ဆောင်းပါး

ပြေးစရာ မြေမရှိတော့တဲ့ အညာ စစ်ရှောင်များ

“ကျမတို့မှာ နေစရာ ထိုင်စရာ မရှိတော့ပါဘူး။ သူများအိမ်မှာ နေရပါတယ်၊ စားဖို့သောက်ဖို့ ဆိုတာလည်း သူများတွေ ပေးလို့ စားနေရတာပါ” ဟု ဆိုလာသူက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ခံ ဒေါ်သူဇာ(အမည်လွှဲ)ဖြစ်ပြီး အိမ်မီးရှိူ့ခံရသဖြင့် လက်ရှိတွင် တရွာမှတရွာ ပြောင်းရွှေ့နေ နေရသူဖြစ်ပါတယ်။

အရင်တည်ငြိမ်အေးချမ်းတဲ့ သူတို့၏ ဘဝကို မတည်ငြိမ် မအေးချမ်းအောင် လုပ်ခဲ့သူကတော့ ပြည်သူ့တပ်မတော်လို့ ကိုယ့်ကိုကိုယ် အသံကောင်းဟစ်တတ်တဲ့ စစ်ကောင်စီဖြစ်ပြီး ဇွန်လ ၃ ရက် ဂန့်ဂေါဘက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညောင်လယ်ရွာနဲ့ ခေါင်း တုံရွာတို့က အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ခဲ့ပါတယ်။

အလွန်ဆိုးရွားတဲ့ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ညောင်လယ်ရွာက နေအိမ်တအိမ်မှာ ပြည်သူ ၅ ဦးကို သံကြိုးနဲ့ ချည် အရှင်လတ်လတ် သတ်ဖြတ်ခဲ့တာပါ။ အဲဒီထဲမှာ စိတ်ဝေဒနာရှင် ၁ ဦးလည်း ပါဝင်ခဲ့ပါတယ်။

ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေကို ကြုံခဲ့ရသူတွေဟာ ဒေါ်သူဇာလိုပဲ ပြေးရင်းလွှားရင်းကပဲ အိမ်ခြေမဲ့ဘဝ ကို ရောက် ကုန်တာပဲ ဖြစ်ပါတယ်။

ဒါမျိုးဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ ကြုံတွေနေရပြီး Institute for Strategy and Policy- Myanmar (ISP) က ဇွန်လ ၁၅ ရက်က ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေ အရ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ဘေးရှောင်အရေအတွက် လေးသိန်းခွဲ ကျော်နေပါပြီ။ စစ်ကိုင်းတိုင်းဟာ စစ်ရှောင်အများဆုံး ဖြစ်နေပြီး စစ်ရှောင်ဦးရေ ၃ သိန်း ၄ သောင်းကျော် ရှိနေပါတယ်။ မကွေးတိုင်း မှာတော့ ၁ သိန်း ၂ သောင်းကျော်ရှိနေပါပြီ။

ဘာကြောင့် စစ်ရှောင်ဦးရေ ဒီလောက် များနေသလဲ။ တိုက်ပွဲတွေ ဖြစ်ပွားနေသလဲ။

အညာဒေသ နောက်ခံ အခင်းအကျင်း

စစ်မီးတွေ တမြေ့မြေ့လောင်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဟာ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်ခင် ကတော့ လက်နက်ကိုင်ပဋိပက္ခ ဆိုတာကို မကြားဖူးသလောက် ဖြစ်ခဲ့တဲ့ နယ်မြေတွေပါပဲ။

တောင်တန်း၊ တောအုပ်ထက် မြေပြန့်လွင်ပြင် ပေါများတဲ့ ဒေသဖြစ်သလို လွင်တီးခေါင် ဧရိယာတွေ များပြားပါတယ်။ အများစုဟာ စိုက်ပျိုးရေး အခြေခံစီးပွားရေးကို လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့်တော့ ဗမာလူမျိုး အများစုနေထိုင်ကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း မရှိသလောက်ပါပဲ။

