ရွေးကောက်ပွဲ အပိုင်း ၁ ပြုလုပ်မည့် ၁၀၂ မြို့နယ်ထဲ ပါဝင်သော မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များအား ရှင်းလင်းရန်ရည်ရွယ်ချက်ဖြင့် စစ်တပ်သည် သံချပ်ကာကားများဖြင့်ပါ ထိုးစစ်ဆင်နိုင်ရေး ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းသို့ စက်တင်ဘာ ၃ ရက်တွင် ဝင်ရောက်လာသော စစ်ကြောင်းနှစ်ကြောင်းသည် စက်တင်ဘာ ၇ ရက်၌ လှုပ်ရှားမှု ရပ်တန့်သွားပြီးနောက် အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင်နိုင်ရေး ပြင်ဆင်နေသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
၎င်းက “ပွင့်ဖြူက ဧရိယာလည်း ကျယ်တယ်၊ တောတောင်ရေမြေ အနေအထားအရ ရအောင်ရှင်းထုတ်နိုင်ဖို့ အားထည့် သွား မယ်လို့ ထင်တယ်။ သူတို့ လက်နက်ကြီး ပစ်ကူပေးလို့ရတဲ့ နေရာမျိုးမဟုတ်တော့ သံချပ်ကားနှစ်စီး စကုတပ်ထဲမှာ ရောက်နေတယ်၊ အင်အားတွေလည်း ဖြည့်တင်းနေတယ်။ သံချပ်ကားတွေကို ပစ်အားပေးအဖြစ်သုံးပြီးတော့ စစ်ကြောင်း ထိုးဖို့ ပြင်ဆင်နေတယ်။ အခုအနေအထားက တိုးတဲ့စစ်ကြောင်းတွေ နာမှာစိုးလို့ ပြန်ဆုတ်လာတာ။ အခုအချိန်မှာ ရွာတွေ ကို မီးရှို့လိုက်မယ်ဆိုရင်လည်း ရွေးကောက်ပွဲလုပ်ရတဲ့နေရာမှာ ရုပ်ပျက်မယ်ပေါ့။ အဲဒီတော့ ဓားမိုးပြီး ရွေးကောက် ပွဲ လုပ်ခိုင်းမယ့်အနေအထားမျိုးပဲ” ဟု ပြောသည်။
မင်းဘူးခရိုင်တွင် မင်းဘူး၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း၊ ငဖဲမြို့နယ်များ ပါဝင်ပြီး စေတုတ္တရာ၊ စလင်းမြို့နယ်များ၌ တော်လှန် ရေးအင်အားစုများ အားကောင်းကာ ပွင့်ဖြူမြို့နယ်သည် တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေနည်းပါးကြောင်း၊ ရွေးကောက်ပွဲ အပိုင်း ၁ တွင် ပါသည့် မင်းဘူးမြို့နယ်၌ တော်လှန်ရေးအင်အားစု အနည်းငယ်သာလှုပ်ရှားနိုင်ပြီး ငဖဲမြို့နယ် တွင် အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်ဖွဲ့ များ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း သိရသည်။
“အခု အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်ဆိုတာမျိုးက အဓိက ရွေးကောက်ပွဲပေါ့။ ပထမအသုတ် မှာ ပွင့်ဖြူမြို့နယ်ပါနေတယ်။ ဒုတိယအနေနဲ့ စေတုတ္တရာ၊ စလင်းပါမယ်ဆိုပြီး သိထားရတာမျိုးရှိတော့ နယ်မြေရှင်းလင်း ရေးတွေလုပ်ဖို့ပါပဲ။ ပွင့်ဖြူမြို့နယ်က အခုမှစပြီး တော်လှန်ရေးအင်အားစုတွေ ထိုးဖောက်ရတဲ့နေရာမျိုးပေါ့။ မင်းဘူးခရိုင် အနေနဲ့ အစွန်အဖျားကျတဲ့ မြို့နယ်တခုလည်းဖြစ်တော့ သူတို့ လွယ်တဲ့နေရာကနေစပြီး ချေမှုန်းပြီး ရွေးကောက်ပွဲလုပ်မယ်၊ ပြီးမှ တဆင့်တက်မယ်ပေါ့” ဟု မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခရိုင် ပကဖ)မှ တာဝန်ရှိသူတဦးက ပြောသည်။
