ဆောင်းပါး

စစ်မီးပဋိပက္ခကြားက ကရင်နီ စစ်ဘေးရှောင်များ

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ်တွင်း တငွေ့ငွေ့လောင်နေသည့် စစ်မီးပဋိပက္ခကြား အသက်ဘေးလွတ်ရာ ထွက်ပြေးလာရသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေသည် သြဂုတ်လအတွင်း တရိပ်ရိပ်တိုးလာလျက် ရှိနေသည်။

ကရင်နီ တော်လှန်ရေးတပ်များနှင့် အာဏာသိမ်း စစ်တပ်ကြား ပဋိပက္ခသည် မေလအတွင်း ကယားပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်များ၌သာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ ဘော်လခဲ၊ ဖရူဆို၊ ပင်လောင်းမြို့နယ်များထိပါ ကူးစက်သွားပြီ ဖြစ်သည်။

တိုက်ပွဲနယ်မြေ ကျယ်လာသည်နှင့်အမျှ စစ်ဘေးဒဏ်ကြား အသက်ဘေး လွတ်မြောက်ရန် ပြေးလာရသည့် အရပ်သား ဦးရေကလည်း ပိုမိုတိုးလာခြင်း ဖြစ်သည်။

၂၀၂၁ခု ဩဂုတ် ၁၂ ရက် ဖရူဆိုမြို့နယ်အတွင်း စစ်တပ်၏ စစ်ဆင်မှုကြောင့် ရာသီဥတု ဆိုးရွားသည့်ကြား အရပ်သား ထွက်ပြေးတိမ်းရှောင်ရသည်ကို တွေ့ရစဉ် (Free Burma Ranger-Karenni)

တိုက်ပွဲဖြစ်သည့် နယ်မြေများတွင် အရပ်သားများကို လိုက်လံကူညီပေးနေသည့် ကရင်နီ အမျိုးသားရေး တက်ကြွလှုပ်ရှား သူ အမျိုးသမီးတဦးက “ရွာလုံးကျွတ် ပြေးရတဲ့ ဒုက္ခသည်ဦးရေက ထပ်ထပ်တိုးနေတယ်။ ဖယ်ခုံနဲ့ ပင်လောင်းကြားမှာ အခု ရက်ပိုင်းထဲကို ပြေးရတာ အနည်းဆုံး လူဦးရေ ၁၀၀၀ ရှိတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာလည်း တိုက်ပွဲဖြစ်တဲ့နားက ရွာတွေ ပြေးနေရတာပဲ။ ဒုက္ခသည်ဦးရေ လျော့သွားတာ မရှိဘူး” ဟု ပြောဆိုသည်။

နေအိမ်များ၊ ကျေးရွာများကို စွန့်ခွာကာ တနိုင်တပိုင် အထုပ်အပိုး၊ စားနပ်ရိက္ခာ အနည်းငယ်နှင့် အဝေးကို ထွက်ပြေးကြ သည့် စစ်ဘေးရှောင် ဒုက္ခသည်များအနက် အချို့ကလည်း ကျေးရွာအနီး တိုက်ပွဲဖြစ်ခြင်း၊ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ပြေးလွှားကြရခြင်း ဖြစ်သည်။

အချို့သည်လည်း စစ်ကောင်စီက ကရင်နီ တော်လှန်ရေးသမားများကို လိုက်လံဖမ်းဆီးရန်၊ တိုက်ခိုက်ရန်အတွက် ကရင်နီ လူမျိုးများ နေထိုင်သည့် ကျေးရွာများကို အင်အား ရာနှင့်ချီ စစ်ကြောင်းများ တိုးဝင်လာခြင်းကြောင့် ကြောက်ရွံ့ပြီး လူကြီးရော ကလေးပါမကျန် တောတောင်ထဲသို့ ပုန်းအောင်း တိမ်းရှောင်သွားကြခြင်း ဖြစ်သည်။

လက်ရှိတွင် ကရင်နီတော်လှန်ရေးတပ်များနှင့် အာဏာသိမ်း စစ်တပ်ကြား တိုက်ခိုက်မှုများကြောင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေမှာ ၁ သိန်းခွဲအထိ ရှိနေ ပြီ ဖြစ်သည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းများအရ ကယားပြည်နယ်သည် လူဦးရေ ၂၈၀,၀၀၀ ကျော်သာရှိရာ ယခုအခါ ပြည်နယ်၏ လူဦးရေ တဝက်သည် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်နေကြပြီဟု ဆိုရမည် ဖြစ်သည်။

ပြန့်ကျဲနေသည့် စစ်ဘေးရှောင်များ

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင်း လူဦးရေ အနည်းဆုံးနှင့် အသေးဆုံး ပြည်နယ်တခု ဖြစ်သည်။

