အယ်ဒီတာ့အာဘော်

စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်

စစ်အာဏာသိမ်းပြီးတိုင်း မြန်မာပြည်သူများသည် နိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာကြသည်။ မြန်မာနိုင်ငံသားများသည် နိုင်ငံမှ နောက်တကြိမ် ထွက်ပြေးကြရပြန်ပြီဖြစ်ပြီး ယခုတကြိမ် နိုင်ငံကို စွန့်ခွာသွားသူများ သို့မဟုတ် စွန့်ခွာရန် ပြင်ဆင်နေသူများတွင် လုပ်ငန်းရှင်များ၊ စီးပွားရေးသမားများ၊ ကျွမ်းကျင်ပညာရှင်များ၊ အိုင်တီပညာရှင်များ၊ မီဒီယာသမားများ ပါဝင်သည်။

လွန်ခဲ့သော မျိုးဆက်တခုက စစ်အုပ်စုသည် ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွဲပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းပြီးနောက် ထောင်နှင့်ချီသော ကျောင်းသား တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားအချို့သည် နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ အများအပြားက ထိုင်းနှင့် အိန္ဒိယနယ်စပ်များသို့ သွားရောက်ကြပြီး ထိုမှတဆင့် စစ်အုပ်စုကို စစ်ရေးအရ တိုက်ခိုက်သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

အများအပြားက အနောက်နိုင်ငံများတွင် ဘဝကို ပြန်လည်ထူထောင်ခဲ့ပြီး ယခုအခါ ၎င်းတို့သည် ပတ်ဝန်းကျင်နှင့် ပေါင်းစည်းသွားပြီး အိုင်တီပညာရှင်၊ သမားတော်၊ ပါမောက္ခ သို့မဟုတ် ဟိုတယ်လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် ပညာရှင်များ ဖြစ်လာကြသည်။ ၎င်းတို့သည် တတိယနိုင်ငံများတွင် ပြန်လည်နေရာချထား မခံရမီ အစောပိုင်းက အတွေ့အကြုံများကို မေ့လျော့ခြင်း မရှိကြပေ။

၎င်းတို့သည် ရောထွေးသော ခံစားမှုများကို မကြာခဏ ခံစားရသော်လည်း အိန္ဒိယ၊ ထိုင်းနှင့် အခြား အရှေ့တောင်အာရှ နိုင်ငံများတွင် ၎င်းတို့အား ကြိုဆိုခဲ့ပုံများကို အမှတ်ရနေကြဆဲဖြစ်သည်။ ၎င်းတို့သည် ထိုအတွေ့အကြုံများကို ၎င်းတို့၏ မိသားစုများ ပြည်ပတွင် မွေးဖွားသည့် မျိုးဆက်သစ်များအား ပြောပြကြသည်။

ထိုသို့သော ဇာတ်လမ်းများမှပင် အိမ်နီးချင်း နိုင်ငံများနှင့် စစ်မှန်သော နားလည်မှု ရရှိလာသည်။ ထိုစစ်မှန်သော နားလည်မှုကို ပြည်သူချင်း ထိတွေ့ဆက်ဆံမှုမှ ရရှိလာခြင်းဖြစ်ပြီး စစ်ယူနီဖောင်းဝတ်များ၏ လုပ်ဆောင်မှုဖြင့် ရရှိခဲ့ခြင်း မဟုတ်ပါ။

ထိုအတွေ့အကြုံများသည် ထိုင်း၊ အိန္ဒိယနှင့် မြန်မာတို့အကြား ပိုမိုကောင်းမွန်သော အပြန်အလှန် နားလည်မှုနှင့် ပိုမိုကောင်းမွန်သော ဘုံအနာဂတ်အတွက် အခြေခံကိုလည်း ဖန်တီးပေးနိုင်သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က အမေရိကန်၊ ဝါရှင်တန်ရှိ အိမ်ဖြူတော် အနီးတွင် မြန်မာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေသည့် အဝေးရောက် မြန်မာများ / AFP

