနေသည့် ထိတ်လန့်ဖွယ်ပုံများပါသည့် အယ်လ်ဘမ်တခုကိုပင် ထုတ်ပြသဖြင့် ရိုဟင်ဂျာလူမှုအသိုက်အဝန်းတခုလုံးကို စစ်တပ်က လူမျိုးစု သုတ်သင်မှုပြုခြင်းအတွက် အကြောင်းပြသည့် သဘောမျိုးပင်ဖြစ်နေသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကလည်း စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပိတ်ပင်ခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးအပေါ် ၎င်းတို့၏ ရန်လိုမှုကို ပြသသည်။ အခြားကိစ္စများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် စစ်တပ်၏ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချမည်ဖြစ်သည်။ ထိုနောက် စစ်တပ် လက်ဝေခံ ပြည်ထောင်စု ကြံ့ခ်ိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲတွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားသောအခါ စစ်တပ်က ရွေးကောက်ပွဲမသမာဟု စွပ်စွဲပြီး စုံစမ်းစစ်ဆေးရန်တောင်းဆိုသည်။ NLD က ထိုတောင်းဆိုချက်ကို ငြင်းဆန်လိုက်သောအခါ ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းလိုက်တော့သည်။

နိုင်ငံက ၎င်း၏ စစ်တပ်ကို မုန်းတီးသောအခါ

စစ်အာဏာသိမ်းမှု၊ နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် ဆန္ဒပြပွဲများကို တပ်မတော်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်များကို ရန်လိုတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူလူထု၏ အမြင်တွင် စစ်တပ်သည် နိုင်ငံ၏ တရားဝင် နိုင်ငံတော်အဖွဲ့အစည်း မဟုတ်တော့ဘဲ ပြည်ပမှကျူးကျော် ဝင်ရောက်လာသည့် စစ်တပ်နှင့်တူနေသည်။ ပထမဆုံးအချက်မှာ စစ်အာဏာသ်ိမ်းမှုသည် တရားဝင်ခိုင်လုံသော အကြောင်းပြချက်မရှိပေ။ စစ်တပ်က အာဏာကို သိမ်းယူလိုခြင်းသာဖြစ်သည်။ ဒုတိယအချက်မှာ စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်သော ကျယ်ပြန့်သည့် သိမ်းကျုံး အကြမ်းဖက်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် လုယက်ခြင်းတို့သည် ပြည်သူလူထုကကြောက်လန့်အရှုံးပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုအခါ ဖြစ်ပေါ်လာသော လူထု၏ ဒေါသကြောင့် စစ်တပ်သည် ၎င်းတို့ရရှိထားသည့် အနည်းငယ်မျှသော ထောက်ခံလေးစားမှု ရုတ်သိမ်းခံလိုက်ရသည်။ တတိယအချက်မှာ စစ်တပ်သည် ပြင်ပလောကကို တံခါးပိတ်ပြီး ၎င်းတို့၏ ကျဉ်းမြောင်းလှသည့် အခွံအတွင်းမှသာ စဉ်းစားတွေးခေါ်နေကြောင်း ၎င်းတို့၏ လုပ်ရပ်များက ပြသနေခြင်းဖြစ်သည်။ စစ်တပ်သည် ၎င်းတို့ကိုယ်၎င်းတို့ ကြီးကျယ်ခမ်းနားအောင် သရုပ်ဖေါ်သည့် ဝါဒဖြန့်ချိမှုများကိုလည်း မှန်မှန်လုပ်ဆောင်သည်။ ပြည်သူလူထု စဉ်းစားတွေးခေါ်ပုံနှင့် သဘောထားများကိုလည်း နားမလည်ဘဲ ၎င်းတို့နှင့် သဘောထားကွဲလွဲသူ မည်သူမဆိုသည် ရန်သူဆိုသည့်အယူအဆကို တပ်ဖွဲ့ဝင်များတွင် သွပ်သွင်းသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော အမျိုးသားစစ်တပ်ပေါ်ပေါက်ရေးအတွက် လက်ရှိအဖွဲ့အစည်းကို ဖျက်သိမ်းပစ်ရမည် သို့မဟုတ် အနည်းဆုံးအနေဖြင့် တစိတ်တပိုင်းအားဖြင့် ပြန်လည်တည်ဆောက်ပြီး ခေါင်းဆောင်မှုသစ်၊ ယဉ်ကျေးမှုသစ်နှင့် ရည်မှန်းချက်သစ်များ ချမှတ်ရမည်ဖြစ်သည်။

