စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမည့် နယ်မြေစာရင်းများထုတ်ပြန်ရာ မန္တလေးတိုင်းမှ ၈ မြို့နယ်အနက် မန္တလေးမြို့ဧရိယာအတွင်းရှိ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့သာ ပါဝင်ခဲ့ကာ ကျန်မြို့နယ်များအား ချန်လှပ်ထားသည်ကို တွေ့ရသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၁ ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များအတွင်း စတင် ကျင်းပသွားမည်ဟု ဩဂုတ် ၁၉ ရက်က ချောက်မြို့၊ ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖတို့နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်ပြောကြားခဲ့ပြီးနောက် မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပမည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ်များမှာ ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ချမ်းအေးသာစံ၊ အောင်မြေသာ စံမြို့နယ်တို့ ဖြစ်ပြီး ပျော်ဘွယ်နှင့် ချမ်းအေးသာစံမြို့နယ်များအပ ကျန်မြို့နယ်များသည် ခရိုင်ရုံးစိုက်ရာ မြို့နယ်များ ဖြစ် သည်။
မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ တာဝန်ရှိသူတဦးက “UEC ထုတ်ပြန်တဲ့အတိုင်း ကျနော်တို့က လိုက်ပြီး လုပ်ဆောင်ရမှာပေါ့။ မန္တလေးမြို့က ကျန်တာတွေလည်း နောက်အပိုင်းတွေမှာ ပါလာမှာပါ၊ အဓိက တော့ နယ်မြေအခြေအနေ အေးချမ်းနေတယ်ဆိုပေမယ့် လုံခြုံရေးကိစ္စတွေကြောင့်လို့ အကြမ်းဖျင်း ပြောလို့ရတာပေါ့” ဟု ပြောသည်။
ချမ်းအေးသာစံမြို့နယ်သည် မန္တလေးမြို့ဧရိယာအတွင်းရှိပြီး ရပ်ကွက်ကြီး၂၀ ၊ လူဦးရေ ၁၅၀၄၅၃ ဦး နေထိုင်ကာ အောင်မြေသာစံမြို့နယ်မှာ ရပ်ကွက်ကြီး ၁၉ ခု၊ လူဦးရေ ၁၉၁၁၇၂ ဦးရှိကြောင်း သိရသည်။
မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “အခုထုတ်ပြန်တဲ့ မြို့နယ်တွေထဲမှာ ကျနော်တို့ မန္တလေးမြို့ပေါ်က ၂ မြို့ နယ်ပဲ ပါတာကတော့ တမင်ချန်ထားခဲ့တာမျိုးပဲမြင်တယ်။ ဒီမိုကရေစီအနှစ်သာရနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့က တော်တော်လေးကို ခဲယဉ်းပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် စစ်ကော်မရှင်ကောက်ယူခဲ့သော သန်းခေါင်စာရင်းများအရ မဲပေးနိုင်သည့် အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၁၇၀၃၆၉ ဦး၊ ညောင်ဦးမြို့နယ်တွင် ၁၈၃၉၃၇ ဦး၊ ပြင်ဦး လွင်မြို့နယ်တွင် ၁၅၉၁၈၉ ဦး၊ မိတ္ထီလာမြို့နယ်တွင် ၂၅၁၃၉၆ ဦး၊ ပျော်ဘွယ်မြို့နယ်တွင် ၂၁၈၆၀၁ ဦး၊ ရမည်းသင်း မြို့နယ် တွင် ၅၄၆၇၆ ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် ၁၁၃၃၆၇ ဦး၊ အောင်မြေသာစံမြို့နယ်တွင် ၁၃၁၆၅၆ ဦးတို့ ရှိကြောင်း သိရ သည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို စက်တင်ဘာ ၈ ရက်တွင် စတင် တင်သွင်းနိုင်ပြီဟု ထုတ်ပြန်ထားသလို အပိုင်းလိုက် ထပ်မံ ကျင်းပမည့် ရွေးကောက်ပွဲ ရက်ကိုလည်း ကြေညာပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို အနိုင်ရသူ အကုန်ယူစနစ် FPTP ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System) တို့ဖြင့် လုပ်ဆောင်မည်ဟု ဆိုထားသည်။
