စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများအား အာဏာသိမ်း စစ်တပ်က နေ့စဉ်ရက်ဆက် ဝင်ရောက် အကြမ်းဖက် စီးနင်းမှုကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီကာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ သတင်းရင်းမြစ် များထံက သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ မင်းကင်း၊ မြောင်၊ ယင်းမာပင်၊ ကနီနှင့် မကွေးတိုင်းအတွင်းရှိ ရေစကြို အစရှိသည့် မြို့ နယ်များအတွင်း ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရွာဝင် တရွာထွက် ဝင်ရောက်ပြီး ဒေသခံ ပြည်သူ့ကာ ကွယ်ရေး စခန်းများကို စီးနင်းခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်းအပြင် ပစ္စည်းများ ယူဆောင်ခြင်းများကို ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
မြောင်မြို့နယ်တွင်း စီးနင်းမှုတွင် တရွာနှင့် တရွာ ကူးလူးရာ၌ ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် စစ်ကောင်စီက ပြုလုပ်နေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “မြောင်နယ်မှာ ဒီရက်တွေ ထကြွနေတယ်။ ဒလန်သတ်တဲ့ ကိစ္စတွေရယ်ကြောင့် မြောင် PDF ကို ဖြိုခွင်းမယ် ဆိုပြီးတော့ သူတို့က ရည်ရွယ်ချက်နဲ့လာတာ။ ရွာခံတွေကို လူသားဒိုင်းအနေနဲ့ အသုံးပြုပြီးတော့ တရွာနဲ့တရွာ သွားမယ်ဆိုရင် ဒီရွာက ၁၀ ယောက်လောက်ကို ခေါ်သွားပြီး ဟိုဘက်ရွာကို ရှေ့ကနေ သွားခိုင်းတယ်။ အဲဒီ ဘက်ရွာရောက်ရင်တော့ ပြန်လွှတ်ပေး လိုက်တယ်” ဟု ဆိုသည်။
ထိုကဲ့သို့ ဒေသခံ ပြည်သူများအား လူသားဒိုင်းအဖြစ် စစ်ကောင်စီက ပြုလုပ်နေမှုများနှင့် ရွာများအတွင်း ဝင်ရောက်စီးနင်း ဖမ်းဆီး နှိပ်စက်နေမှုများသည် အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပြီး စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) မှ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
ဦးအောင်မျိုးမင်း က “ရွာတွေမှာ လူတွေကို ဖမ်း တယ် နှိပ်စက်တယ်။ တချို့ကို စစ်တပ်မှာ အသုံးပြုဖို့ Porter ခိုင်းတယ်။ တချို့ကိုတော့ တဖက်တပ်ကနေ တိုက်ခိုက်လာ ရင် ကာကွယ်ပေးဖို့အတွက် ဒါမှမဟုတ် ကိုယ့်လူအချင်းချင်းဆို မတိုက်တော့ဘဲနဲ့ စစ်ပွဲဆိုင်ရာ အကျိုးအမြတ် ရရှိဖို့ အတွက်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ ဒီ ၃ ချက်ကို ကြည့်မယ်ဆိုရင် ဒါက လူသားချင်း မစာနာနဲ့ ကိစ္စတင်မကတော့ ဘဲနဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို အတိအလင်း ချိုးဖောက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင်း စစ်ကောင်စီ၏ တပ်တွင် ရှေ့တန်းနယ်မြေများ၌ စစ်သည်တော်များ လိုက်နာကျင့်သုံးရမည့် ကျင့် ဝတ်များဖြစ်သည့် အရပ်သားများကို အသက်အန္တရာယ်ဖြစ်အောင် ပြုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် တိုက်ပွဲတွင်း အသုံး ချခြင်းများ မပြုလုပ်ရကြောင်း စသည့် ပြဋ္ဌာန်းချက်ကိုလည်း ချိုးဖောက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့က စတင်ပြီး ဒီပဲယင်းမြို့နယ်ရှိ မူးရိုးကုန်း၊ မြို့ကြီး၊ တည်တော၊ ဝဲကြီး၊ မူးကမ်း ကြီး၊ ညောင်လှ၊ မဲအိုး၊ လက်ယက်ကုန်း၊ ညောင်လှ၊ တည်တော၊ ယဉ်ကျေး၊ အင်ဘုတ်၊ အိုးတိမ်းတွင်းရွာ အစရှိသည့် ရွာ များကို ဝင်ရောက်စီးနင်းလာခြင်းကြောင့် ဒေသခံ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး အနည်းဆုံး လူငယ် ၇ ဦးခန့် ဖမ်းဆီခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “အိုးတိမ်းတွင်းရွာမှာ ညအိပ်ပြီးတော့ အဲဒီရွာမှာ ရှိတဲ့ စားစရာ၊ သောက်စရာ ဆန်တွေဘာတွေ အကုန် ယူ သွားတယ်။ ရွာထဲက ဘတ္ထရီအိုးတွေ ယူပြီးတော့ ဘုန်းကြီးကျောင်းထဲမှာ အားသွင်းဘာသွင်း။ အရက်ဆိုင်ထဲက အရက် တွေ ယူသွားပြီး ကြက်တွေဖမ်း ချက်စားသွားတယ်။ သူတို့လာပြီဆိုရင် လူတွေလည်း ဖမ်းတယ်။ ပစ္စည်းတွေလည်း ယူ တယ်။ သူတို့ မလိုအပ်ရင် အသာတကြည် မထားခဲ့ဘဲနဲ့ သုံးမရအောင် ဖျက်ဆီးထားခဲ့တာမျိုးလည်း ရှိတယ်” ဟု ပြော သည်။
အလားတူပင် မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ဟင်္သာကျေးရွာတွင်လည်း ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီက လူငယ် ၅ ဦးကို ပစ်ခတ်ဖမ်းဆီးရာ လူငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် တဦးက ဧရာဝတီ သို့ ပြောသည်။
၎င်းက “ဒီရက်ပိုင်း အင်အား အလုံးအရင်းနဲ့ စီမံချက်နဲ့ကို ရေစကြိုကို ရှင်းလင်းနေတဲ့ သဘောမှာတော့ ရှိတယ်။ အဓိက အားကောင်းတဲ့ PDF တွေကို အပြီး နှိမ်နင်းမယ်ဆိုတဲ့ သဘောပေါ့။ ကျနော်တို့ကလည်း ၁ မြို့နယ် ၂ မြို့နယ်နဲ့ တိုက်လို့ မရတဲ့ အနေအထား ဖြစ်နေတာ။ လက်နက်ချင်း မယှဉ်နိုင်တာပေါ့။ လူကတော့ အင်အားထုတ်လို့ ရတယ်။ အစိုးရကလည်း တိုက်ပွဲခေါ်သံ မပေးသေးတော့ ဒီအခြေအနေမှာ ယှဉ်တိုက်ဖို့ ဖြစ်နိုင်ချေ မရှိသေးတော့ ဆုတ်ခွာရတဲ့ အနေအထားပေါ့” ဟု ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းမှုတွင် ရေစကြို မြို့နယ်ရှိ ရွှေလှံရွာတွင် သြဂုတ် ၁၉ ရက်နေ့က ပြည်သူ့ ကာကွယ်ရေးအဖွဲ့ စခန်းတခု စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခံခဲ့ရကြောင်း သိရ သည်။ သြဂုတ်လ ၂၁ ရက်ကလည်း အဆိုပါရွာတွင်ပင် စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေပြုလုပ်ရာ လက်နက်နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းခံလိုက်ရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ထို့ပြင် ယမန်နေ့က မြောင်မြို့နယ်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းတခုကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ သောကြောင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
You may also like these stories:
ဒီပဲယင်းမြို့နယ်ရှိ ရွာပေါင်း ၂၀ နီးပါး စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်း
ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား
ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား
မင်းတပ် CDF ကို စစ်ကောင်စီတပ် အင်အားသုံး၍ ဖိတိုက်နေ
ရန်ကုန်တွင် စစ်ကောင်စီက ညအချိန် ဖမ်းဆီးမှုများလုပ် ရပ်ကွက်မှ ပစ္စည်းတချို့ ယူဆောင်သွား