နိုင်ငံကို စွန့်ခွာကြရသည့် ပထမဆုံး ဥပမာမှာ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းပြီး ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းသောအခါ ပညာတတ်များ၊ စီးပွားရေးသမားများ (အများစုမှာ တရုတ်နှင့် အိန္ဒိယနွယ်ဖွားများ) နှင့် နိုင်ငံရေးသမားများသည် နိုင်ငံကို စွန့်ခွာ ထွက်ပြေးကြရသည်။

အိမ်နီးချင်းနိုင်ငံများက ၎င်းတို့ကို ကြိုဆိုပြီး သက်ဆိုင်ရာ လူမှုအသိုက်အဝန်းများနှင့် ပေါင်းစည်းပေးသည်။ ထိုနောက် ထိုသူများသည် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အောင်မြင်သောလုပ်ငန်းရှင်များ၊ ပညာရှင်များ ဖြစ်လာကြသည်။

ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာမှ အာဏာသိမ်းမှု အဆက်ဆက်သည် နိုင်ငံမှ အတောက်ပဆုံး ပါရမီရှင်များကို ပြည်ပသို့ မောင်းထုတ်ခြင်းဖြစ်ပြီး ထိုသို့ဆိုးရွားလှသော ဦးနှောက်ယိုစီးမှုတွင် အဓိက အကျိုးခံစားရသူများမှာ အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံများဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသား အများအပြားသည် နိုင်ငံကို စွန့်ခွာပြီး ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီနှင့် ၎င်း၏ ဖိနှိပ်မှုမှ ထွက်ပြေးကြရပြန်သည်။ အများအပြားက တိုင်းပြည်ကို အပြီးအပိုင် စွန့်ခွာရန် ဆုံးဖြတ်ကြသည်။ ခရိုနီအချို့အပါအဝင် စီးပွားရေးသမားများပင် ၎င်းတို့၏ ငွေကြေး၊ ချမ်းသာကြွယ်ဝမှုများနှင့် မိသားစုများကို အာရှ သို့မဟုတ် အနောက်နိုင်ငံများသို့ ရွှေ့ပြောင်းရန် ကြိုးစားနေသည်။

လွန်ခဲ့သော ၁၀ နှစ်က အဝေးရောက် မြန်မာများသည် မြန်မာတွင် တံခါးတဖြည်းဖြည်း ပွင့်လာသည်ကို မြင်သောကြောင့် နိုင်ငံသို့ ပြန်လာကြသည်။ ထိုသူများမှာ ယခင်စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ခံထားရသူများဖြစ်သည်။ ၎င်းတို့သည် ပြည်ပတွင် အခြေကျပြီး ပုံမှန်အလုပ်နှင့် ဝင်ငွေများ ရှိသော်လည်း ဇာတိမြေသို့ ပြန်လာပြီး ကူညီလိုကြသည်။

ထို့နောက် မကြာမီမှာပင် သမ္မတ ဦးသိန်းစိန် အောက်မှ အရပ်သားတပိုင်း အစိုးရသည် နိုင်ငံတံခါး ပွင့်လာသောကြောင့် အဝေးရောက်မြန်မာများကို တက်တက်ကြွကြွ ပြန်လည်ဆွဲဆောင်ခဲ့ပြီး အများစုကလည်း ဝမ်းပန်းတသာ ကြိုဆိုခဲ့သည်။

အဝေးရောက် မြန်မာအရေအတွက်ကို အတိအကျပြောရန် ခက်ခဲသော်လည်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျတွင် ၂ သိန်းကျော် ရှိမည်ဟု ခန့်မှန်းရပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် အိန္ဒိယတွင် သန်းနှင့်ချီ ရှိနေသည်။