ယခုအခါ စစ်ကော်မရှင်သည် နိုင်ငံရေး၊ စီးပွားရေးအပြင် ဘက်ပေါင်းစုံမှပိတ်ဆို့မှုများ ပြုလုပ်ခံထားရသည့်အပြင် အာဆီယံ သဘောတူညီချက်များကိုလည်း ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရချိန် ရွေးကောက် ပွဲအား နိုင်ငံရေးထွက်ပေါက်တခုအနေဖြင့် အသုံးချလာခြင်းဟု စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက “အကြမ်းဖက်စစ်တပ်ဆိုတော့ ဖြစ်ချင်တာတခုကို အမိန့်အာဏာနဲ့ သေနတ် ထောက်ပြီး လုပ်တဲ့အကျင့်ရှိတာဆိုတော့ သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာလည်း အဲဒီလိုတွေ လုပ်လာနိုင်တယ်၊ ပြီးတော့ သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကိုလည်း နိုင်ငံတကာက သိနေပြီ။ အဲဒါကြောင့် သူက Internal Legitimacy မရရအောင် ရွေးကောက်ပွဲ ထွက်ပေါက်လုပ်ပြီးမှ External Legitimacy ရအောင် ဇွတ်အတင်းလုပ်နေတာမျိုးပဲ” ဟု ပြောသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော နယ်မြေများကို ချန်လှပ်ကာ ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။
စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးဝင်းဆွေက “ရွေးကောက်ပွဲ အောင်မြင်နိုင်သလားဆို အဓိကတော့ ဖြစ်အောင် လုပ်ရင်တော့ ဖြစ်တာပေါ့၊ ဒါပေမယ့် Free and Fair Election ဖြစ်သလား၊ နောက် ဘယ်နှစ်ရာခိုင်နှုန်း ပြည်သူက မဲလာ ပေးနိုင်မလဲ၊ လက်ရှိ ကျနော်တို့နိုင်ငံမှာက တော်လှန်ရေးအားကောင်းနေတဲ့ တိုင်းနဲ့ပြည်နယ်တွေ၊ တော်လှန်ရေး အားမကောင်းသော်ငြားလည်း သဘာဝဘေးတွေ ကြုံတွေ့နေရတဲ့နေရာတွေ အများကြီးရှိတယ်၊ ဒီလိုအခင်းအကျင်းမှာ ရွေးကောက်ပွဲတခု ဖြစ်မြောက်ဖို့ဆိုတာ လူထုဆန္ဒအမှန်ကို ကိုယ်စားပြုနိုင်တဲ့ အခင်းအကျင်းမျိုးက ဘယ်လိုမှ မဖြစ်နိုင် ပါဘူး” ဟု ပြောသည်။
မန္တလေးတိုင်းအတွင်းရှိ၂၈ မြို့နယ်ကို ယခင်က ခရိုင် ၇ ခုဖြင့် ဖွဲ့စည်းခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးခရိုင်ကို ဖျက်သိမ်းခဲ့သည်။
ထိုသို့ မန္တလေးမြို့ဧရိယာအဖြစ် သတ်မှတ်ထားသည့် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီးမြို့နယ်များကို ခရိုင် ၃ ခု အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သလို တိုးချဲ့ဖွဲ့စည်းခဲ့သော ခရိုင်များ လည်းရှိသောကြောင့် လက်ရှိတွင် ၁၁ ခရိုင်ထိ ရှိသည်။
စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူတဦးက “၁၀၂ မြို့နယ်လုံးမှာ လက်ရှိ နိုင်ငံရေးပါတီတွေ ပါမလား မပါဘူးလားဆိုတာ ကတော့ စောင့်ကြည့်ရမယ့် အခြေအနေပေါ့၊ လက်ရှိမှာတော့ ရွေးကောက်ပွဲကို ပြည်သူအများစုကတော့ စိတ်ဝင်စားမှု မရှိဘူး၊ အဲဒါ အေးချမ်းနေသေးတဲ့ နယ်မြေက ပြည်သူတွေနော်၊ မအေးချမ်းတဲ့ နယ်မြေဆိုရင်တော့ ပိုဆိုးတာပေါ့။ လုံခြုံမှု မရှိရင်တော့ မဲပေးတဲ့သူ နည်းမှာပဲ၊ အခု ရွေးကောက်ပွဲက လက်တွေ့ကျတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည် ဖို့ထက် လက်ရှိ ပဋိပက္ခတွေကို ပိုပြီး ရှုပ်ထွေးစေမယ့် လက္ခဏာတွေ အခုကတည်းက မြင်နေရတယ်” ဟု ပြောသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ်ပေါင်း ၃၂၅ မြို့ နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်တို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲပြုလုပ်စဉ်ကလည်း မဲဆန္ဒနယ်တခုလုံး မကျင်းပနိုင်သည့် မြို့နယ် ၁၅ ခု (ရခိုင် ၉ /ရှမ်း ၆ ပါ)နှင့် နေရာတချို့ မကျင်းပနိုင်သော မြို့နယ် ၄၂ ခု တို့ ရှိခဲ့ကြောင်း ရွေးကောက်ပွဲမှတ်တမ်းများအရ သိရသည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ အမျိုးသားလွှတ်တော် ၂၂၄ နေရာတွင် ၁၆၈ နေရာ၊ ပြည်သူ့လွှတ်တော် နေရာ ၄၄၀ တွင်လည်း ၃၃၀ အတွက်သာ ယှဉ်ပြိုင်ကြရပြီး အမျိုးသားလွှတ်တော်မှ ၅၈ နေရာ၊ ပြည်သူ့ လွှတ်တော်မှ နေရာ ၁၁၀ သည် ၂၅ ရာခိုင်နှုန်း ရယူထားသည့် တပ်မတော်ကိုယ်စားလှယ်များအတွက် ဖြစ်သည်။
You may also like these stories:
လုံခြုံရေးစိန်ခေါ်ချက်ကြောင့် ရန်ကုန်မှာ ရွေးကောက်ပွဲ တပြိုင်နက်မလုပ်နိုင်
မြန်မာရွေးကောက်ပွဲကို တရုတ်ထောက်ခံမှု၏ နောက်ကွယ်
စစ်အုပ်စု ရွေးကောက်ပွဲကို ချေမှုန်းနိုင်မည့် တော်လှန်သော သေနင်္ဂဗျူဟာ













