ထိုင်းယာယီဝန်ကြီးချုပ် ဖုမ်ထမ်၏ လွှတ်တော်ကို ဖျက်သိမ်းရန် ကြိုးပမ်းမှုအား ဘုရင့်အတိုင်ပင်ခံကောင်စီက ပိတ်ဆို့လိုက်ပြီးနောက် ယာယီညွန့်ပေါင်းအစိုးရကို ဦးဆောင်နေသည့် ဖွေ့ထိုင်းပါတီကို အတိုက်အခံအဖြစ် ထားခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု ကတိပြုသည့် အခြားပါတီခေါင်းဆောင်တဦးကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်အတွင်း အင်အားအကြီးဆုံး ပြည်သူ့ပါတီမှ မနက်ဖြန် သောကြာနေ့တွင် တရားဝင် မဲပေး ရွေးကောက်တင်မြှောက်ရန် စီစဉ်ထားသည်။
၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၉ အရ ဝန်ကြီးချုပ်သစ်ကို သောကြာနေ့တွင် ပြည်သူ့လွှတ်တော်တွင် ခေါ်ယူကျင်းပမည်ဖြစ်သည်။ ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌ ဝမ်မိုဟာမက် နိုးမာသာ က ဗုဒ္ဓဟူးနေ့ ညနှောင်းပိုင်းမှာ အတည်ပြုခဲ့သည်။ လွှတ်တော်ကို ဖျက်သိမ်းရန် ဖွေ့ထိုင်းပါတီအစိုးရ၏ နောက်ဆုံးမိနစ် ကြိုးပမ်းမှု မအောင်မြင်သည့် ဆုံးဖြတ်ချက်ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အကြီးမားဆုံး အတိုက်အခံပါတီက နိုင်ငံကို ဦးဆောင်ရန် ပြိုင်ဘက်ဝန်ကြီးချုပ်လောင်း အနုတင် ချန်ဝီရာကူကို ထောက်ခံစဉ် ထိုင်းခေတ္တဝန်ကြီးချုပ်က ပါလီမန်ကို ဖျက်သိမ်းရန် စက်တင်ဘာလ ၃ ရက်နေ့တွင် လုပ်ဆောင်ခဲ့သည်။
သို့သော် ဘုရင်၏ ဥပဒေရေးရာများကို စိစစ်ပေးပြီး အကြံဉာဏ်ပေးသည့် အဖွဲ့အစည်းဖြစ်သည့် ဘုရင့်အတိုင်ပင်ခံကောင်စီရုံးက ပါလီမန် ဖျက်သိမ်းရန် အမိန့်စာကို ပယ်ချခဲ့ပြီး ဖွေ့ထိုင်းပါတီ အစိုးရအဖွဲ့ တင်သွင်းသော လုပ်ငန်းစဉ်သည် ပြည့်စုံစွာ စိစစ်မထားသေးကြောင်း ဆိုသည်။
ကျင့်ဝတ်ချိုးဖောက်မှုဖြင့် ဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဖြုတ်ချလိုက်သည့် သြဂုတ်လ ၂၉ ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံတွင် အာဏာကင်းလွတ်မှု ဖြစ်ပေါ်နေသည်။
အိမ်စောင့်အစိုးရအဖြစ် လုပ်ကိုင်နေသည့် သူ၏ ဖွေထိုင်းပါတီသည် ဝန်ကြီးချုပ်လောင်းကို ထောက်ခံရန် အတိုက်အခံ ပြည်သူ့ပါတီကို စည်းရုံးသည်။ သို့သော် ပြည်သူ့ပါတီက ကွန်ဆာဗေးတစ်လုပ်ငန်းရှင် သူဌေး အနုတင် ချန်ဝီရာကူကို ထောက်ခံကြောင်း ကြေညာခဲ့သည်။
အချိန်အနည်းငယ် ကြာသောအခါ ဖွေထိုင်းပါတီ အထွေထွေအတွင်းရေးမှူး ဆိုရာဝေါင် သီယန်သောင်က ခေတ္တဝန်ကြီးချုပ် ဖမ်သမ် ဝီချရာချိုင်သည် ပါလီမန်ဖျက်သိမ်းရန် အဆိုပြုထားကြောင်း ပြောသည်။ ဘုရင် သဘောတူခဲ့လျှင် ရက်ပေါင်း ၄၅ ရက်နှင့် ၆၀ ကြား ရွေးကောက်ပွဲ ကျင်းပရမည်။
မစ္စတာ အနုတင်ကို ထောက်ခံခြင်းသည် ပါလီမန်ကို လေးလအတွင်း ဖျက်သိမ်းရန် စည်းကမ်းချက်ဖြင့် ထောက်ခံခြင်းဖြစ်သည်ဟုလည်း ပြည်သူ့ပါတီက ပြောသောကြောင့် သူ့ကိုထောက်ခံခြင်းသည် အချိန်အနည်းငယ် နောက်ကျပြီး ရွေးကောက်ပွဲသစ် ကျင်းပရန်သာဖြစ်သည်။
ကိုဗစ်နိုင်တင်းနှင့် ဆေးခြောက်
ပြည်သူ့ပါတီက အင်အား ၁၄၃ နေရာရှိသည့် ပါလီမန်အဖွဲ့သည် ဆောက်လုပ်ရေးအင်ဂျင်နီယာ လုပ်ငန်းကြီးတခုကို ဆက်ခံမည့်သူ မစ္စတာ အနုတင်ကို ထောက်ခံရန် ကတိပြုသည်။ မစ္စတာ အနုတင်ကလည်း သူ့ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရန်မှာ “ပါလီမန်ကိုယ်စားလှယ်များ၏ တာဝန်” ဖြစ်သည်ဟု သတင်းထောက်များကို ပြောသည်။
“ရှေ့မှာ အစိုးရဖွဲ့ဖို့ မရှိမဖြစ်လိုအပ်ပြီး အဲဒီပါတီက ဒီအကျပ်အတည်းကို ဖြေရှင်းဖို့နည်းလမ်း ရှာနေတယ်လို့ ကျနော်တို့ နားလည်တယ်” ဟု ၎င်းကပြောသည်။
မစ္စတာ အနုတင်သည် ယခင် ၂၀၂၂ ခုနှစ်တွင် ဆေးခြောက်ကို တရားဝင်စေရန် ကတိဖြင့် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးတာဝန်များ ယူခဲ့သည်။
ခရီးသွားလုပ်ငန်းကို မှီခိုရသည့်နိုင်ငံတွင် ကိုဗစ်နိုင်တင်း တုံ့ပြန်မှုကို တာဝန်ယူရစဉ်က ထိုဗိုင်းရပ်စ်ကို အနောက်နိုင်ငံသားများက ဖြန့်ချိသည်ဟု စွပ်စွဲပြီးနောက် ဆန့်ကျင်မှုများကြောင့် ပြန်လည် တောင်းပန်ရသည်။
ဖွေထိုင်းပါတီသည် ရှင်နာဝပ်မိသားစု၏ ရွေးကောက်ခံယန္တရားဖြစ်ပြီး ထိုပါတီသည် နိုင်ငံမှ ဘုရင်စနစ် လိုလားသူများ၊ စစ်တပ်လိုလားသည့် အထက်လွှာများနှင့် ထိပ်တိုက်တွေ့နေသည်မှာ ဆယ်စုနှစ် နှစ်ခု ကြာပြီဖြစ်သည်။
သို့သော် ၎င်းတို့၏သြဇာ ကျဆင်းနေကြောင်း သုတေသီများကပြောပြီး ပါလီမန်ကို ဖျက်သိမ်းရန် ၎င်းတို့၏ ကြိုးစားမှုသည် အရှိန်အဟုန် ကျဆင်းနေသည့် လက္ခဏာဖြစ်သည်။
မစ္စတာ အနုတင်၏ ဘမ်ဂျိုင်ထိုင်းပါတီသည် ဝန်ကြီးချုပ်ဟောင်း မစ္စ ပေတောင်တန် ရှင်နာဝမ်ကို ထောက်ခံသည့် အဓိက မဟာမိတ်ဖြစ်သော်လည်း ကမ္ဘောဒီးယားနှင့် နယ်စပ်ပြဿနာတွင် မစ္စ ပေတောင်တန်၏ လုပ်ရပ်ကြောင့် ထိုသဘောတူညီချက်ကို စွန့်လွှတ်သည်။
ထိုအငြင်းပွားမှုပင် မစ္စ ပေတောင်တန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက သြဂုတ်လ ၂၉ ရက်နေ့တွင် ရာထူးမှ ထုတ်ပယ်သည်။
၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် အမည်စာရင်း တင်သွင်းခံရသည့်သူများသာ ဝန်ကြီးချုပ်လောင်း ဖြစ်သောကြောင့် အလားအလာရှိသည့် ခေါင်းဆောင်အရေအတွက် ငါးဦးသာ ရှိသည်။
ပြည်သူ့ပါတီသည် စစ်တပ်သြဇာကို လျှော့ချပြီး ဘုရင်စနစ်ကို ကာကွယ်သည့် တင်းကျပ်သောဥပဒေများကို ပြုပြင်ပြောင်းလဲရန် မဲဆွယ်ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပဲတွင် နေရာအများစု အနိုင်ရသည့် ရှေ့သို့ချီပါတီ (MFP) ကို ဆက်ခံသည့် ပါတီဖြစ်သည်။
ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေ ဖြေလျှော့ရန် ကြိုးစားမှုကြောင့် ရှေ့သို့ချီပါတီကို တရားရုံးက ဖျက်သိမ်းသော်လည်း မည်သည့် ရွေးကောက်ပွဲသစ်မဆိုတွင် ပြည်သူ့ပါတီသည် ထောက်ခံမဲ အခိုင်အမာရနေနိုင်သည့် အနေအထားရှိသည်။
ကိုးကား ။ ။ AFP, Reuters, Thai Examiner
You may also like these stories:
စစ်အာဏာသိမ်းတဲ့ခေတ်ကုန်သွားပြီလို့ ထိုင်း ဒုဗိုလ်ချုပ်ကြီးပြော (ရုပ်/သံ)
ထိုင်း စစ်တပ် နောက်ထပ် အာဏာသိမ်းဖို့ ပြင်နေလား
ဒေါ်နယ်ထရမ့် ကြားဝင်ပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား ပစ်ခတ်မှု ဆက်ဖြစ်နေ (ရုပ်/သံ)
ကမ္ဘောဒီးယား နဲ့ ပဋိပက္ခကြောင့် ထိုင်း ဘတ်ငွေ တန်ဖိုး ကျဆင်းလို့ ဆို
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်းဝေးလာ
ထိုင်းဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ခံရပြီးနောက် ဘာဖြစ်မလဲ













