ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ ကော့စ်ဘဇားတွင် သုံးရက်ကြာ နိုင်ငံတကာ ညီလာခံတရပ်ကို လက်ခံကျင်းပမည်ဖြစ်ပြီး နိုင်ငံမဲ့ ရိုဟင်ဂျာဒုက္ခသည်များအပေါ် သက်ရောက်နေသည့် အကျပ်အတည်းကို ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ သက်ဆိုင်သူများ စုစည်းကာ ကျင်းပမည်ဖြစ်သည်။
သမိုင်းတွင် အကြီးမားဆုံး အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်မှုများထဲမှ ရိုဟင်ဂျာ ၇ သိန်းခွဲခန့်ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးစေခဲ့သည့် ၂၀၁၇ ခုနှစ် စစ်တပ်၏ နှိမ်နင်းမှု ရှစ်နှစ်ပြည့်နှင့် တိုက်ဆိုင်နေသည်။ လွန်ခဲ့သည့် ၁၈ လအတွင်း ရိုဟင်ဂျာ တသိန်းခွဲ ထပ်ဝင်လာရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ကော့စ်ဘဇားတွင် ရိုဟင်ဂျာ ၁ သန်းနီးပါး ရှိပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီမှ အချက်အလက်များအရ သိရသည်။
အဆိုပါ ညီလာခံသည် စက်တင်ဘာ ၃၀ ရက် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တွဲဘက်ဆွေးနွေးကြမည့် အစီအစဉ်၏ ရှေ့ပြေးဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်စ် ဧည့်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်သည်။ နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်မည်ဖြစ်သည်။
အဆိုပါ ညီလာခံသည် ရိုဟင်ဂျာများ နေရပ်ပြန်ရေး အတွက် နိုင်ငံတကာ ပံ့ပိုးကူညီမှုများ နှင့် အိုးအိမ်မဲ့ ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို စုစည်းရန် ရည်ရွယ်သည်။
ဩဂုတ်လ ၂၄ ရက်မှ ၂၅ ရက်အထိ လုပ်ငန်းခွင်ငါးခုတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် နေရပ်ပြန်ပို့ရေးဆိုင်ရာ ဗျူဟာများ ဆွေးနွေးမှုနှင့်အတူ ယဉ်ကျေးမှုအစီအစဉ်နှင့် ဒုက္ခသည်စခန်းအခြေအနေဆိုင်ရာ ပြပွဲတခုတို့ကို အဓိကထား ဆောင်ရွက်မည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေးနှင့် ရိုဟင်ဂျာရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ခါလီလာရာမန်က ကော့စ်ဘဇား အခမ်းအနားသည် အဖွဲ့ဝင် ၁၀၆ နိုင်ငံမှ ကျောထောက်နောက်ခံပြုထားသည့် လာမည့် ကုလသမဂ္ဂညီလာခံအတွက် ပြင်ဆင်မှု တစိတ်တပိုင်းဖြစ်ကြောင်း သောကြာနေ့တွင် အတည်ပြုသည်။
ရိုဟင်ဂျာပြဿနာဆိုင်ရာ နိုင်ငံတကာညီလာခံ နောက်တခုကို ကာတာနိုင်ငံ ဒိုဟာတွင် ဒီဇင်ဘာ ၆ ရက်၌ ပြုလုပ်ရန်လည်း စီစဉ်ထားပြီး အကျပ်အတည်းအတွက် ရေရှည်တည်တံ့သော အဖြေရှာရေး ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲကို ပိုမိုချဲ့ထွင်ရန် စီစဉ်ထားသည်။
“ဒီကွန်ဖရင့်ဟာ အရေးတကြီးနဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်အတွက် လမ်းပြမြေပုံကို တင်ပြဖို့ အခွင့်အရေးပါပဲ” ဟု Khalilur က ဒါကာရှိ သတင်းမီဒီယာများကို ပြောသည်။
“အရေးကြီးဆုံးက နိုင်ငံတကာအကူအညီနဲ့ သူတို့ကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မလဲ။ သူတို့ အိမ်တော့ ပြန်ရမယ်။ အဲဒါက တကယ့်ပြဿနာပဲ။”
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ၂၀၂၃ ခုနှစ်တိုက်ပွဲများမှ စတင်ကာ ရိုဟင်ဂျာ ၂၀၀,၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ပြီး မကြာသေးမီနှစ်များအတွင်း အကျပ်အတည်း ပိုမိုဆိုးရွားလာခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ တချိန်တည်းတွင် လိုအပ်သော ဒေါ်လာ ၉၃၄ သန်းတွင် ကတိပြုထားသည့် ဒေါ်လာ သန်း ၄၀၀ သာရှိသဖြင့် နိုင်ငံတကာ ရန်ပုံငွေ ကျဆင်းသွားသည်။
မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးသည် ရေရှည်တည်တံ့သော တခုတည်းသော ဖြေရှင်းချက်အဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်က အခိုင်အမာ ပြောကြားခဲ့သည်။
သို့သော်လည်း ပညာရှင်များက ညီလာခံအတွက် နိုင်ငံတကာကတိကဝတ်အဆင့်ကို မေးခွန်းထုတ်ခဲ့ကြသည်။
“သံရုံးတွေ ဒါမှမဟုတ် အစိုးရတွေက အဆင့်မြင့် သံတမန်တွေကို စေလွှတ်တာ မရှိဘူး၊ အငယ်တန်း ဝန်ထမ်းတွေပဲ တက်ရောက်ပါတယ်။ ဒါဟာ နိုင်ငံတကာရဲ့ ဝိတ် ဒါမှမဟုတ် ယုံကြည်စိတ်ချမှု မရှိတာကို ပြပါတယ်” ဟု ယူကေအခြေစိုက် ဒေသတွင်း ပဋိပက္ခ လေ့လာသုံးသပ်သူ အက်ရှ်ဖဂ် ရွန်နီက ပြောကြားခဲ့သည်။
ဒီညီလာခံကျင်းပရေး သုံးစွဲသော ငွေကြေးနှင့် စွမ်းအားများက အလားအလာရှိ ရလဒ်များနှင့် အချိုးမညီဘဲ လက်တွေ့ကျသော ဖြေရှင်းနည်းများဆီ ပိုမိုကောင်းမွန်စွာ ဦးတည်နိုင်ကြောင်း သူက ထပ်လောင်း ပြောကြားသည်။
“ညီလာခံက နေရပ်ပြန်ပို့ရေး ဒါမှမဟုတ် အဓိပ္ပာယ်ပြည့်ဝတဲ့ ဖြေရှင်းချက်တွေအတွက် ရှေ့တိုးလုပ်ဆောင်ဖို့ မဟုတ်ပါဘူး။ အဲဒီအစား ဘင်္ဂလားဒေ့ရှ်က တိုင်ပင်ဆွေးနွေးပြီး စက်တင်ဘာလ ကုလသမဂ္ဂအဆင့်မြင့်ညီလာခံအတွက် ပြင်ဆင်နေတယ်ဆိုတဲ့ PR ပြပွဲတခုအနေနဲ့ ဒီဇိုင်းလုပ်ထားတာပါ။”
“ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီလိုညီလာခံတွေ ကျင်းပနိုင်ပေမယ့် ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးနဲ့ မနီးကပ်လာစေပါဘူး။ စစ်မှန်တဲ့ ထိတွေ့ဆက်ဆံမှုဟာ မြန်မာနိုင်ငံက အဖြစ်မှန်တွေကို ရင်ဆိုင်ပြီး စစ်မှန်တဲ့ ပေါ်လစီချမှတ်နိုင်သူတွေနဲ့ လက်တွဲလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။”
သူက ဒိုဟာညီလာခံအပေါ်လည်း အလားတူ သံသယတွေရှိကြောင်း ထုတ်ပြောသည်။
ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာကိုယ်စားလှယ် မပါ
ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂ သို့မဟုတ် ဒိုဟာ ညီလာခံများသို့ တက်ရောက်မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အကြီးတန်း သံတမန်တဦးက ပြောသည်။
စခန်းအခြေစိုက် လူငယ်ခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် သတင်းထောက်များ မပါဝင်ပါက ညီလာခံတွင် အရေးကြီးသော ကျွမ်းကျင်မှုနှင့် ခေါင်းဆောင်မှုတို့ကို ဆုံးရှုံးလိမ့်မည်ဟု ဒုက္ခသည်စခန်းအခြေစိုက် ရိုဟင်ဂျာ လူ့အခွင့်အရေး လှုပ်ရှားသူနှင့် သတင်းထောက် ရိုအောင်မျိုးက ပြောသည်။
AA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ကိုလည်း ဖိတ်ကြားထားခြင်း မရှိကြောင်း သိရသည်။ AA သည် ယခုအခါ မြို့နယ် ၃ ခုမှ လွဲ၍ ရခိုင်ပြည်နယ် အားလုံး ကို ထိန်းချုပ်ထားသော်လည်း ရိုဟင်ဂျာများကို အတင်းအကျပ် ရွှေ့ပြောင်းနေသည်ဆိုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။
အာဏာသိမ်းစစ်ကော်မရှင်ဘက်မှ ဒါကာသံရုံးကို ကိုယ်စားပြုတက်မည်ဖြစ်သည်။
(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ Bangladesh Gears Up for Key Rohingya Talks Ahead of UN Conference သတင်းပေးပို့ချက်ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်တွေမှာ ငတ်မွတ်မှုကြောင့် မိသားစုလိုက် သတ်သေမှုများ ရှိလာ
ကလေးတွေပညာရေးက WFP ရဲ့ ရိက္ခာနဲ့ ဆက်စပ်နေတယ်
ရိုဟင်ဂျာများကို ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်ကြောင်း AA စွပ်စွဲခံရ
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ
AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ
ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ)