၂၀၂၁ခု ဩဂုတ် ၁၂ ရက် ဖရူဆိုမြို့နယ်အတွင်း စစ်တပ်၏ စစ်ဆင်မှုကြောင့် ရာသီဥတု ဆိုးရွားသည့်ကြား အရပ်သား ထွက်ပြေးတိမ်းရှောင်ရသည်ကို တွေ့ရစဉ် (Free Burma Ranger-Karenni)

ကယားပြည်နယ်တွင်း မြို့နယ် ၇ မြို့နယ် ရှိပြီး လက်ရှိတွင် မြို့တော် လွိုင်ကော် အပါအဝင် ဒီးမော့ဆို၊ ဘော်လခဲနှင့် ဖရူဆို မြို့နယ်များတွင် စစ်မီးတောက်လောင်လျက် ရှိနေသည်။
လွိုင်ကော်နှင့် နယ်မြေ ဆက်စပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့တွင်လည်း ကရင်နီ၊ ကယန်း၊ ပဒေါင်လူငယ်များက အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တော်လှန်နေကြရာ ထိုမြို့နယ်များတွင်လည်း စစ်ရေးပဋိပက္ခ ဖြစ်ပွားလျက် ရှိသည်။

တိုက်ပွဲများကြောင့် ပြေးလွှားနေကြရသည့် ကရင်နီ စစ်ဘေးရှောင် ဒုက္ခသည်များသည် အခြားဒေသများကဲ့သို့ မြို့နယ် တမြို့နယ်လျှင် တနေရာ၊ တစုတစည်းတည်း ထွက်ပြေးကြခြင်း မဟုတ်ဘဲ နီးစပ်ရာ တောတောင်များ၊ ကျေးရွာများ နှင့် ဆွေမျိုးမိတ်ဆွေများထံသို့ ပြန့်ကျဲကာ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြသည်။

ထိုသို့ ဖြစ်ရခြင်းမှာ စစ်ကောင်စီဘက်က ပြေးလွှားနေသည့် အရပ်သားများအား လိုက်လံရှာဖွေခြင်း၊ ထွက်ပြေးနေရသည့် အရပ်သားများ ခိုလှုံနေသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ထားသည့် ဖြစ်စဉ်များကြောင့် ဖြစ်သည်။

တနေရာတည်းတွင် စတည်းချ မနေနိုင်ဘဲ ရွေ့လျားပြေးနေရသည့်အတွက် စစ်ဘေးရှောင် ဒုက္ခသည်များ အနေဖြင့် အမိုး အကာ ကောင်းကောင်းဖြင့် ဒုက္ခသည်စခန်းများ တည်ဆောက်နိုင်ခြင်း မရှိဘဲ ကြုံသလို နေနေကြရသည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ စာရင်းအရ စစ်ဘေးရှောင်ဒုက္ခသည် ၁ သိန်းခွဲအနက် အများစု မှာ တောတောင်များ၊ နီးစပ်ရာ ကျေးရွာများတွင် ပြောင်းရွှေ့ ခိုလှုံနေကြပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီ တပ်မတော် (KNPP/KA) ၏ ထိန်းချုပ်နယ်မြေထဲသို့ ဝင်ပြေးလာသူ ဦးရေမှာလည်း ၄၀၀၀ ဝန်းကျင် ရှိသည်ဟု ဆိုသည်။

KSCC သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည့် KNPP နှင့် အခြား ကရင်နီ လူငယ်များ ထူထောင်လိုက်သည့် တော်လှန်ရေးတပ်ဖွဲ့များ၊ ၂၀၂၀ အနိုင်ရ ရွေးကောက်ခံအမတ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ၊ ကရင်နီလူငယ်များ၊ တတ်သိပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ကောင်စီ ဖြစ်သည်။

ယင်းကောင်စီအောက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းထားပြီး ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီပေးလျက် ရှိသည်။

KSCC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က “ကျနော်တို့က ရေရှည် IDPs စခန်း ပုံစံမျိုး လုပ်ချင်တာပေါ့။ သူတို့ရဲ့ လုံခြုံရေး ရှိဖို့ဆို တရားဝင် နိုင်ငံတကာ အသိအမှတ်ပြုတဲ့ Camp ဖြစ်ဖို့ လိုတယ်။ အဲဒါအတွက် နိုင်ငံတကာ အဖွဲ့ အစည်းတွေက ကျနော်တို့ကို ကူဖို့လိုတယ်။ သူတို့ကနေ တာဝန်ယူပြီး ဖွဲ့စည်းထားတဲ့ Camp တွေ ဖြစ်ပါတယ်ဆိုမှ တိုက် ခိုက်မှုတွေ မရှိမှာ” ဟု ပြောသည်။