စစ်ကိုင်းတိုင်း ဆိုရင် မြောက်ဘက် ရှမ်းနီ ဧရိယာတဝိုက်နဲ့ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရိယာကလွဲရင် ပြည်တွင်း စစ်အစပိုင်းကာလကလွဲရင် နောက်ပိုင်းမှာတော့ လက်နက်ကိုင် ပဋိပက္ခ မကြုံဖူးသလောက် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီမိုကရေစီအရေးနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အလှမ်းဝေးနေခဲ့တဲ့ ဒေသတော့ မဟုတ်ခဲ့ပါဘူး။

၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့ရွာတွေဟာ တက်တက်ကြွကြွ ပါဝင်ခဲ့သလို အနီးစပ်ဆုံး ကြည့်မယ်ဆိုရင်တောင်၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့ပြီး ဒီပဲယင်းသတ်ဖြတ်မှုဟာ စစ်ကိုင်း တိုင်းမှာပဲ ဖြစ်ပွားခဲ့တာပါ။ အာရှ တရားရေးဆိုင်ရာ အရင်း အမြစ်စင်တာက ဒီဖြစ်ရပ်အပေါ် အရပ်သား လူထုကို ဗျူဟာမြောက် စနစ်တကျ တိုက်ခိုက်မှုလို့တောင် သတ်မှတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာတော့ စစ်အုပ်စုရဲ့ လက်ချက်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ အပါအဝင် လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

အဲဒီလိုပဲ မကွေးတိုင်း ပခုက္ကူမြို့ဟာ ရွှေဝါရောင်တော်လှန်ရေး စတင်ရာ အဓိကနေရာ ဖြစ်ခဲ့ပြီး ပခုက္ကူမြို့ လယ်မှာ သံဃာ၂ ပါးကို စစ်သားတွေက ကြိုးတုပ် ရိုက်ခဲ့ရာကနေ အထွေထွေ မကျေနပ်မှုတွေ မြင့်တက်ကာ ရွှေဝါရောင် တော်လှန်ရေး အရှိန်အဟုန်ကို မြှင့်တင်ခဲ့ပါတယ်။

ယခုလည်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသဟာ ဗမာလူမျိုး အများစု နေထိုင်တဲ့ တိုင်းဒေသတွေထဲမှာ တော်လှန်ရေး အားအကောင်းဆုံး ဒေသတွေ ဖြစ်လာပါတယ်။

ဒါပေမယ့်လည်း တဖက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေလို အခြေခံစခန်းတွေ မရှိတာ၊ တောင်တန်းတွေ၊ တောတန်း အကာအရံတွေ မရှိတဲ့ လွင်တီးခေါင်ဒေသတွေ ပေါများနေတာကြောင့် စစ်ကောင်စီက ဥဒဟို ဝင်ထွက်ပြီး တရစပ် စစ်ကြောင်း ထိုးသမျှကို ခံနေရတဲ့ ဒေသလည်း ဖြစ်နေရပြန်ပါတယ်။

တကယ်တော့ အညာဒေသဟာ လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲသမိုင်းတလျှောက်မှာ အားကောင်းကောင်းနဲ့ ပါဝင်ခဲ့ သလို လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရကို တော်လှန်ကြတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေ နောက်လိုက်တွေ အများအပြား ထွက်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ပုံတောင်ပုံညာဒေသဆိုရင်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ(အလံဖြူ) အခြေခံစခန်းများ တည်ရှိခဲ့သလို သခင်စိုး ဦးဆောင်သည် အလံနီကွန်မြူနစ်ပါတီက ဌာနချုပ်ပင် ဖွင့်ခဲ့တဲ့အတွက် တော်လှန်ရေး ရေသောက်မြစ် အားကောင်းရာအရပ်လို့ ဆိုရမှာပါ။

