နွေဦးပေါက် ဖေဖော်ဝါရီကုန်မှစ၍ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ ရွာအချို့ သောက်သုံးရေရှားပါးလာရာ စစ်ရှောင်များမှာ အခက်အခဲများကို ပို၍ ရင်ဆိုင်နေရသည်။
မကွေးတိုင်းရှိ မကွေး၊ ချောက်၊ ရေနံချောင်း၊ နတ်မောက်၊ မြို့သစ်၊ စလင်း၊ ပွင့်ဖြူ၊ ထီးလင်း။ ဂန့်ဂေါမြို့နယ်နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ကလေး၊ ယင်းမာပင်၊ ပုလဲ၊ မြင်းမူ၊ ချောင်းဦး၊ အရာတော်၊ ဘုတလင်၊ ဆားလင်းကြီး၊ ကနီ၊ မြောင်၊ ကောလင်းမြို့ နယ်များမှ ကျေးရွာအချို့ရှိ ချောင်း၊ ကန်များ ရေခမ်းစပြုလာသဖြင့် သောက်သုံးရေ ရှားပါမှု စတင်ကြုံတွေ့နေရခြင်းဟု သိရသည်။
“တောထဲနေသူတွေအတွက် ကန်ရေတွေလည်း ခမ်းလာပြီ၊ သန့်သန့်ပြန့်ပြန့် မရှိတော့ဘူး၊ ချောင်းနဲ့ နီးတဲ့သူတွေကတော့ ချောင်းရေကို သောက်ရေအဖြစ်နဲ့ သုံးနေကြရသေးတယ်၊ မြစ်နဲ့နီးတဲ့သူတွေကတော့ အဲဒီလောက်ထိ ဆိုးဆိုးရွားရွား မဖြစ် သေးဘူး၊ အဓိကတော့ နွေပေါက်လာပြီဆိုတော့ သောက်ရေက ရှားလာနေပြီ”ဟု ယင်းမာပင်မြို့နယ်မှ စစ်ဘေးရှောင်ကူညီ နေသူတဦးက ပြောသည်။
နှစ်စဉ် ကျေးရွာရေကန်ကြီးများ ရေခမ်းခြင်း၊ ချောင်းရေများ အဝင်နည်းခြင်း၊ အဝီစိတွင်းများက ရေထွက်နည်းလာခြင်းများ ကြုံတွေ့နေရသော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများကြား လျှပ်စစ်မီး မရရှိခြင်း၊ ရေစုပ်စက်များ ပျက်စီးခြင်း၊ စက်သုံးဆီ ရှားပါးခြင်းစသည်တို့ကြောင့် သောက်သုံးရေ ပို၍ ခက်ခဲလာခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်းထိုးတာမရှိတဲ့ရွာတွေနဲ့ ကန်ရေကျန်နေသေးတဲ့ ရွာတွေကနေ ရေချိုကို လှည်းတွေ ထော်လာဂျီတွေ ကား တွေနဲ့ သွားသယ်ပြီး ရောင်းပေးတာမျိုးတွေ ရှိတယ်၊ အချို့လည်း စုပေါင်းထည့်ဝင်ငွေနဲ့ သွားသယ်ပြီး ပြန်မျှပေးတာမျိုး လည်း ရှိတယ်၊ ဝယ်သုံးရမယ်ဆိုရင် ထော်လာဂျီတစီးစာကို ၁ သောင်းခွဲကနေ ၂ သောင်းလောက်ထိ ပေးရတယ်၊ ငွေကြေး အဆင်မပြေသူတွေကိုတော့ တတ်နိုင်တဲ့သူတွေကနေ ရေဝယ်ပြီး ပြန်မျှပေးရတာပေါ့”ဟု စလင်းမြို့မှ စစ်ရှောင်တဦးက ပြောသည်။
ယမန်နှစ် ဧပြီလ ၂၈ ရက်နေ့က ၄၈ ဒဿမ ၂ ဒီဂရီ စင်တီဂရိတ် ကမာ္ဘ့အပူချိန် အမြင့်ဆုံးဖြစ်ခဲ့သည့် မကွေးတိုင်း ချောက် မြို့နယ်ရှိ ချောက်-ဂွေးချိုလမ်း အနောက်ဘက်ခြမ်းကျေးရွာများဖြစ်သည့် ကတိုင် တောင်/မြောက်၊ နရွဲတော၊ ရွာမ၊ သရက်ပင်၊ ကူဖြူ၊ ကံကြီကုန်း၊ ဂွေးပင်၊ ကုန်းကြီး၊ မြေနီလိန်၊ တန့်ကန်၊ သန်းပင်၊ ကြပ်ကန်စသည့်ကျေးရွာများတွင်လည်း သောက်သုံးရေ ရှားပါးစ ပြုနေကြောင်း သိရသည်။