စစ်ကြောင်းထိုးနိုင်ရန်အတွက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် (တမခ ၈၈) လက်အောက်ခံ စကုအခြေစိုက် ခြေလျင်တပ် ရင်း ခလရ ၁၀ အတွင်း သံချပ်ကာကားနှစ်စီးအပါ လက်နက်ခဲယမ်း၊ လူအင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေသလို အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) လက်အောက်ခံ စလင်းမြို့အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်များတွင်လည်း စုဖွဲ့မှုပြုလုပ်နေကြောင်း သိရသည်။
ဆက်လက်၍ မင်းဘူးခရိုင် ပကဖ မှ တာဝန်ရှိသူတဦးက “မင်းဘူးခရိုင်မှာ ရွေးကောက်ပွဲလုပ်မယ်၊ PDF ကင်းစင်တဲ့ နယ်မြေ တခု ဖြစ်အောင်လုပ်မယ်ပေါ့။ အဲဒီလိုဆိုရင် နံပါတ်တစ် ပွင့်ဖြူကို ချေမှုန်းမှရမယ်။ ပြီးရင် စေတုတ္တရာနဲ့ စလင်းကိုချေမှုန်း မယ်။ အဲဒီလိုမျိုး လုပ်နေတယ်ဆိုတာ ကျနော်တို့တွေ့နေရတယ်။ ရွေးကောက်ပွဲလုပ်လို့ရအောင် ထွက်ပေါက်ရှာဖို့အတွက် ပွင့်ဖြူကို ပထမဆုံးချေမှုန်းတာ လွယ်မယ်ယူဆလို့ ကျနော်တို့ သတိထားရမယ့် အခြေအနေတခုလည်း ဖြစ်တယ်” ဟု ပြောသည်။

စစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲပြုလုပ်နိုင်ရေး လက်လွှတ်ဆုံးရှုံးထားရသည့်နယ်မြေများ ပြန်လည်ရရှိပြီး အုပ်ချုပ် ရေးယန္တရား ပြန်လည်တည်ဆောက်ရန် လိုအပ်နေရာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက် မှုအပြင် အဆင့်မြင့် ဒရုန်းများပါ အလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း တော်လှန်ရေးအင်အားစု များက ဆိုသည်။
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ ဩဂုတ် ၂၀ ရက်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ အပိုင်း ၁ တွင် မြို့နယ် ၂၅ မြို့နယ်၊ ခရိုင် ၇ ခုဖြင့် ဖွဲ့စည်းထားသော မကွေးတိုင်းမှ ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မကွေး၊ ပွင့်ဖြူ၊ မင်းဘူး၊ သရက်၊ အောင်လံမြို့နယ်များ ပါဝင်နေသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များအနေဖြင့် ကြီးအုံကြီးဝရေလှောင်တမံ၊ ဆိုလာစီမံကိန်းများ အပါအဝင် ကျေးရွာ ၂၆ ရွာခန့်ထိ စိုးမိုးထိန်းချုပ်ထားနိုင်ကာ ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်မှ ၇ ရက်ထိ စစ်ကြောင်းများနှင့် တော်လှန်ရေးအင်အားစုများကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်ကြောင်းနှစ်ကြောင်းသည် စက်တင်ဘာ ၃ ရက်မှ ၇ ရက်အတွင်းမှာပင် အရပ်သား ၉ ဦးအထိ သတ်ဖြတ်ခဲ့သလို မကျီးစုရွာရှိ နေအိမ်များကိုပါ မီးရှို့သွားပြီး ဒေသခံများအား ဖမ်းဆီးကာ လူသား ဒိုင်းအဖြစ် မိုင်းကွင်းဖြတ်ခိုင်းသောကြောင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်မှ ၆ ရက်ထိ ပွင့်ဖြူမြို့နယ်တွင် မကျီးစု၊ ညောင်ပင်ဝိုင်း၊ မဒဲကျေးရွာဝန်းကျင်၌ စစ်ကြောင်း ၃ ကြောင်းနှင့် PDF တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ PDF ထိန်းချုပ်ထားသည့် ကျေးရွာ ၁၉ ရွာကို ပြန်လည်ထိန်း ချုပ်နိုင်ခဲ့သော်လည်း ကျေးရွာ ၈ ရွာခန့်နှင့် ကြီးအုံကြီးဝရေလှောင်တမံ၊ ဆိုလာစီမံကိန်းတို့ ကျန်ရှိနေသေးကြောင်း၊ လက်ရှိ စစ်ကြောင်းများသည် နယ်မြေရှင်းလင်းမှု ရပ်တန့်ထားပြီး PDF တပ်ဖွဲ့များက ၎င်းတို့ထိန်းချုပ်ရာ ကျေးရွာများ၌ ပြန်လည် ခိုအောင်းနေကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ရေးသားဖြန့်ဝေထားသည်။
ပွင့်ဖြူမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးမှု မရှိတော့သော်လည်း ကျေးရွာ ၁၅ ရွာကျော်မှ ဒေသခံနှစ်သောင်းကျော်မှာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း၊ ပွင့်ဖြူမြို့နယ်တွင် ၂ နှစ်နီးပါးခန့် ကြာမြင့်နေသည့် အမြဲတမ်းစစ်ရှောင်များလည်း ရှိနေကာ နေထိုင်ရေးအတွက် မိုးကာများအပြင် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
စစ်ရှောင်များအားကူညီနေသူတဦးက “အဓိက ဆေးဝါးနဲ့ စာနပ်ရိက္ခာ၊ မိုးကာတွေ လိုအပ်နေတာ။ မိုးကလည်း ဆက်တိုက် များနေတာဆိုတော့ မိုးထဲရေထဲမှာပဲ ဒီအတိုင်းနေနေကြရတာ။ ပွင့်ဖြူမှာ အမြဲတမ်းစစ်ရှောင်တွေလည်း ရှိနေတာဆိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး တတ်နိုင်တဲ့ပြည်သူတွေအနေနဲ့ ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ” ဟု ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူ့စစ်အမည်ခံ ပျူစောထီးများလည်း အားကောင်းပြီး ကျောင်းကုန်းကြီး၊ ဆင်စု၊ ရွာခိုင်၊ ကုန်းဇောင်း၊ ကန်ဆွယ်ကျေးရွာများမှာ နာမည်ကြီး ပျူစောထီးရွာများဖြစ်ကာ လက်ရှိ ပျူစောထီးများနှင့် စစ်တပ် ပူးပေါင်း၍ နယ်မြေလုံခြုံရေးများ လုပ်ဆောင်နေကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၏ အရှေ့ဘက်တွင် ရေနံချောင်းမြို့နယ်၊ တောင်ဘက်တွင် မင်းဘူး(စကု)မြို့နယ်၊ အနောက်ဘက်တွင် စေတုတ္တ ရာ၊ ငဖဲမြို့နယ်၊ မြောက်ဘက်တွင် စလင်းမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေသလို မင်းဘူးမြို့နယ်၏ အရှေ့ဘက်တွင် မကွေး မြို့နယ်၊ တောင်ဘက်တွင် မင်းလှမြို့နယ်၊ အနောက်ဘက်တွင် ငဖဲမြို့နယ်၊ မြောက်ဘက်တွင် ပွင့်ဖြူမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေသည်။
You may also like these stories:
ညောင်ဦးနယ်၌ ဆက်တိုက် စစ်ကြောင်းထိုးနေ
ကရင်လက်နက်ကိုင်အဖွဲ့များ မြဝတီမြို့အဝင်အထွက် စစ်တပ်ကန့်သတ်
မကွေးနှင့် စစ်ကိုင်းတိုင်းမှ စစ်ရှောင်ရွာအချို့ သောက်သုံးရေ ရှားပါးနေ