လက်ရှိတွင် တောတောင်လျှိုမြောင်ထဲ ပုန်းအောင်နေရသည့် စစ်ဘေးရှောင်ဒုက္ခသည်များနှင့် နီးစပ်ရာကျေးရွာများတွင် ခို လှုံနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များသည် ယာယီတိမ်းရှောင်ရန်အတွက် အဆင်ပြေသော်လည်း ရေရှည်ဆို လျှင် တောင့်ခံနိုင်မည့် အခြေအနေ ရှိမည်မဟုတ်ပေ။

ကျန်းမာရေးအတွက် သန့်ရှင်းသည့် သောက်သုံးရေနှင့် မိုးဒဏ်လေဒဏ်နေဒဏ် ခံနိုင်သည့် လုံခြုံသော အမိုးအကာ အောက်တွင် နေထိုင်ရန် လိုအပ်သည်။

အချို့ စစ်ဘေးရှောင် ဒုက္ခသည်များသည် တိုက်ပွဲဖြစ်ပွားသည့် နယ်မြေနှင့် ဝေးသည့် ကျေးရွာများတွင် ခိုလှုံနေရ သဖြင့် သောက်သုံးရေအတွက် မပူပင်ရသော်လည်း တောတောင်ထဲ ရွှေ့ပြောင်း ပြေးလွှားနေရသည့် စစ်ဘေးရှောင် ဒုက္ခ သည်များမှာ သန့်ရှင်းသည့် သောက်သုံးရေ မရခြင်းကြောင့် အရေပြားရောဂါများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်း များနှင့် ရင်ဆိုင်နေရသည်။

ဇွန်လအတွင်းက လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်ကြားရှိ တောတောင်ထဲတွင် ပြေးဝင်ခိုလှုံနေရသည့် စစ်ဘေးရှောင် ဒုက္ခ သည်များဆိုလျှင် သောက်သုံးရေအတွက် မိုးရေကို ရေပုံးဖြင့် ခံယူသုံးစွဲရပြီး အချို့ဒုက္ခသည်များသည် ကော်ဖီရောင် သန်းနေသည့် ညိုညစ်ညစ် ရေများကို ရေအိုင်အတွင်းမှ ခပ်ယူ အသုံးပြုကြရသည်။
ယခုသြဂုတ်လ အတွင်း၌လည်း ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ ထီးဖိုကလို့ ကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀၀ ဆိုလျှင်လည်း ထွက်ပြေးပြီး ၂ ရက်အတွင်း သောက်သုံးရေ ခက်ခဲသည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

မိုးတွင်းကာလ ဖြစ်သဖြင့် သောက်သုံးရေအတွက် မိုးရေကို ပုံးများဖြင့် ခံယူပြီး ရေပြဿနာကို ဖြေရှင်းကြသော်လည်း မိုးရာသီကုန်ဆုံးပြီး နောက်ပိုင်းကာလများတွင် သောက်သုံးရေ အခက်အခဲနှင့် ထပ်မံရင်ဆိုင်ကြရအုံးမည် ဖြစ်သည်။

စစ်ဘေးရှောင် ဒုက္ခသည်များသည် ရေနှင့် ကျန်းမာရေး ပြဿနာကိုသာ ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ လုံလောက်သည့် စားနပ်ရိက္ခာ ရရှိရေးအတွက်လည်း စိန်ခေါ်မှုများ ရှိနေကြသည်။
အချို့ စစ်ဘေးရှောင် ဒုက္ခသည်များသည် KSCC မှတဆင့် ထောက်ပံ့သည့် စားနပ်ရိက္ခာများ ရရှိသော်လည်း အချို့သည် မိမိနေအိမ်တွင်းမှ ဆန်နှင့်ရိက္ခာခြောက်များ သယ်ယူလာကာ တောတောင်တွင်းမှ ဟင်းသီးဟင်းရွက်များကို ခူးဆွတ် ချက်ပြုတ်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြရသည်။

KSCC သည် ဒုက္ခသည်အားလုံးကို စားနပ်ရိက္ခာ ဖူလုံအောင် ထောက်ပံ့နိုင်ရန် ရန်ပုံငွေ အခိုင်အမာ မရှိသည့်အပြင် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် KNPP/KA ဆိုလျှင်လည်း ၎င်းတို့ နယ်မြေတွင်း ဝင်ရောက်ခိုလှုံလာသည့် ဒုက္ခသည် ဦးရေ ၄၀၀၀ ဝန်းကျင်အတွက် စားရေးရိက္ခာ ဖြေရှင်းပေးရသည်မှာ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနေပြီ ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး – မြန်မာ (UNOCHA Myanmar) က သြဂုတ် ၁၈ ရက်တွင် ထုတ် ပြန်သည့် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာတွင် ကယားပြည်နယ် အပါအဝင် မြန်မာတနိုင်ငံလုံးတွင် ပဋိပက္ခဒဏ်ကို ခံစားနေရပြီး အကူအညီ လိုအပ်နေသည့် လူဦးရေမှာ ၃ သန်း ရှိသည်ဟု ထုတ်ပြန်ထားသည်။

