မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် သပိတ်ကျင်းမြို့၏ အဓိကနေရာတချို့ကို စစ်ကောင်စီက က ပြန်ထိန်းချုပ်ပြီးနောက် မြို့စောင့်အဖြစ် အင်အားအနည်းငယ်ချန်ကာ လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ၄ မိုင်၊ ၇ မိုင်၊ ကျောက်ကြီးစစ်မျက်နှာများသို့ အင်အားစုရန် ပြန်လည်ဆုတ်ခွာသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
သပိတ်ကျင်းသည် မန္တလေးတိုင်း၏ မြောက်ဘက်အစွန်ဆုံး ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့တမြို့ဖြစ်ပြီး မန္တလေး- တကောင်း- ထီးချိုင့်- ကသာလမ်းမကြီးသည် မြို့နှင့် ၇မိုင် အကွာမှ နေ၍ ဖြတ်သန်းသွားသဖြင့် အဆိုပါ ၇မိုင်ရွာလမ်းခွဲသည် စစ်ကောင်စီအတွက် စစ်ရေး၊ စီးပွားရေးအရ ပိုအချက်အချာကျကြောင်း သိရသည်။
စစ်ကောင်စီကမူ သပိတ်ကျင်းမြို့ပေါ်မှ မြို့ဦးတောင်ပေါ် ဘုရားကုန်း၊ ပြည်သူ့ဆေးရုံ၊ မီးသတ်ရုံး၊ မြို့တော်ခန်းမ အပါအဝင် နေရာအများစုကို ဇူလိုင် ၂၃ ရက်၌ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက “သပိတ်ကျင်းမြို့ထဲ စစ်ကောင်စီ စစ်ကြောင်းဝင်လာပြီး တပ်ဖြန့်တာတွေ လုပ်တာ မှန်တယ်။ တမြို့နယ်လုံး ထိန်းချုပ်နိုင်တာမျိုးတော့ မဟုတ်သေးဘူး။ မြို့ပေါ်ကွက်ကွက်လေးကိုပဲ ထိန်းနိုင်တာမျိုး။ အဲဒီလို ထိန်းနိုင်တာကြောင့် တွင်းငယ် ၇ မိုင်၊ တတက ၁၃ နဲ့ ဝင်လမ်းထွက်လမ်း ရသွားတာတော့အမှန်ပဲ။ ဒါပေမယ့် အဓိက ဝင်ငွေရပေါက်ရလမ်းဖြစ်တဲ့ ရွှေတောဒေသကိုတော့ ကာကွယ်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမျိုးမှာ ပဲ ရှိနေသေးတယ်” ဟု ပြောသည်။
သပိတ်ကျင်းမြို့ပေါ်တွင် NUG ၏ အမှတ် (၁၂၂၂) တပ်ရင်း၊ မိုးကုတ်ဗျူဟာနှင့် သပိတ်ကျင်း ပကဖ စသည့် ပူးပေါင်းတပ် များနေရာယူထားသော်လည်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးလာသဖြင့် အမှတ် ၁၊ ၂ စစ်ဒေသတပ်ရင်းများ၊ မိုးကုတ်ဗျူဟာ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြင်ဦးလွင် ခရိုင်တပ်ရင်း များဖြစ်သော အမှတ် (၅၀၉)၊ (၅၁၀) ၊ (၅၁၂) တပ်ရင်းများက ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်း ဆုတ်ခွာ ပေးခဲ့ရသည်။
“သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်တွေ ကြည်း၊ ရေ၊ လေ သာလွန်အင်အားတွေနဲ့ တိုက်ခဲ့တာဟာ ဓာတ်ပုံဝင်ရိုက်ဖို့ လောက်မဟုတ်ဘူး။ ဧရာဝတီမြစ်ကြောင်းက ဆန်တက်လာတဲ့ ရေယာဉ်အုပ်စုတွေ သပိတ်ကျင်းကိုကပ်ပြီး ၇ မိုင်လမ်းခွဲ တပ်ဌာနချုပ်ကို လက်နက်ခဲယမ်း၊ ရိက္ခာ ဖြည့်ပေးနိုင်ဖို့ လမ်းကြောင်းရှင်းတဲ့သဘောပဲ။ ၂၂ ရက်နေ့က ဆန်တက်လာတဲ့ စစ်သင်္ဘောတွေက သပိတ်ကျင်း ပန်းပင်ဆိပ်ကိုကပ်ပြီး စစ်လက်နက်ပစ္စည်းတွေနဲ့အတူ ဘိလပ်မြေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေကအစ ချထားခဲ့ကြတာကို တွေ့ရတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
သပိတ်ကျင်းမြို့အား စစ်ကောင်စီက ထိန်းချုပ်နိုင်ခဲ့သော်လည်း ၇ မိုင်နှင့် တွင်းငယ်ကျေးရွာများဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့် ကျောက်ကြီးစခန်းတို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ထုတ်ပြန်ထားသည်။

နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတဦးက “အဓိကစစ်တပ်စခန်းက ၇ မိုင်မှာရှိတာ။ တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ် ၁၃၊ ဗိုလ်မှူးချုပ်အဆင့် ဦးစီးတဲ့ကျောင်း။ အဲဒီစခန်းကျသွားရင် သပိတ်ကျင်းက ဘာမှအဓိပ္ပာယ်မရှိတော့ဘူး။ ခု သပိတ်ကျင်းမြို့ပေါ်ကနေ မြို့စောင့်လောက်ပဲချန်ပြီး ပြန်ဆုတ်တယ်ဆိုတာ အဲဒီသင်တန်းကျောင်းကို မတိုက်နိုင်အောင် ဆုတ်ပေးတာမျိုးပေါ့။ ၇ မိုင်၊ အဲဒီ တကက ၁၃ စစ်စခန်းကြီက အဓိက။ သပိတ်ကျင်းက ဒီလောက်အရေးမကြီးပါဘူး၊ မြို့သိမ်းဖို့ထက် ရေကြောင်းကနေ သင်္ဘောတွေလာတဲ့အခါမှာ ထောက်ပို့ပစ္စည်း ယူနိုင်ဖို့အတွက်ပဲလို့မြင်တယ်” ဟု ပြောသည်။
သပိတ်ကျင်းမြို့သည် ပတ္တမြားမြေ မိုးကုတ်မြို့နှင့် မိုင် ၆ဝ ခန့်သာ ကွာဝေးသလို ယင်းမှတဆင့် မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနား စသည့် ကချင်ပြည်နယ်ဘက်သို့လည်းကောင်း၊ ကျောက်မဲ၊ သီပေါ စသည့် ရှမ်းပြည်နယ် (မြောက် ပိုင်း)သို့ လည်းကောင်း ဆက်သွယ်သွားလာနိုင်သည့် အချက်အချာမြို့ဖြစ်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက သပိတ်ကျင်းမြို့နှင့် ခလရ ၁၄၈ တပ်ရင်း အပါအဝင် မြို့နယ်တွင်း ရွှေလုပ်ကွက်များ ဖြစ်သည့် ကွင်းသုံးဆယ်၊ လက်ပံပြန့်၊ ဖိုကုန်း၊ ဝက်သေ၊ ဖက်ရှည်၊ ကျောက်ဖြူ၊ လိပ်ကျ၊ ဇရပ်ကွင်း၊ ကွင်း (၅၀၀) တပ်စခန်းများကို ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF၊ မိုးကုတ်ဗျူဟာ၊ ပကဖများ၊ ဒေသတွင်း PDF အဖွဲ့များက ၂၀၂၄ ဩဂုတ်လက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
သို့သော် ၇ မိုင်၊ တွင်းငယ်ကျေးရွာများဘက်ရှိ အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၂)၊ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက ၁၃)၊ သတ္တုဗေဒဆိုင်ရာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး တိုးတက်ရေးတပ် (သနသ ၁) တို့ ကျန်ရှိနေခဲ့၏။
“သပိတ်ကျင်းဒေသကို ၁၁ လကြာ သိမ်းပိုက်ထားချိန်က လက်ကျန်စစ်စခန်းတွေကိုမရှင်းဘဲ အေးအေးလူလူနေခဲ့ကြ တယ်။ အထက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ရွှေတွင်းလုပ်ကွက်တွေကိုပဲ အဓိကစီးပွားရှာခဲ့ကြတယ်။ ဒါကို NUG က သိလျက်နဲ့ မမြင်ချင်ယောင်ဆောင်ခဲ့တာလားမသိဘူး။ နောက်တခု ရွှေလုပ်ကွက်တွေနဲ့ အခွန်အခတွေကို ဝေစုခွဲပေးရမှာစိုး လို့လားမသိဘူး၊ ဒေသတွင်းအခြားအဖွဲ့တွေလည်း မပူးပေါင်းဘဲ သီးခြားရပ်တည်တယ်။ လက်ကျန် စခန်းတွေ ဝိုင်းတိုက်ဖို့ စစ်ကူလာမယ်ဆိုတာတောင် အဝင်မခံခဲ့ကြဘူး။ နောက်ဆုံးရလဒ်က စီးပွားရေးလောဘကြောင့် သပိတ်ကျင်း ကျဆုံးစေခဲ့ တာလို့ပဲမြင်တယ်” ဟု မြေပြင်စစ်ရေးအခြေအနေများ သိရှိနေသူတဦးက ပြောသည်။

အဆိုပါကျန်နေသည့် တပ်များတွင် မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းတိုက်ပွဲများအတွင်း ထွက်ပြေးလာသူ အများစုအပြင် လေကြောင်းနှင့် အင်အားဖြည့်တင်းသူများဖြင့်ပါ ပြန်လည်စုဖွဲ့၍ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစတင်ကာ လေကြောင်း အားကိုးဖြင့် ဖောက် ထွက်၍ ထိုးစစ်ဆင်လာခြင်းမျိုးဟု သိရသည်။
ယခုအခါ သပိတ်ကျင်းခံစစ်သည် အကန့်အသတ်ဖြင့်သာ ရှိနေသေးပြီး စစ်ကောင်စီ၏ ထိုးစစ်များ ရွှေတောဒေသသို့ ဦးတည်လာပါက ထိတွေ့တိုက်ပွဲများ ပိုပြင်းထန်လာနိုင်ခြေရှိကြောင်း၊ လက်ရှိ စစ်ကောင်စီ၏ စစ်ရေးရည်မှန်းချက်သည် မိုးကုတ်မြို့သို့ ပိုဦးတည်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများနှင့် စစ်တပ် CDM အသိုင်းအဝိုင်းက ဆိုသည်။
CDM ဗိုလ်ကြီးဇင်ယော်က “လက်ရှိ အနေအထားအရ စစ်ကောင်စီရဲ့ တိုက်စစ်မြားဦးဟာ ပတ္တမြားမြေကိုလား၊ ရွှေကြော တလျောကိုလားဆိုတာ မှန်းဆလို့မရနိုင်သေးဘူး။ လက်ရှိ သပိတ်ကျင်းနားမှာပဲ တိုက်ပွဲတွ ရှိနေတာမို့ မှန်းဆရခက် နေသေးတယ်။ ကျနော်တို့အမြင်ကတော့ မိုးကုတ်ဘက်ကို ဦးတည်ဖို့ ပိုများနိုင်ပါတယ်။ မိုးကုတ်-သပိတ်ကျင်းလမ်းကြော ကို ဖြတ် တောက်နိုင်လိုက်မယ်ဆိုရင် ရွှေတောကို ထုထည်နဲ့ ခံစစ်ဆင်မယ့်အင်အားတွေဟာ ပတ္တမြားမြေကို အထောက် အကူ မရှိစေ မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာအနီးတဝိုက် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီကလည်း လေကြောင်း ပစ်ကူများအပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ကျေးရွာများကိုပါ ဗုံးကြဲတိုက်ခိုက်နေရာ ကျေးရွာ ၁၂ ရွာခန့်ထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် သပိတ်ကျင်းနှင့် တကောင်းမြို့နှစ်မြို့၊ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၂၂ စု၊ ကျေးရွာပေါင်း ၇၀ ရှိပြီး မြောက်ဘက်၌ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် စစ်တန်းကျေးရွာ၊ အရှေ့ဘက်၌ မိုးကုတ်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မဘိမ်း၊ မိုးမိတ်မြို့နယ်၊ တောင်ဘက်၌ စဉ့်ကူးမြို့နယ်၊ အနောက်ဘက်၌ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ကျေးရွာ၊ ခင်ဦးမြို့နယ် သီဟတောကျေးရွာတို့နှင့် နယ်နိမိတ်ထိစပ်နေသည်။
This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.
You may also like these stories:
ဗန်းမော်ကို စစ်တပ်က လေကြောင်းမှ ပိုမိုတိုက်ခိုက်လာ
မိုးဗြဲ-နောင်ချိုကို စစ်ကောင်စီ ပြန်သိမ်းနိုင်တာ ဘာကြောင့်လဲ
နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ
လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်











