သတင်း

အချိန်ပြည့် အသင့်အနေအထားရှိရန် စစ်ကောင်စီက တပ်ဖွဲ့များကို ညွှန်ကြားထား

Want create site? Find Free WordPress Themes and plugins.

တိုက်ပွဲဝင်ရန်အသင့်အနေအထားဖြင့်နေရန် စစ်ကောင်စီက ၎င်းတို့တပ်မှူးများနှင့် အဆင့်မြင့်အရာရှိများကို အမိန့်ပေးထားသောကြောင့် ယခုရက်များအတွင်း အတိုက်အခံများကို နှိမ်နင်းမှုများ ပိုမိုပြင်းထန်လာနေသည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် တိုက်ခိုက်ရေးသမားများက တနိုင်ငံလုံးမှ စစ်ကောင်စီတပ်များနှင့် အပေါင်းပါများကို သတ်ဖြတ် ဗုံးခွဲတိုက်ခိုက်မှုများအပါအဝင် နေ့စဉ် မတည်ငြ်ိမ်မှုများတိုးပွားနေစဉ် ထိုအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

ဧရာဝတီသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် စစ်ကောင်စီတပ်များအတွက် လွန်ခဲ့သောရက်များအတွင်းက ထုတ်ပြန်သည့်အမိန့်ကို နေပြည်တော်မှ စစ်တပ်အကြီးအကဲက တိုက်ရိုက် ထုတ်ပြန်ခြင်းဖြစ်သည်။

“အကြမ်းဖက်သမားများသည် မိမိတို့၏ ညွှန်ကြားချက်များကို ကြားဖြတ်နိုင်သည်” ဟုလည်း ထိုအမိန့်တွင် သတိပေးထားပြီး ချက်ခြင်း သုံးစွဲနိုင်သည့် ဆက်သွယ်ရေးစက်များ သုံးသင့်ကြောင်းလည်း သတိပေးထားသည်။ တပ်ဖွဲ့များသည် ထိုးစစ်အနေအထားတွင် အမြဲရှိရမည်ဟုလည်း ထိုအမိန့်က ဆိုသည်။

ဖေဖေါ်ဝါရီ အာဏာသိမ်းမှုအပြီး ပြည်သူလူထုအလွှာစုံက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြသည်။ ဆန္ဒပြသူများကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းပြီးနောက် လူငယ်များက လက်နက်ကိုင်တော်လှန်ကြသည်။ ထိုအချိန်မှစတင်ပြီး ၎င်းတို့ကိုဆန့်ကျင်သူ မည်သူ့ကိုမဆို စစ်ကောင်စီက အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်သည်။

စစ်ဆေးရေးဂိတ်များ ပိုမိုထူထောင်ရန်နှင့် လူနေရပ်ကွက်များကို ရှောင်တခင်စစ်ဆေးမှု ပိုမိုပြုလုပ်ရန်လည်း ထိုအမိန့်တွင် တပ်မှူးများကို ညွှန်ကြားထားသည်။

ယခုလအတွင်း စီးပွားရေးအချက်အခြာ ရန်ကုန်အပါအဝင် နိုင်ငံတဝှမ်းတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ မကြာခဏ ပိုမိုဖြစ်ပွားလာသည်။ ယခင်အပတ်က တိုက်ခိုက်မှုအများအပြားတွင် ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ရဲ ၄ ဦးကို အမည်မသိသေနတ်သမားများက ပစ်သတ်လိုက်သောကြောင့် စစ်အာဏာသိမ်းပြီး ၆ ကျော်ကြာသော်လည်း စစ်ကောင်စီကို အရပ်သားများ၏ ခုခံမှု မလျှော့ကျသေးသည့် သွေးထွက်သံယို အမှန်တရားကို မီးမောင်းထိုးပြနေသည်။

အထက်မြန်မာနိုင်ငံတွင်လည်း တိုက်ခိုက်မှုများအတွင် လေတပ်စခန်းတခုမှ လေယာဉ်များပျက်စီးသွားကြောင်း စစ်ကောင်စီက ဝန်ခံသည်။ စစ်ကောင်စီက ညဘက်အချိန်မတော် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ ပိုမိုပြုလုပ်သည်။ ပြီးခဲ့သည့်အပတ်အတွင်း စစ်ကောင်စီတပ်နှင့် ရဲများသည် ရန်ကုန်မှ လူငယ် အနည်းဆုံး ၁၅ ယောက်ကိုဖမ်းဆီးပြီး နေအိမ်များမှ အဖိုးတန် ပစ္စည်းများကိုလည်း လုယူကြသည်။