၎င်းတို့ အနေဖြင့် အကူအညီ လိုအပ်နေသူများကို ကူညီရန် ဦးတည်ဆောင်ရွက်နေသည်ဟုလည်း UNOCHA က ဆိုသည်။

UNOCHA ၏ စာရင်းထဲတွင် ဖေဖော်ဝါရီမှ သြဂုတ် ၁၆ ရက်အတွင်း တိုက်ပွဲများကြောင့် ကယားပြည်နယ်တွင် နေရပ်စွန့် ခွာ ပြေးနေရသူ ၈၆,၀၀၀ ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀,၃၀၀ ခန့် ရှိကြောင်း၊ သြဂုတ်လအတွင်း ကယားပြည်နယ် နန်းဖဲကျေးရွာမှ ထပ်မံထွက်ပြေးရသူဦးရေ ၄,၀၀၀ ခန့်ရှိကြောင်း ဖော်ပြထားသည်။

သို့သော် မြေပြင်တွင် အမှန်တကယ် ထွက်ပြေးရသူများသည် UNOCHA ၏ စာရင်းထက် ပိုများနေပြီ ဖြစ်သည်။

သြဂုတ်ပထမပတ်အတွင်း ဘော်လခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုမှ ရွာ ၇ ရွာနှင့်အတူ ဖရူဆိုမြို့နယ်၊ တောခူကျေးရွာ အုပ်စုမှ ရွာ၇ ရွာသည်လည်း ရွာလုံးကျွတ် ပြေးနေရပြီး အသစ်ထပ်တိုးလာသည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေမှာ ၇,၅၅၈ ဦး ရှိသည်။

သြဂုတ် ဒုတိယပတ်ဖြစ်သည့် သြဂုတ် ၁၃ ရက်၊ ညပိုင်းကလည်း ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းရှိ ထီးဖိုကလို့ ကျေးရွာအုပ်စု အနီး စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်များကြား တိုက်ပွဲဖြစ်ရာ ရွာ ၆ ရွာမှ လူဦးရေ ၂၀၀၀ ခန့် ထွက်ပြေး နေရ သည်။

ထိုလူဦးရေ ၂၀၀၀ ခန့်ထဲမှ အချို့သည် တိုက်ပွဲများ ငြိမ်သက်သွားခြင်းကြောင့် နေရပ်ရင်းရွာကို ပြန်နေကြသော်လည်း အချို့က အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်သဖြင့် ရွာကို ပြန်လာခြင်း မရှိပါ။

သြဂုတ် ၁၄ ရက်တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်း မြို့နယ်ကြားရှိ ပင်ပုံ ကျေးရွာ၊ လွယ်ဟွဲကျေးရွာတို့အနီးတွင် ဖယ်ခုံ PDF တပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပအို့ဝ်ပြည်သူ့စစ်တို့ကြား တိုက်ပွဲ ဖြစ်ရာ ဒေသခံများ ၁၀၀၀ ခန့် ထွက်ပြေးကြရသည်။

သြဂုတ်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ၏ လူဦးရေးစာရင်းများသည် မြို့နယ်အလိုက် စစ်ဘေးရှောင်များကို အကူအညီ ပေးနေသည့် ကရင်နီလူငယ်များက အတည်ပြုထားသည့် စာရင်းများဖြစ်ပြီး ထိုစာရင်းများအရ သြဂုတ်လ အတွင်း အသစ်ထပ်တိုးလာသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၁၀,၀၀၀ ဝန်းကျင်တွင် ရှိနေပြီ ဖြစ်သည်။

ကယားပြည်နယ်၏ နိုင်ငံရေး၊ စစ်ရေး အခြေအနေ

ကယားပြည်နယ်တွင်း တိုက်ပွဲများ စတင်ခဲ့သည်မှာ မေ ၂၁ ရက်က ဒီးမော့ဆိုမြို့နယ်၊ ဒေါ့ငံခါးရပ်ကွက်တွင် ဖြစ်သည်။

ဒေါငံခါးရပ်ကွက်နှင့် မလှမ်းမကမ်းတွင် တည်ရှိသည့် ခြေလျင်တပ်ရင်း၊ ခလရ ၁၀၂ က ဒေါ့ငံခါးရပ်ကွက်တွင်း ဝင်ရောက် စစ်ဆေးခြင်း၊ လူဖမ်းခြင်းများ လုပ်ရာမှ စတင် တင်းမာကာ ရပ်ကွက်တွင်း ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည်အထိ ပဋိ ပက္ခကြီးသွားခြင်း ဖြစ်သည်။

မေ ၂၂ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်တပ်နှင့်ရဲ ပူးပေါင်းစခန်းထိုင်သည့် ဒေါတဝီဂိတ်ကို PDF က စီးနင်းတိုက်ခိုက်ကာ ဖျက်ဆီးခဲ့သည်။