“လက်ရှိအနေအထားမှာတော့ ရေရနိုင်မယ့်နေရာမျိုးတွေမှာ သွားနေကြရတာပေါ့၊ နွေလယ်လောက်ရောက်ပြီဆိုရင်တော့ ရေပြတ်လပ်မှုတွေ ကြုံလာရနိုင်တယ်၊ အခုရေပြတ်လပ်တာမျိုး မရှိသေးပေမယ့် သောက်ရေက ရှားလာတယ်လို့ ပြောရမှာ ပေါ့၊ ကန်တွေလည်း ရေခမ်းစပြုလာတဲ့အပြင် စမ်းတွေကလည်း အရင်ကလောက် ရေမပေါတော့ဘူးဗျ”ဟု စစ်ရှောင် တဦးက ပြောသည်။

အလားတူ ဘုတလင်မြို့နယ် မြောက်ပိုင်ရှိ ကူတော်ကျေးရွာသို့ ၃ နှစ် နီးပါးထိ စစ်ရှောင်ကာ ယခုနှစ်ဆန်းပိုင်းမှ ပြန်လည် ဝင်ရောက် နေထိုင်နိုင်သည့် ဒေသခံများမှာလည်း သောက်သုံးရေ အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“စက်နဲ့ မောင်းတင်တဲ့ ရေကိုပဲ တရွာလုံး သုံးနေရတာပေါ့၊ ရေက ကြည်ပေမယ့် သံဓာတ်တော့ နည်းနည်းပါတယ်၊ သောက်ရေ သုံးရေ နှစ်မျိုးလုံးအတွက် သုံးကြတယ်၊ သီးသန့် ကျိုသောက်တာမျိုးတော့ မရှိဘူး၊ ရေတင်ဖို့အတွက် အလှူရှင်ရှိရင်တော့ ရေ ဖိုး မပေးရဘူး၊ အလှူရှင်မရှိဘဲ ရေတင်ရရင်တော့ ရေတထမ်းကို ၂၀၀ ပေးရတယ်၊ နှစ်ရက် တခါ သုံးရက်တခါတော့ စက်မောင်းပြီး ရေတင်ပေးပါတယ်”ဟု ကူတော်ကျေးရွာဒေသခံတဦးက ပြောသည်။
ကောလင်းမြို့နယ်ရှိ နှစ်ရှည် စစ်ရှောင်များသည်လည်း သောက်သုံးရေ လုံလောက်စွာ မရရှိခြင်းနှင့်အတူ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး အရေပြားရောဂါများပါ ခံစားနေရကြောင်း၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့မှ ရွေ့လျား ဆေးကုသရေးအဖွဲ့( Mobile Clinic )၊ တိုက်နယ် အရပ်ဘက်ဆေးကုသရေးအဖွဲ့များက ဆေးဝါးကုသပေးသော်လည်း ဆေးဝါးလုံလောက်မှုမရှိခြင်း၊ ရေလုံလောက်စွာ မသုံးစွဲနိုင်ခြင်းများကြောင့် အရေပြားရောဂါများ ဖြစ်ပွားလာရခြင်းမျိုးဟု သိရသည်။
ထိုသို့ သောက်သုံးရေ ရှားပါးပြီး ပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများလည်း ဖြစ်ပွားလာနိုင်သောကြောင့် ရေကို ကျိုချက် သောက်သုံးရန် အသိပညာပေးထားသည်ဟု CDM ဆရာဝန်တဦးက ပြောသည်။
You may also like these stories:
ကလေးမြို့စစ်ရှောင်များ ရေရှားပါးမှုနှင့် အပူဒဏ် ခံစားနေရ
စံချိန်တင် အပူလှိုင်း အညာက စစ်ရှောင်ဒုက္ခသည်များ ပိုမိုခံစားရ
ကရင်နီစစ်ရှောင်များ ရေရှားမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံနေရ
ပြေးစရာ မြေမရှိတော့တဲ့ အညာ စစ်ရှောင်များ
အပူချိန်လွန်ကဲမှုကြောင့် အညာစစ်ဘေးရှောင်များ ကျန်းမာရေး စိုးရိမ်ရ