တပ်မတော်သည် စစ်အရာရှိများနှင့်ဆွေမျိုးတော်သူများ သို့မဟုတ် ငွေကြေးအရ ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ အပ မည်သည့်လူထုထောက်ခံမှုမျှ မရပေ။ လက်တွေ့တွင် မြန်မာပြည်သူများအကြား အဓိက လွှမ်းမိုးသော ခံစားမှုမှာ စစ်တပ်အာဏာရနေသမျှ ကာလပတ်လုံး နိုင်ငံအတွက် မည်သည့် အခွင့်အလမ်း သို့မဟုတ် မျှော်လင့်ချက်မရှိဆိုသည့် ခံစားမှုဖြစ်သည်။ ဆန္ဒပြသူများနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အခြားသူများ၏ အဓိကအမြင်မှာ မူလအခြေအနေသို့ ပြန်သွားရန် မဟုတ်ဘဲ နိုင်ငံရေးအင်အားစုတခုအဖြစ်မှ စစ်တပ်ကို လုံးဝဖယ်ထုတ်ပစ်ပြီး အဖွဲ့အစည်းအတွင်း အခြေခံကျသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေး ဖြစ်သည်။ စစ်တပ်နှင့် ထိတွေ့ဆက်ဆံသည့် အလေ့အထရှိပြီး စစ်တပ်၏ အင်အားသာလွန်မှုကို နားလည်သည့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သာလျှင် ပိုမိုကြီးမားသည့် ကိုယ်ပ်ိုင်အုပ်ချုပ်ရေးအတွက် စစ်တပ်နှင့် သဘောတူညီမှု ရနိုင်သည်ဟု ထင်မြင်ကြသော်လည်း လက်ရှိမြန်မာပြည်သူလူထု အများစု ထိုသို့သဘောမထားပေ။

အချုပ်အားဖြင့်ဆိုရပါက အာဏာသိမ်းပြီးနောက် နှစ်ပေါင်း ၆၀ နီးပါးအတွင်း စစ်တပ်က ၎င်းတို့သည် ညီညွတ်ရေးအတွက်မဟုတ်ဘဲ သွေးကွဲမှုများနှင့် ပဋိပက္ခများကို မောင်းနှင်သူသာဖြစ်ကြောင်း ဖေါ်ပြနေသည်။ ကျန်းမာရေးနှင့် ပညာရေးတိုးတက်မှု လုပ်ရန်အသာထား စီးပွားရေး စီမံခန့်ခွဲမှုပင် လုပ်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် အဂတိလိုက်စားမှုများနှင့် ကမ္ဘာ့အကြီးမားဆုံး မူးယစ်ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတခုအပါအဝင် ကြီးမားသော တရားမဝင်စီးပွားရေးကိုသာ အားပေးသည်။ ၎င်းတို့သည် ငြိမ်းချမ်းရေးနှင့် အောင်မြင်မှု အလားအလာမရှိသည့် နိုင်ငံတွင် ဗမာဗုဒ္ဓဘာသာ လူများစု လွှမ်းမိုးမှုကို အားပေးပြီး များပြားလှသော လူနည်းစု ပြည်သူများ၏ ထိခိုက်နစ်နာမှုများနှင့် မျှော်မှန်းချက်များကို ဖြေရှင်းပေးမည့် ဖက်ဒရယ် စနစ် ပုံစံတမျိုးမျိုးကိုလည်း မစဉ်းစားပေ။ လွန်ခဲ့သောလများအတွင်း ၎င်း၏ အာဏာငမ်းဖမ်းနေမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ယနေ့ခေတ် မြန်မာ့လူ့အဖွဲ့အစည်းကို နားမလည်နိုင်မှုတို့သည် နိုင်ငံတဝှမ်း အုံကြွတော်လှန်မှုကိုဖြစ်စေပြီး အဆုံးမရှိဘဲ ကြီးမားလှသည့် ဖရိုဖရဲအခြေအနေများကိုသာ ဖန်တီးပေးလိုက်သည်။