ဒီးမော့ဆို PDF က စတင် လှုပ်ရှားလိုက်ပြီးနောက် မေ ၂၃ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင်းရှိ PDF တပ်ဖွဲ့များက မိုးဗြဲနယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းရာ ရဲတပ်ဖွဲ့ကို စစ်ကူပေးရန် လွိုင်ကော်ဘက်မှ ဆင်းလာသည့် စစ် ကောင်စီတပ်များအား လွိုင်ကော် PDF က လမ်းတလျှောက် ပိတ်ဆို့တိုက်ခိုက်ပြီး ဟန်ချက်ညီညီ စစ်ဆင်ရေး လုပ်ခဲ့သည်။

မေ ၂၆ ရက်တွင်လည်း လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး ရဲစခန်းကို ထပ်မံစီးနင်း တိုက်ခိုက်ခဲ့သေးသည်။

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် လွယ်ဟွဲ ကျေးရွာရှိ အမျိုးသမီးများနှင့် ကလေးများကို Free Burma Ranger-Karenni မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေစဉ် (Free Burma Ranger-Karenni)

ကရင်နီ PDF တပ်ဖွဲ့များသည် စစ်တပ်က အာဏာသိမ်းပြီးနောက်မှ လက်နက်စကိုင်သည့် လူငယ်များ ဖြစ်သော်လည်း ခေ သူများ မဟုတ်ပေ။

၎င်းတို့ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဘက်က အထိနာသဖြင့် စစ်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုယ်တိုင် ကယားကို ရောက်လာပြီး ၎င်း၏ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တိုက်ခိုက်မှုတွင်း သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံ့ခြင်း၊ စိတ်ဓာတ်တက်ကြွအောင် အားပေးခြင်းများ ပြုလုပ်ခဲ့ရသည်။

မေ ၂၁ မှ စတင်လိုက်သည့် တိုက်ပွဲသည် ဇွန်လလယ်ပိုင်းအထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

ထိုစဉ်ကလည်း ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်တို့မှ မြို့ပေါ်ရပ်ကွက်များ အပါအဝင် တိုက်ပွဲဖြစ်သည့် နယ်မြေ များတွင်ရှိသော ကျေးရွာပေါင်း ၁၀၀ နီးပါးမှ အရပ်သားများသည် စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

အရပ်သားများ ထွက်ပြေးသွားသည့် ဒီးမော့ဆိုမြို့နယ်၊ ဒေါ့ငံခါး ရပ်ကွက်အတွင်းရှိ နေအိမ် အလုံး ၂၀ ခန့်ဆိုလျှင် စစ်ကောင်စီက မီးရှို့ခြင်း၊ လက်နက်ကြီး ကျည်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ရာ မီးလောင်ပျက်စီးခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီ၏ ခမရ ၄၂၇ နှင့် ခလရ ၁၀၂ တို့ ဝင်ရောက်စခန်းချ နေထိုင်ခဲ့သည့် ဒီးမော့ဆို မြို့နယ် ငွေတောင်ကျေးရွာဆိုလျှင်လည်း နေအိမ်များ၊ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းဆိုင်ခန်းများ၊ ကုန်ခြောက်ဆိုင်များပါ ဖောက် ထွင်းခံခဲ့ရသည်။

ဇွန် ၁ ရက်တွင် ကယားပြည်နယ်တွင်း ပြန့်ကျဲစွာ ဖွဲ့စည်းထားသည့် PDF တပ်ဖွဲ့များ စုစည်းကာ ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ် (KNDF) ကို ထူထောင်လိုက်ကြသည်။ သို့သော် ဒီးမော့ဆို PDF မှာမူ သီးခြား လှုပ်ရှားနေဆဲ ဖြစ်သည်။

မည်သို့ပင် ကရင်နီလူငယ်များကြား အဖွဲ့အစည်း အသီးသီးဖြင့် လှုပ်ရှားနေကြသော်လည်း ၎င်းတို့ အားလုံးသည် မဟာမိတ် များ ဖြစ်ကြသည်။

ကရင်နီလူငယ်များ လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နိုင်ရန်အတွက် ဝါရင့်ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဖြစ်သည့် KNPP/KA ထံတွင် အခြေခံစစ်ပညာ သင်ယူပြီး KA က တိုက်ပွဲများတွင်လည်း ပါဝင်ကူညီကာ တိုက်ခိုက်ပေးခဲ့သည်။

ဇွန်လလယ်ပိုင်းတွင် ကရင်နီပြည်သူ့စစ်တပ်ဖွဲ့အချို့က ကြားဝင်ညှိနှိုင်းပေးရာ ဒီးမော့ဆို PDF တပ်ဖွဲ့ အပါအဝင် KNDF အဖွဲ့ဝင်အချို့က စစ်ကောင်စီနှင့် အပစ်ရပ်ဆိုင်းကြောင်း ကြေညာခဲ့သော်လည်း လက်တွေ့မြေပြင်တွင်မူ စစ်ကောင်စီဘက် က စစ်အင်အား တိုးချဲ့ခဲ့သည်။