တချိန်က အရှေ့တောင်အာရှတွင် အချမ်းသာဆုံး ဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ကြာသော အထီးကျန်မှုနှင့် စီးပွားရေး တုံ့ဆိုင်းမှုများကို ခံစားခဲ့ရသော်လည်း ၂၀၁၀ ပြည့်နှစ်များတွင် စီးပွားရေးနှင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသောကြောင့် မျှော်လင့်ချက်များ မြင့်မားလာခဲ့သည်။

မည်သို့ဆိုစေကာမူ အစိုးရ၏ နိုင်ငံရေးတံခါးဖွင့်လာခြင်းကို သံသယရှိသောကြောင့် စောင့်ကြည့်ပြီး ခိုင်မာသော အပြောင်းအလဲကို တွေ့ရသည်အထိ ခပ်ခွာခွာနေသူ အများအပြားလည်း ရှိသည်။ သို့သော် ထိုပြုပြင်ပြောင်းလဲရေးများသည် တုံ့ဆိုင်းစေကာမူ အမြစ်တွယ်လာမည်ဟူသော ခံစားမှုကို အများအပြား ခံစားခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး နေပြည်တော်တွင် တပ်ချထားစဉ် / ဧရာဝတီ

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အရပ်သားတပိုင်းအစိုးရ အာဏာရခဲ့သောကြောင့် ဦးနှောက် ယိုစီးမှုမှ ဦးနှောက်စီးဝင်မှုသို့ တစတစပြောင်းလဲလာခြင်း၏ အသီးအပွင့်များကို မြန်မာနိုင်ငံ ခံစားရတော့မည်ဟု အများအပြားက ယူဆခဲ့သည်။

အဝေးရောက်မြန်မာများ ပြန်လာခြင်းသည် အရှိန်အဟုန်ရလာပြီး ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာသောအခါ ပိုမိုကြွယ်ဝချမ်းသာသော အဝေးရောက် မြန်မာများပါ ပါဝင်လာသည်။ ပြည်သူများသည် မြန်မာတွင် အလုပ်လုပ်ရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် ပြန်လာကြသည်။ မြန်မာနိုင်ငံသည် နောက်ပြန်မလှည့်တော့၊ စစ်အာဏာရှင်စနစ်သို့ အပြည့်အဝ ပြန်လည်မရောက်နိုင်တော့ဟု ယူဆသောကြောင့် ပြန်လာကြခြင်းဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ လူရမ်းကားများ အာဏာသိမ်းလိုက်သောအခါ ထိုမျှော်လင့်ချက်များနှင့် မျှော်မှန်းချက်များ ပျောက်ကွယ်သွားသည်။ ပြည်သူအများအပြားသည် နိုင်ငံကို စွန့်ခွာရန် ခက်ခဲလှသော ဆုံးဖြတ်ချက်ကို ချမှတ်ရေး နောက်တကြိမ် ဖိအားပေးခံကြရပြန်သည်။

ယနေ့တွင် ငယ်ရွယ်ပညာတတ်သူ အများအပြား ပါဝင်သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် လူလတ်တန်းစား မိသားစုများသည် ထိုင်း၊ စင်ကာပူနှင့် ဒူဘိုင်းသို့ ထွက်ခွာသွားပြီးဖြစ်သည်၊ သို့မဟုတ် ထွက်ခွာနေသည်။ အချို့သည်လည်း အနောက်နိုင်ငံများသို့ ပြောင်းရွှေ့နေကြသည်။

မြန်မာကျောင်းသားများသည် ဘန်ကောက်၊ ချင်းမိုင်နှင့် ချင်းရိုင်မှ တက္ကသိုလ်များနှင့် နိုင်ငံတကာ ကျောင်းများတွင် ကျောင်းအပ်နှံကြသည်။ အများအပြားသည် မိဘများနှင့်အတူ ထွက်လာခြင်းဖြစ်သည်။