သဘောတရားအယူအဆအရ ပြောရပါက မြန်မာနိုင်ငံတွင် နိုင်ငံတော်အဖွဲ့အစည်းအဖြစ် သို့မဟုတ် ပဋိပက္ခများပြားပြီး ခွဲထွက်ရေးအင်အားစုများ ရှိနေသည့် နိုင်ငံတွင် ညီညွတ်ရေးအတွက် တာဝန်ထမ်းဆောင်မည့် စစ်တပ်တခုလိုသည်ဟု ပြောကောင်းပြောနိုင်သည်။ သို့သော် လက်ရှိ စစ်တပ်သည် ထိုတာဝန်များကို ထမ်းဆောင်နေသည် သို့မဟုတ် ထမ်းဆောင်န်ိုင်သည် ဆိုသည့် မည်သည့်အထောက်အထားမျှ မတွေ့ရပေ။ စစ်တပ်သည် ကင်ဆာရောဂါတမျိုးဖြစ်သည်။ ၎င်းကို အကြီးအကျယ်ပြောင်းလဲခြင်းမရှိသမျှ ကာလပတ်လုံး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရန်၊ ညီညွတ်ရန်၊ စီးပွားရေးတိုးတက်ရန်နှင့် စစ်မှန်သော နိုင်ငံတခုဖြစ်လာရန် မျှော်လင့်ချက် မရှိသလောက်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော အမျိုးသားစစ်တပ်ပေါ်ပေါက်ရေးအတွက် လက်ရှိအဖွဲ့အစည်းကို ဖျက်သိမ်းပစ်ရမည် သို့မဟုတ် အနည်းဆုံးအနေဖြင့် တစိတ်တပိုင်းအားဖြင့် ပြန်လည်တည်ဆောက်ပြီး ခေါင်းဆောင်မှုသစ်၊ ယဉ်ကျေးမှုသစ်နှင့် ရည်မှန်းချက်သစ်များ ချမှတ်ရမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော စစ်တပ်တခုသည် မည်သည့်ပုံစံဖြစ်သည်ဆိုသည်နှင့် ပတ်သက်ပြီး မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်ကို ၎င်းတို့ဖာသာ ဖန်တီးရန် လိုအပ်မည်ဖြစ်သည်။ သဘောတရားအယူအဆအရဆိုပါက ထိုစစ်တပ်သည် ခိုင်မာသော အဖွဲ့အစည်းဖြစ်ရမည်။ စီးပွားရေးအကျိုးစီးပွားမရှိဘဲ အရပ်သားအစိုးရကို တာဝန်ခံရမည်။ လူ့အခွင့်အရေးကို လေးစားပြီး တာဝန်ခံမှုကို တန်ဖိုးထားသော စစ်တပ်ဖြစ်ရမည်။ ထိုသို့ဖြစ်ရန် ဆယ်စုများစွာမဟုတ်လျှင်ပင် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သော်လည်း မြန်မာပြည်သူများ အနေဖြင့် ထိုကဲ့သို့သော စစ်တပ်ပေါ်ပေါက်ရေးအတွက် ယခုကပင် ထိုသို့သော ရည်မှန်းချက် အမြင်များကို ဖန်တီးထားရန် အရေးကြီးပြီး ထိုနောက်တွင် ထိုကိစ္စအောင်မြင်ရေးအတွက် လုပ်ဆောင်ရမည့် ခြေလှမ်းများကို ဆွေးနွေးရမည်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ မှတ်တမ်းမှတ်ရာများတွင် မည်သည့် တိုင်းရင်းသားလူမျိုးစု လက္ခဏာကိုမဆို ဖယ်ရှားထားပြီး လုံးဝသစ်လွင်သော လေ့ကျင့်ရေးစနစ်နှင့် အပြည့်အ၀ ပေါင်းစည်းနိုင်သည့် အမျိုးသားစစ်ကောလိပ်သစ် ထူထောင်ခြင်းသည် ပထမဆင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ကောက်ချက်များ

ယခုအခါ စစ်တပ်သည် အာဏာ အခိုင်အမာ ထိန်းချုပ်ထားပုံရပြီး ၎င်းတို့ကိုယ် ၎င်းတို့ ပြုပြင်ပြောင်းလဲရန် စိတ်မဝင်စားဘဲ အဓိက ပြုပြင်ပြောင်းလဲမှု သို့မဟုတ် ပြန်လည်ဖွဲ့စည်း တည်ဆောက်မှုကို အတင်းအကျပ် လက်ခံခိုင်းနိုင်သည့် အခြေအနေမှလည်း ဝေးကွာနေသောကြောင့် ယခု သရုပ်ခွဲလေ့လာမှုက မည်သို့ အကျိုးပြုမည်နည်းဆိုသည့် မေးခွန်းမှာ ဆက်လက်ရှိနေသည်။