ဇွန်လအတွင်း တပ်မ ၆၆ နှင့် တပ်မ ၅၅ ကို ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း အင်အား ဖြည့်တင်းခဲ့သည်။

စစ်ကောင်စီသည် တပ်မ ၆၆ နှင့် တပ်မ ၅၅ လက်အောက်ရှိ တပ်ရင်း အားလုံးကို ကယားပြည်နယ်တွင်းသို့ ပို့ထား ခြင်းဖြစ်ပြီး အသစ်ထပ်တိုး ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ အင်အား ၁၅၀၀ နှင့်အထက် ရှိသည်ဟု KNPP /KA က ဆိုသည်။

စစ်ကောင်စီသည် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားထားသည့် ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆိုတို့တွင်သာမက ဘော်လခဲ၊ ဖရူ ဆို မြို့နယ်တို့တွင်ပါ စစ်ကြောင်းများ တိုးဝင်လာရာ ဇူလိုင် ၁၅ ရက်တွင် KA နှင့်ပါ တိုက်ပွဲများ စတင် ဖြစ်ပွားတော့သည်။

ဇူလိုင် ၁၅ ရက်မှ ပြန်စဖြစ်သည့် တိုက်ခိုက်မှုများတွင် KA၊ KNDF တို့က ပူးတွဲတိုက်ခိုက်ပြီး တိုက်ပွဲများမှာ သြဂုတ် ပထမ ပတ်အထိ ဘော်လခဲနှင့် ဖရူဆိုမြို့နယ်တို့အတွင်း ဖြစ်ပွားထားသည်။

သြဂုတ် ၁၃ ရက်တွင် ဒီးမော့ဆိုမြို့နယ်၌ ဒီးမော့ဆို PDF၊ KNDF၊ KA တို့နှင့် စစ်ကောင်စီကြား တိုက်ပွဲထပ်မံဖြစ်ပွားပြီး သြဂုတ် ၁၄ ရက်တွင် ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်တွင်ပါ တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားလာတော့သည်။

တိုက်ပွဲ၏ တဖက်တွင် အရပ်သားများသည် စစ်ကောင်စီ၏ ပေါ်တာဆွဲခံရခြင်း၊ လမ်းပြအဖြစ် ဖမ်းဆီးခံရခြင်း၊ ရှေ့တန်း နယ်မြေများသို့ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခံရခြင်းများအပြင် နေရပ်ကို စွန့်ခွာထွက်ပြေးရသည့် ဒုက္ခများနှင့် ရင်ဆိုင် နေရသော်လည်း ကရင်နီလူငယ်များက စစ်ကောင်စီကို ဖြုတ်ချနိုင်သည်အထိ တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားသည်။

KNDF ၏ ပြောရေးဆိုခွင့်ရှိသူက “အခုချိန်မှသာ စစ်ကောင်စီကို ကျနော်တို့ မတိုက်ဘူး၊ မချေမှုန်းဘူးဆိုရင် အနာဂတ်မှာ ကျနော်တို့ မျိုးဆက်သစ်တွေ ဘဝတခုလုံးက ဆုံးရှုံးသွားလိမ့်မယ်။ ဒါကြောင့် အခုချိန်မှာ ခဏတာ ဆုံးရှုံးမှုကို ရင်ဆိုင်ပြီး အောင်မြင်တဲ့ အတိုင်းအတာတခုကို အတူသွားကြမယ်။ ဒုက္ခတွေတော့ တူတူခံကြပေါ့။ ပြည်သူလည်း ခံရသလို ကျနော်တို့ လည်း ဒုက္ခခံနေရပါတယ်” ဟု ပြောသည်။

တိုက်ပွဲဝင်နေသည့် ကရင်နီလူငယ်များထဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကရင်နီ အမျိုးသားရေး လှုပ်ရှားသူများ၊ သာမန် လက်လုပ်လက်စားများ ပါဝင်သည့်အပြင် တက္ကသိုလ်ကျောင်းသားများ၊ လူငယ်လူရွယ်များ စသည်ဖြင့် လူတန်း စားပေါင်းစုံ ပါဝင်ကြသည်။

ထိုလူငယ်များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီး နိုင်ငံ့အာဏာကို ရယူထားသည့် နေရာမှ ဖြုတ်ချနိုင်သည်အထိ တိုက်ရန် ရည်ရွယ်ထားသော်လည်း ၎င်းတို့တွင် ရှိသည့် တူမီး၊ လက်လုပ်သေနတ်များနှင့် တိုက်ခိုက်ပြီး စစ်ကောင်စီ ကို ဖြုတ်ချရန် မလွယ်ကူမှန်း နားလည်သဘောပေါက်သည်ဟု ပြောဆိုကြသည်။

ထို့ပြင် တိုက်ပွဲများ အချိန်ကာလ ရှည်ကြာလိမ့်မည်ဟုလည်း လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ကရင်နီလူငယ်များက ခန့်မှန်း ပြောဆိုကြသည်။

ထို့ကြောင့် လူထုအနေဖြင့် အရေးကြုံလာပါက ပြေးလွှားရန်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများကိုသာ စုဆောင်းထားရန် လိုအပ်သည်ဟု ဆိုသည်။

လက်နက်ကိုင် တိုက်ခိုက်နေသည့် ကရင်နီလူငယ်များသည် လူထုကို စစ်ဘေးရှောင်နိုင်ရေး အသင့်ပြင်ထားရန်၊ စားနပ် ရိက္ခာနှင့် ဆေးဝါးများ မိမိတို့ မိသားစုအတွက် စုဆောင်းထားကြရန် လူမှုကွန်ရက် စာမျက်နှာမှတဆင့်လည်း လှုံ့ဆော်နေ သည်မှာ သြဂုတ်လ ပထမပတ်ကတည်းက ဖြစ်သည်။

KNDF ၏ ပြောရေးဆိုခွင့်ရှိသူက “တတ်နိုင်ရင် အရေးတော်ပုံကို အမြန်ဆုံး အဆုံးသတ်ချင်တယ်။ ဖြစ်နိုင်ရင် ၁ နှစ်၊ ၂နှစ် အတွင်း ပြီးဆုံးအောင် လုပ်ချင်တယ်။ အဲဒီအချိန်အတွင်း ဖြစ်လာနိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ကျနော်တို့ မပြောနိုင် ဘူး။ ဒါက ဘာနဲ့ ပတ်သက်ဆက်နွယ်မှု ရှိလဲဆိုတော့ ကျနော်တို့ရဲ့ လူ့အရင်းအမြစ်ရယ်၊ ကျနော်တို့ ပိုင်ဆိုင်ထားတဲ့ လက် နက်ခဲယမ်းတွေအပေါ် အများကြီး မူတည်ပါတယ်” ဟု ပြောသည်။

လာမည့် ကာလများတွင် ကြီးမားသည့် တိုက်ပွဲများ ရှိလာနိုင်သဖြင့် လူထုက ထွက်ပြေးရချိန်တွင် စားရေးသောက်ရေး မခက်ခဲစေရန်အတွက် ရိက္ခာများ စုဆောင်းထားရန်သာ ထပ်မံ သတိပေးလို သည်ဟုလည်း ၎င်းက ဆိုသည်။

ကရင်နီဒုက္ခသည်များ၏ အနာဂတ်

လွိုင်ကော်မြို့ပေါ်ရှိ ဆွေမျိုးများအိမ်တွင် စစ်ဘေးရှောင်နေသည့် မအဲလစ်က “ကျမတို့ ပြည်နယ်မှာက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းတာ များတယ်။ မြို့ပေါ်က လူနည်းနည်းလောက်ပဲ ငွေကြေး ပြေလည်ကြတာ။ အခုချိန်ဆို မိုးရာသီ မှာ နှမ်းရိတ်မယ့်လူလည်း မရိတ်ရ၊ စပါးစိုက်မယ့်လူလည်း မစိုက်ရနဲ့။ ပြေးဖို့လွှားဖို့အတွက် ရိက္ခာစုထားဆို ကျမတို့ ဘယ် လိုစုမလဲ။ လက်ထဲ ငွေနည်းနည်းရှိလို့ အလွန်ဆုံး စုနိုင်ဆောင်းနိုင် တပတ်စာပေါ့။ အများဆုံး တလစာပေါ့” ဟု ပြောသည်။

မအဲလစ်သည် မိသားစုဝင် ၄ ဦးရှိပြီး ၎င်းတို့ မိသားစုသည် ဇွန်လကတည်းက ဆွေမျိုးအိမ်တွင် လာရောက် ခိုလှုံနေ ကြခြင်း ဖြစ်သည်။

ဧရာဝတီမှ ဒီးမော့ဆို မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် အချို့ကို ဆက်သွယ်မေးမြန်းရာတွင် တိုက်ပွဲရှည်ကြာ လာ မည်ဆိုပါက စားရေးသောက်ရေးနှင့် နေထိုင်ရေးအတွက် မည်သို့ ဖြေရှင်းရမည် ဆိုသည်ကို တွေးဆ၍ပင် မရကြောင်း ပြောဆိုကြသည်။