ထိုင်းနှင့် အခြားနေရာများတွင် ရွှေ့ပြောင်းအခြေချသူများသည် လူမှုကွန်ရက် အုပ်စုများဖွဲ့ပြီး နိုင်ငံသစ်တွင် မည်သို့အခြေချမည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ဖလှယ်ကြသည်။

၎င်းတို့၏ သားသမီးများ ပညာဆက်လက် ဆည်းပူးရန် ကျောင်းများတွင် အခြေကျလာသကဲ့သို့ မိဘများကလည်း စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ယခုတကြိမ် နိုင်ငံကို စွန့်ခွာပြီး ထိုင်းနှင့် စင်ကာပူအပါအဝင် အိမ်နီးချင်း နိုင်ငံများတွင် နှစ်ရှည်ဗီဇာ လျှောက်ထားနေသူများတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များသာမက အလယ်အလတ် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်သည်။

ထိုသို့ထွက်ခွာရခြင်းအကြောင်းရင်းမှာ စီးပွားရေးကြောင့်ဖြစ်သလို အချို့မှာ နိုင်ငံရေးကြောင့် ထိုသို့ ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

ဆိုရလျှင် တတ်နိုင်သူများသည် နိုင်ငံမှ ထွက်ခွာသွားကြပြီး ဖြစ်သည်။ စစ်ရာဇဝတ်မှုများဖြင့် စွပ်စွဲခံရသော စစ်အုပ်စုလက်တွင် နိုင်ငံ၏ အနာဂတ်အတွက် မည်သည့် မျှော်လင့်ချက်မျှ မရှိတော့သည်ကို အများက ရှင်းရှင်းလင်းလင်း နားလည်ကြသည်။ ထိုသူများသည် စစ်ကောင်စီနှင့် ရွှေဝါမြေကို ကျောခိုင်းသွားကြပြီ ဖြစ်သည်။

မြန်မာသည် ကျဆုံးနိုင်ငံအဆင့်သို့ ဆက်လက် ကျဆင်းနေပြီး အိမ်နီးချင်းနိုင်ငံများက အံ့သြတုန်လှုပ် နေကြသည်။ သို့သော် ထိုင်း၊ အိန္ဒိယနှင့် အရှေ့တောင်အာရှမှ အိမ်နီးချင်း နိုင်ငံများသည် မြန်မာမိသားစုများ၊ ကျောင်းသားများ၊ စီးပွားရေးသမားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ပေါင်းစည်းရန်နှင့် ၎င်းတို့၏ အနာဂတ် စီးပွားရေး၊ အသက်မွေးဝမ်းကြောင်းနှင့် ပညာရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရန် စီးဝင်လာခြင်းကို ကြိုဆိုရန် ပြင်ဆင်သင့်သည်။

သူတို့အတွက် လိုအပ်နေချိန်တွင် သူတို့ကို မည်သို့ ကြိုဆို ထိတွေ့ဆက်ဆံသည်အား အမြဲတမ်း သတိရနေကြမည်ဖြစ်ပြီး သူတို့သည် အိမ်နီးချင်းနိုင်ငံများသို့ အကျိုးဆောင်မှုများလည်း ပြုလုပ်မည်မှာ သေချာသည်။ သူတို့၏ အလားအလာများ အကောင်အထည် ပေါ်ရေး ကူညီရန် ပြင်ဆင်သင့်ပေကြောင်း ဧရာဝတီက နှိုးဆော်အပ်ပေသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Once Again, Military Rule Sparks a Brain Drain in Myanmar ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

You may also like these stories:

မြန်မာနိုင်ငံတွင် စစ်တပ် လိုသည်၊ သို့သော် လက်ရှိစစ်တပ် မဟုတ်

မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ

ကိုဗစ်ကာကွယ်ရေးထက် အာဏာတည်မြဲရေးကိုသာ စစ်ကောင်စီ အာရုံစိုက်နေ

Loading