အဖြေမှာ ၃ ပိုင်း ခွဲဖြေရမည်။ ပထမပိုင်းမှာ (က) စစ်တပ်က အာဏာချုပ်ကိုင်ထားသည့် ကာလတလျှောက်လုံး (ခ) လက်ရှိပုံစံအတိုင်းနှင့် နိုင်ငံရေးနှင့် စီးပွားရေးအခန်းကဏ္ဍအတိုင်း ဆက်လက်လည်ပတ်နေ သမျှ ကာလပတ်လုံး မြန်မာနိုင်ငံသည် ပဋိပက္ခနှင့် မတည်ငြိမ်မှု ဒဏ်ကို ဆက်လက်ခံစားနေရမည် (ASEAN အတွက်ခေါင်းကိုက်စရာ ဖြစ်နေမည်) ဟု သုတေသီများနှင့် ပြည်ပအစိုးရများ အသိအမှတ်ပြုလာစေနိုင်သည်။ မြန်မာပြည်သူများက ထိုအချက်ကို သိပြီးဖြစ်သည်။ ပြည်ပသုတေသီများနှင့် ဝန်ကြီးဌာနများက ထိုအချက်ကို နားလည်ပြီး မြန်မာစစ်တပ်သည် ဆက်လက်ထိန်းသိမ်းထားရန် လိုသည့် အရေးပါသော အဖွဲ့အစည်းဖြစ်သည်ဆိုသည့် ဆွေးနွေးမှုများ ရပ်ဆိုင်းလိုက်လျှင် ပိုမိုအထောက်အကူဖြစ်နိုင်သည်။

ဒုတိယပိုင်းမှာ ယခုသုံးသပ်သလို လက်ရှိအကျပ်အတည်းသည် အလိုလိုပြေလည်သွားမည် သို့မဟုတ် နိုင်ငံရေးအကျဉ်းသား အနည်းငယ် လွှတ်ပေးပြီး အနာဂတ်ရွေးကောက်ပွဲများအတွက် ကတိများပေးကာ သို့မဟုတ် ပိုမိုကောင်းမွန်သော နိုင်ငံရေးအတွက် နောက်ထပ်ကာလရှည် လမ်းပြမြေပုံတခုကို အဆိုပြုသည့် အကန့်အသတ်ရှိသော အပေးအယူဖြင့် ကျေနပ်လောက်အောင် ဖြေရှင်းနိုင်သည် ဆိုသည့် စိတ်ကူးများကို သုတေသီများနှင့် ပြည်ပအစိုးရများက လက်ခံကြမည် မဟုတ်တော့ပေ။ အကြမ်းဖက်မှု အဆုံးသတ် သို့မဟုတ် လျှော့ချရေး နှင့်/သို့မဟုတ် ထိခိုက်လွယ် ပြည်သူများသို့ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိရေး သဘောတူညီချက် တခုကို ကြိုဆိုရမည်ဖြစ်သော်လည်း ထိုသဘောတူညီချက်သည် အဓိကပြဿနာကို ဖြေရှင်းနိုင်မည် သို့မဟုတ် တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။

အကြမ်းဖက်မှု အဆုံးသတ် သို့မဟုတ် လျှော့ချရေး နှင့်/သို့မဟုတ် ထိခိုက်လွယ် ပြည်သူများသို့ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိရေး သဘောတူညီချက် တခုကို ကြိုဆိုရမည်ဖြစ်သော်လည်း ထိုသဘောတူညီချက်သည် အဓိကပြဿနာကို ဖြေရှင်းနိုင်မည် သို့မဟုတ် တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။

တတိယပိုင်းမှာ မည်သည့် နိုင်ငံရေးအရ ဖြေရှင်းမှုမဆိုအတွက် ကြိုတင်စည်းကမ်းသတ်မှတ်ချက်အဖြစ် မြန်မာစစ်တပ်ပြောင်းလဲအောင် ဖိအားပေးရာတွင် မြန်မာပြည်သူများ၏ အားထုတ်မှုများကို ထောက်ခံရန် ပြည်ပအစိုးရများက ပိုမိုအားစိုက်ထုတ်ရမည့်အချက်ဖြစ်သည်။ ထိုသို့ဆိုခြင်းကြောင့် ခုခံရေးအင်အားစုများကို လက်နက်တပ်ဆင်ပေးရန် တောင်းဆိုခြင်းမဟုတ်ဘဲ စစ်တပ်အပေါ် ဖိအားမြင့်မားနေစေရန် ဖြစ်နိုင်သည့်အရာရာကို လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ မြန်မာစစ်တပ်ကို ချေမှုန်းမရဟု ယုံကြည်သူ အများအပြား ရှိသည်။ ထိုသူများပြောသည်မှာ မှန်ကောင်းမှန်နိုင်သော်လည်း ယနေ့မြန်မာနိုင်ငံတွင် အရာရာသည် မရေမရာဖြစ်နေပြီး မည်သည်ကိုမျှ ပုံသေ ရပိုင်ခွင့်ဟု မယူဆအပ်ပေ။ သုတေသီ ဇော်တူးဆိုင် မကြာသေးမီက ရေးသားခဲ့သည်ကို ကိုးကားရပါက “မြန်မာနိုင်ငံတွင် မည်သို့ ဖြစ်ပျက်မည်နှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ကြိုတင် ဆုံးဖြတ် သတ်မှတ်ထားခြင်း မရှိပေ။ သေချာသော အချက်မှာ စစ်တပ်၏ ဆက်လက်ရှင်သန်မှုလည်း ထိုအထဲတွင် ပါဝင်နေသည်” ဟုသာ ဆိုရမည်ဖြစ်သည်။ မြန်မာစစ်တပ်ကို စစ်မြေပြင်တွင်းချေမှုန်းရန် မလွယ်ကူစေကာမူ ၎င်းအပေါ် ကျရောက်နေသည့် ပြင်းထန်သောဖိအားကို ပိုမိုပြင်းထန်အောင် သို့မဟုတ် ရေရှည်ဆက်လက်ရှိနေအောင် ထိန်းထားနိုင်ပါက ယခုအချိန်တွင် မျှော်မှန်းမထားသည့် အလျှော့ပေးမှုများကို စစ်အုပ်စုက ပြုလုပ်ရမည်ဖြစ်သည်။ ထိုသို့ဆိုခြင်းသည် ဟောကိန်း ထုတ်ခြင်းမဟုတ်ဘဲ အလားအလာရှိသော အခြေအနေများအနက်မှ တခုဖြစ်သည်။

လတ်တလော ကာလတိုအတွင်း ရှေ့ဆက်ရမည် တခုတည်းသော အပြုသဘောဆောင်သည့် နည်းလမ်းမှာ လက်ရှိအခြေအနေသည် လက်တွေ့မကျကြောင်း စစ်တပ်အတွင်းမှ လုံလောက်သော အရေအတွက်ရှိသည့် အရာရှိများ သဘောပေါက်အောင် ပြုလုပ်ခြင်းနှင့် အနိမ့်ဆုံးအနေဖြင့် စစ်တပ်က ၎င်းတို့ဖာသာ၎င်းတို့ ပြုပြင်ပြောင်းလဲရေး လုပ်စေခြင်း နှင့် အာဏာသိမ်းမှုက ပြောင်းပြန်လှန်ပစ်လိုက်သော အစောပိုင်းက လုပ်ဆောင်ပြီးသည့် ပြုပြင်ပြောင်းလဲရေးများကို ပြန်လည်ထိန်းသိမ်းခြင်းသို့ ဦးတည်စေသည့် စေ့စပ်ညှိနှိုင်းမှုများ ပါဝင်သည့် ထွက်ပေါက်ကို စဉ်းစားရန်ဖြစ်သည်။ ထိုသို့လုပ်ရန်အတွက် စစ်တပ်အပေါ် ဘဏ္ဍာရေးအရ အပါအဝင် ဖိအား ပုံစံမျိုးစုံပေးပြီး ရှင်းလင်းသော သတင်းစကားတခုပြောကြားရမည်ဖြစ်သည်။ ထိုသတင်းစကားမှာ ဦးတည်ရည်မှန်းချက်သည် စစ်တပ်ကို အမြစ်ဖြတ် သုတ်သင်ရန် သို့မဟုတ် တပ်ဖွဲ့ဝင်များကို အပြစ်ပေးရန် မဟုတ်ဘဲ ထိပ်တန်းဗ်ိုလ်ချုပ်များနှင့် ကြီးမားသော လူ့အခွင့်အရေးချိုးဖေါက်မှုများတွင် ရှင်းလင်းစွာ ပါဝင်ခဲ့သော အချို့လူပုဂ္ဂိုလ်များကို နိုင်ငံတကာ တရားဥပဒေ ဆွေးနွေးပွဲများ အပါအဝင် နည်းလမ်းများဖြင့် တရားမျှတမှုကို ဖေါ်ထုတ်ပြီး စစ်တပ်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ရေးဖြစ်ကြောင်း ပြောကြားရန်ဖြစ်သည်။ အဓိက သော့ချက်မှာ သာမန် တပ်ဖွဲ့ဝင်များအကြား ဘက်ပြောင်းမှု ပိုမိုဖြစ်စေရေးနှင့် အဆင့်မြင့်အရာရှိအချို့အကြား တွက်ချက်မှု ပြောင်းလဲလာစေရေးဖြစ်သည်။

ဦးတည်ရည်မှန်းချက်သည် စစ်တပ်ကို အမြစ်ဖြတ် သုတ်သင်ရန် သို့မဟုတ် တပ်ဖွဲ့ဝင်များကို အပြစ်ပေးရန် မဟုတ်ဘဲ ထိပ်တန်းဗ်ိုလ်ချုပ်များနှင့် ကြီးမားသော လူ့အခွင့်အရေးချိုးဖေါက်မှုများတွင် ရှင်းလင်းစွာ ပါဝင်ခဲ့သော အချို့လူပုဂ္ဂိုလ်များကို နိုင်ငံတကာ တရားဥပဒေ ဆွေးနွေးပွဲများ အပါအဝင် နည်းလမ်းများဖြင့် တရားမျှတမှုကို ဖေါ်ထုတ်ပြီး စစ်တပ်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ရေးဖြစ်သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံမှ ဖရိုဖရဲဖြစ်ရပ်များကို ဖြေရှင်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန်မှာ စစ်တပ်အတွင်း အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုမရှိဘဲ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို မဖြေရှင်းနိုင်ကြောင်းနှင့် လက်ရှိခေါင်းဆောင်ပိုင်းသည် ၎င်းတို့ဖာသာ အပြုအမူပြောင်းလာမည်ဟု မျှော်လင့်ခြင်းက အချည်းနှီးသာဖြစ်ကြောင်း အသိအမှတ်ပြုသည့် သေနင်္ဂဗျူဟာများကို ချမှတ်ရမည်ဖြစ်သည်။ စစ်တပ်အတွင်း အပြောင်းအလဲများဖြစ်အောင်လုပ်ဆောင်ခြင်းသည် လတ်တလောတွင် စဉ်းစား၍ပင် မဖြစ်နိုင်သကဲ့သို့ ဖြစ်နေနိုင် (ပြီး ထိုသို့သော အားထုတ်မှုသည် ကျဆုံးသွားနိုင်) သော်လည်း အခြားနည်းလမ်းကို ရွေးလျှင် ကြိုမြင်နိုင်သည့် အနာဂတ်ကာလအတွင်း မြန်မာနိုင်ငံသည် မတည်ငြိမ်မှု၊ ပဋိပက္ခ၊ ဒုက္ခသည်၊ မူးယစ်ဆေးနှင့် စိတ်ဖိစီးမှု၏ ပင်ရင်းအဖြစ် ဆက်လက်တည်ရှိနေလိမ့်ဦးမည်ဖြစ်သည်။

(သံအမတ်ကြီး စကော့မာစီရယ်သည် ၂၀၁၆ ခုနှစ်မတ်လမှ ၂၀၂၀ ခုနှစ်မေလအထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ပြီး ခက်ခဲကျပ်တည်းသော ရိုဟင်ဂျာအကျပ်အတည်းနှင့် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အမေရိကန်-မြန်မာဆက်ဆံရေးအတွက် စိန်ခေါ်မှုများသောကာလတွင် သံရုံးဝန်ထမ်း ၅၀၀ ကျော်ကို ဦးဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် တာဝန်မထမ်းဆောင်မီက သံအမတ်ကြီး မာစီရယ်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့်ပိစိဖိတ်ဒေသဆိုင်ရာ အရေးပါသော ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများနှင့် အမေရိကန်ဆက်ဆံရေးကို ကြီးကြပ်သည်။ ၎င်း၏ Journal of Indo-Pacific Affairs, Air University Press တွင် ဖော်ပြထားသော Myanmar Probably Needs a Military . . . Just Not the One It Has ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories :

စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်

မြန်မာစစ်တပ် သေဆုံးမှုနှုန်း တိုးနေသော်လည်း

အချိန်ပြည့် အသင့်အနေအထားရှိရန် စစ်ကောင်စီက တပ်ဖွဲ့များကို ညွှန်ကြားထား

ကျယ်ပြန့်လာနေသော မြန်မာပြည်တွင်းစစ်ရဲ့ ဟိုချီမင်းလမ်းကြောင်းများ

Did you find apk for android? You can find new Free Android Games and apps.
Loading