အချို့စီးနင်းတိုက်ခိုက်မှုများတွင် လူသေဆုံးမှုများလည်း ရှိသည်။ သြဂုတ်လ ၁၀ ရက်နေ့က လူငယ် ၅ ဦးတို့သည် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုကို ရှောင်ရှားရန် ရန်ကုန် ၄၄ လမ်းရှိ တိုက်ခန်းတခုမှ ခုန်ချကြသည်။ အမျိုးသမီးငယ်တဦးအပါအဝင် ၂ ဦးသေဆုံးပြီး အခြားသူ ၃ ဦးမှာ အပြင်းအထန်ဒဏ်ရာရကာ ဖမ်းဆီးခံကြရသည်။ ထို ၃ ဦးကို စစ်ကောင်စီက ဆေးရုံတင်ထားသည်ဆိုသော်လည်း မိသားစုများကို တွေ့ဆုံခွင့်မပေးပေ။ သေဆုံးသူများကိုလည်း အလောင်းပြန်မပေးဘဲ မီးသဂြိုဟ်ပစ်သည်။

ရန်ကုန်နှင့် အခြားနေရာများမှ စစ်ကောင်စီအား တိုက်ခိုက်မှုအများစုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဟုခေါ်သည့် လျော့တိလျော့ရဲ ဖွဲ့စည်းထားသည့် ခုခံရေးအဖွဲ့များက ဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် လုပ်သေနတ်များ၊ လက်လုပ်ဗုံးများနှင့် သေနတ်များကို အသုံးပြုကြသည်။ စစ်ကောင်စီက ထိုတပ်ဖွဲ့များသည် နိုင်ငံကို မတည်ငြိမ်အောင်လုပ်နေသည့် အကြမ်းဖက်သမားများဟု တံဆိပ်ကပ်သည်။

မေလအတွင်း စစ်ကောင်စီက စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်းနှင့်ဆက်စက်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာကာ သတ်ဖြတ်မှုများ၊ ဗုံးခွဲမှုများနှင့် မီးရှို့မှုများအတွက် စွပ်စွဲသည်။

NUG ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို တည်ထောင်ကာ စစ်ကောင်စီက လူထုကိုသတ်ဖြတ်အကြမ်းဖက်မှုများအား ဟန့်တားရန် လိုအပ်ကြောင်း ကြေညာသည်။ လူငယ်အများအပြား စစ်သင်တန်းတက်နေကြောင်း NUG ကာကွယ်ရေး ဝန်ကြီးပြောသည်။

စစ်ကောင်စီသည် ကျေးလက်နှင့်မြို့ပြ ချိန်ကိုက်တိုက်ခိုက်မည်ကို စိုးရိမ်နေကြောင်း ထိုကိစ္စကို သိရှိနေသည့် ရန်ကုန်မှ သုတေသီများနှင့် သံတမန်များပြောသည်။ မကြာသေးမီက လမ်းမများပေါ်တွင် စစ်ကောင်စီတပ်များ ပိုမိုများပြားလာပြီး အဆောက်အအုံများ၊ လူစည်ကားသည့် လမ်းများတွင်လည်း အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်များကို ချထားကြောင်း ရန်ကုန်တွင် နေထ်ိုင်သူများပြောသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်များ၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးလက်ဒေသများတွင် စစ်ကောင်စီတပ်များသည် ဒေသခံ PDF တပ်များအပြင် တိုင်းရင်းသားတပ်များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ စစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြပြီး ဒေသခံကျေးရွာသားများ သိန်းချီ စစ်ပြေးနေကြရသည်။

တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုများကို တန်ပြန်ရန် စစ်ကောင်စီက “ပျူစောထီး”တပ်များကို ဇွန်လအတွင်း တနိုင်ငံလုံးတွင် ဖွဲ့စည်းသည်။ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုကို တန်ပြန်ရန် စစ်တပ်၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။ PDF တပ်များကို ဖွဲ့စည်းပြီးနောက် မေလလယ် ကတည်းက ပထမဆုံး ပျုစောထီးအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်နေပြီး စစ်ကောင်စီသည် ယနေ့တိုင် တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်သေးပေ။ လက်ရှိအချိန်အထိ ပြည်သူ တထောင်ကျော်ကို သတ်ဖြတ်ပြီး ၄၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Tells Troops to Be Combat Ready at All Times ကို ဘာသာပြန်ဆို ဖြည့်စွက်ရေးသားသည်။)

You may also like these stories:

စစ်ကိုင်းနှင့် မကွေးက ကျေးရွာများ အာဏာသိမ်းတပ် ဝင်စီးနေ၍ ထွက်ပြေးနေရ

စစ်မီးပဋိပက္ခကြားက ကရင်နီ စစ်ဘေးရှောင်များ

အာဏာသိမ်းပြီး ၆ လအကြာ CDM ဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ရှိလာ

ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား

ရန်ကုန်တွင် စစ်ကောင်စီက ညအချိန် ဖမ်းဆီးမှုများလုပ် ရပ်ကွက်မှ ပစ္စည်းတချို့ ယူဆောင်သွား

အကြမ်းနည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ရန်ကုန်

Did you find apk for android? You can find new Free Android Games and apps.
Loading