ဒီးမော့ဆိုမြို့နယ်တွင်း စစ်ဘေးရှောင် ဒုက္ခသည်တဦး ဖြစ်သည့် ကိုဦးကလည်း “ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ပဲ ရှိတယ်။ အခုချိန်မှာ ကိုယ်နေတဲ့နေရာ တိုက်ပွဲဖြစ်မယ်ဆို ပြေးရုံပဲလေ။ ဘယ်လို နေကြထိုင်ကြမယ်ဆိုတာ နောက်မှ စဉ်းစားရ မှာပေါ့။ မတွေးတတ်ဘူး။ အဖွဲ့အစည်းတွေက ကူညီပေးရင်တော့ အကူအညီ ယူရမှာပေါ့” ဟု ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမည့်ကာလ ရှည်ကြာမည့်အရေးကို ကရင်နီလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များက တွက်ဆထားရာ KSCC သည်လည်း နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများ ရရှိရန် ကြိုးပမ်းလျက် ရှိသည်ဟု ဆိုသည်။

မည်သည့် အဖွဲ့အစည်းများထံမှ အကူအညီ တောင်းခံထားသည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း စစ်ဘေးရှောင် ဒုက္ခသည်များအတွက် နိုင်ငံတကာ အသိအမှတ်ပြု စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ခွင့်ရရန်၊ စားနပ်ရိက္ခာ နှင့် ဆေးဝါး အကူအညီများ ရရှိနိုင်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း ဆွေးနွေးနေသည်ဟု KSCC က ပြောသည်။

ဧရာဝတီက NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကို ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အကူအညီ ပေးနေ သည့် အခြေအနေများကို ဖြေပေးရန် အီးမေးလ်မှတဆင့် ဆက်သွယ် မေးမြန်းသော်လည်း ယနေ့ထိ ပြန်စာရရှိခြင်း မရှိပါ။

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ကယားပြည်နယ်တွင်း အကြမ်းဖက်မှုနှင့် ပတ်သက်ခြင်း မရှိ သူများမှာ မြို့ပေါ်တွင် နေထိုင်နေပြီး အကြမ်းဖက်မှုနှင့် ပါဝင်ပတ်သက် နေသူများသာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ရှိ သည်ဟု ပြောသည်။

ထို့ပြင် ၎င်းက “ဘယ်လိုပဲ ဖြစ်ဖြစ် လူကယ်ပြန်ဝန်ကြီးဌာနရော၊ ဒေသက လူမှုရေးအသင်းအဖွဲ့တွေရော ကူညီစောင့်ရှောက် မှုတွေ ဆောင်ရွက်နေတာ ရှိပါတယ်။ ကယားပြည်နယ် အစိုးရအနေနဲ့ ကူညီဆောင်ရွက်နေတာ တွေရှိပါတယ်” ဟုလည်း ပြောဆိုသည်။

လက်တွေ့တွင်မူ တိုက်ပွဲများကြောင့် တောတောင်ထဲတွင် ပြေးလွှားနေရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း ခက်ခဲနေသည့် ဒုက္ခသည်များကို KSCC နှင့် ကရင်နီ အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်များက ကူညီနေခြင်းသာဖြစ်ပြီး စစ်ကောင်စီ ဘက်မှ လာရောက်ကူညီပေးခြင်း မရှိပါ။

KSCC သည်လည်း စစ်ဘေးရှောင် ဒုက္ခသည်များကို ရိက္ခာထောက်ပံ့ရန် အလှူရှင်များ ထည့်ဝင်သည့် ရံပုံငွေအပေါ် မှီခို၍ စီမံခန့်ခွဲနေရသဖြင့် လက်ရှိတွင် ရန်ပုံငွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီဟု သိရသည်။

KSCC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ကရင်နီ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ရေရှည်စားနပ်ရိက္ခာ ရရှိရေးနှင့် လုံခြုံသည့် စစ်ဘေးရှောင်စခန်းများ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီဟုလည်း ပြောဆိုသည်။

အကယ်၍ တိုက်ပွဲများ ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါက စစ်ဘေးရှောင် ဒုက္ခသည်အသစ်များ ထပ်တိုးလာမည့် အပြင် ရှိနှင့်ပြီးသား ဒုက္ခသည်များ အတွက်လည်း ရိက္ခာရရှိရေးက ပိုမိုခက်ခဲလာမည်ဟု သုံးသပ်မိကြောင်းလည်း ၎င်းက ပြောသည်။

“ဒီထက် ပိုလာရင်၊ အပြည်ပြည်ဆိုင်ရာက ဝင်ရောက် မထိန်းသိမ်းနိုင်ရင် ကျနော်တို့ ပြည်နယ်ထဲမှာ အငတ်ကပ်ဘေးပါ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို ကျနော် အားလုံးကို သတင်းပေးချင်ပါတယ်” ဟု ဦးအောင်ဆန်းမြင့်က သတင်းစကား ပါးသည်။

You may also like these stories:

ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား

စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading