ရန်ကုန်တိုင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲမင်းဦးအား အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၁၅ နှစ် ကျခံရန် ယနေ့ နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူး တရားရုံးက အမိန့်ချလိုက်သည်။
ဦးရဲမင်းဦးအနေဖြင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် လုပ်ငန်းရှင်အချို့ထံ ချေးငွေ ထုတ်ချေးခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး အဂတိမှု တမှုလျှင် ထောင် ၃ နှစ်နှုန်းဖြင့် စုစုပေါင်း ၁၅ နှစ် ချမှတ် လိုက်ခြင်း ဖြစ်သည်။
ထောင်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်ပြီး “ဦးရဲမင်းဦးဘက်ကတော့ အယူခံဆက်ပြီး တက်ဖို့ လုပ်မယ်လို့ သိရတယ်၊ သူ့ အနေနဲ့ ဥပဒေနဲ့အညီ လုပ်လို့ရနိုင်သမျှ အပြီးအဆုံးထိ လုပ်သွားမယ်လို့ သိရပါတယ်” ဟု နီးစပ်သူတဦးက ပြော သည်။
ဦးရဲမင်းဦး အနေဖြင့် ယခု ထောင်ဒဏ်ချမှတ်လိုက်သည့် အမှုများအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲကာ စွပ်စွဲ တရားစွဲဆိုခံထားရသည့် အဂတိမှုများလည်း ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပြီး ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ ဖြင့်လည်း တရားစွဲဆိုခံထား ရသေးသည်။
ဦးရဲမင်းဦးအနေဖြင့် စစ်တပ်က အာဏာသိမ်းပြီး နောက်တရက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် နံရိုး ကျိုးသည်အထိ ရိုက်နှက် နှိပ်စက်မှုများ ခံခဲ့ရသည့်အတွက် ဆေးဝါးကုသမှု ခံယူခဲ့ရပြီး လက်ရှိ ကျန်းမာရေး ကောင်း မွန်သည့် အခြေအနေရှိကြောင်းလည်း နီးစပ်သူတဦးက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အစိုးရလက်ထက်တွင် ဦးရဲမင်းဦး အနေဖြင့် နေပြည်တော် ဒုတိယ မြို့ တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည့်အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ပြီး၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ကာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဖြစ်လာရန် ရေပန်းစားခဲ့သူ လည်း ဖြစ်သည်။
You may also like these stories:
စစ်ကြောရေးတွင် နံရိုးကျိုးခဲ့သည့် ဦးရဲမင်းဦး အင်းစိန်ထောင်တွင် ကျန်းမာရေး ကောင်းမွန်ဟု ဆို
နေပြည်တော် ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး အဂတိမှုဖြင့် ထပ်မံအမှုဖွင့်ခံရ
စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