ဒီကနေ့ မှာဆိုရင်လည်း နိုင်ငံရေးအမြင်အားကောင်းတဲ့ ဒီဒေသတွေဟာ လက်ရှိ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်နေတဲ့ ကချင်၊ ချင်းနဲ့ ရခိုင်လို ဒေသတွေနဲ့ ဆက်စပ်နေတဲ့အတွက် စစ်ကောင်စီရဲ့ ရှေ့တန်းပစ်မှတ် ဖြစ်လာခဲ့ တာလည်း ဖြစ်နိုင်ပါတယ်။

၁ နှစ်တာအတွင်း အညာဒေသမှာ စစ်မီးတွေ ဘယ်လို တောက်လောင်ခဲ့သလဲ ဆိုတာကို ဆန်းစစ်ရင် ၂၀၂၁ ဧပြီလ ဆန်းပိုင်းမှာ တမူး၊ ကလေး စတဲ့ ဒေသတွေနဲ့ ချင်းပြည်နယ်က မြို့တွေကို အာဏာရှင် တော်လှန်ရေးကြောင့် ဖြစ်ပွား ခဲ့တဲ့ စစ်မီးဟာ အစ ပျိုးလာခဲ့တယ်လို့ ဆိုရမှာပါ။

စစ်အာဏာရှင် အလိုမရှိကြောင်း တခြား မြို့တွေနည်းတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ကလေးမြို့က ပြည်သူတွေကို စစ် ကောင်စီ လက်နက်ကိုင်တပ်တွေက မတ်လ ၂ ရက်မှာ ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ကိုဇင်မျိုးမောင်လို့ ဆုံးပါး သွားခဲ့ရပါတယ်။

ရရာတူမီး သေနတ်၊ လေသေနတ်တွေနဲ့ ခုခံနေတဲ့ ကလေးမြို့ခံတွေ အခြေပြုရာ တာဟန်းရပ်ကွက်က သပိတ်ခံတပ် နေရာကို စစ်တပ်က မတ်လ ၂၈ ရက်မှာ စတင် ဖြိုခွင်းပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မဲမဲမြင်ရာကို ပစ် ခတ်ကြတာပါ။

ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာတွင် မီးရှို့ခံထားရသည့် နေအိမ်များ (ဓာတ်ပုံ- GYV)

အဲဒီနောက်မှာ ကလေးမြို့ခံတွေဟာ ၁၉ ရာစုသုံး တူမီး သေနတ်တွေ၊ လေသေနတ်တွေနဲ့ လက်နက်ကိုင် တော်လှန်မှု ကို စတင်လာခဲ့ပါတယ်။ မတ်လ၂၈ ရက် တာဟန်းခံတပ်တိုက်ပွဲဟာ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အစဦးလို့ ဆိုနိုင် ပါ တယ်။

အဲဒီနောက် ဧပြီလ ၁ ရက်မှာ ဂန့်ဂေါမြို့ဘက်ကနေ ကလေးမြို့သို့ စစ်ကူပေးနိုင်ဖို့ ချီတက်လာတဲ့ စစ်ကောင်စီ လက် နက်ကိုင်တပ်တွေကို ဆီးကြို တိုက်ခိုက်ခဲ့တဲ့ မဏိပူရ်မြစ်ပေါ်က ကမ်းပါးနီ တံတားတိုက်ပွဲ၊ ဧပြီလ ၂ ရက်မှာ ယင်းမာ ပင်မြို့နယ်က သပြေအေးဆရာတော်ကို ဝင်ရောက် ဖမ်းဆီးခဲ့တာကို ခုခံရာက ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကနေ စစ်မီး ဟာ စစ်ကိုင်းတိုင်း တခုလုံးကို တရစ်ချင်းဆီ ဝါးမြိုခဲ့ပါတယ်။ ဧပြီလ ၂ ရက်မှာပဲ တမူးမြို့မှာလည်း လက်နက်ကိုင် တိုက်ပွဲတွေ စတင် ဖြစ်ပွားနေခဲ့ပါပြီ။

အဲဒီနောက်တော့ တိုက်ပွဲတွေဟာ စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း ဆော၊ ယော ဒေသတွေဆီကိုပါ အပြန့် ကျယ်ကျယ် ကူးစက်သွားခဲ့ရပါတယ်။

အညာဒေသကို ပစ်မှတ်ထားနေတဲ့ စစ်ကောင်စီ

ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ထားပြီး ဧရာဝတီက သီးခြား လေ့လာထားတဲ့ စာရင်းဇယားတွေ အရတော့ ဇွန်လလယ်အထိ ကာလအတွင်းမှာ စစ်ကိုင်းတိုင်းမှာပဲ တိုက်ပွဲအကြိမ်ရေ ၅၀၀ ဝန်းကျင် ဖြစ်ပွားခဲ့သလို မကွေးတိုင်းမှာ အကြိမ် ၂၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

အထူးသဖြင့်တော့ ၂၀၂၁ ဒီဇင်ဘာလနှောင်းပိုင်းမှာ တိုက်ပွဲတွေ ပိုပြီး ဆက်တိုက် ဖြစ်ပွားလာပြီးတော့ နေ့စဉ်ရက် ဆက်နီးပါး ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

အခြားနေရာတွေထက် အညာဒေသကို ပစ်မှတ်ထားပြီး စစ်ကောင်စီဟာ တောက်လျှောက် စစ်ကြောင်း ထိုးနေခဲ့ တာပါ။

တကောင်း နိုင်ငံရေး လေ့လာမှု အင်စတီကျု အမှုဆောင် ဒါရိုက်တာ ကိုရဲမျိုးဟိန်းကတော့ “အညာက စစ်ရေးစစ်ရာ မဟာဗျူဟာအရ အရေးပါတဲ့နေရာလို့ မြင်တယ်။ မြန်မာပြည် မြေပြန့်ဖြစ်သလို၊ တချို့ ပြောကြတယ်၊ ကချင်စစ်နယ် ဝန်း၊ ချင်းစစ်နယ်ဝန်းနဲ့ ၂၀၂၀ မတိုင်ခင်ထိ လက်နက်ကိုင် တော်လှန်ရေး ကြီးကြီးမားမား ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ဆက်စပ်ပေးနိုင်တဲ့ အဓိကကျတဲ့ နေရာဖြစ်တယ်။ အဲဒီ ဒေသကြီးတခုလုံး ဆက်သွားမယ်ဆိုရင် မြန်မာပြည်ရဲ့ အနောက်ဘက် စင်္ကြန်ကြီး တခု ပေါ်ပေါက်လာမယ်လို့ တချို့ ပညာရှင်တွေ သုံးသပ်ကြတာရှိတယ်” လို့ ဆိုပါတယ်။

ဒီလို သုံးသပ်ရတဲ့ အခြေခံ အကြောင်းရင်းတွေလည်း အများအပြား ရှိနေခဲ့ပါတယ်။ အညာဒေသဟာ တလျှောက်လုံး ပဋိပက္ခရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကင်းလွတ်နေခဲ့တယ်လို့ ယိုးစွပ်ခံခဲ့ရတဲ့ ဗမာလူမျိုးစု အများဆုံးနေတဲ့ နေရာလည်း ဖြစ်နေပါတယ်။

ဒါတင်မက စစ်တပ်ရဲ့ နည်းအမျိုးမျိုးနဲ့ လူအင်အားစုဆောင်းမှုကို အမြဲတစေကြုံခဲ့ရတဲ့ ဒေသလည်း ဖြစ်ပါတယ်။
အခုတော့ ဒီဒေသမှာ တော်လှန်ရေးကို ပြင်းပြင်းထန်ထန် ဆင်နွှဲနေခဲ့သလို ပဋိပက္ခရဲ့ ဒဏ်ရာဒဏ်ချက်တွေကလည်း နေရာအနှံ့ ဖြစ်နေခဲ့ပါပြီ။

ရွာတွေမှာ ညှော်နံ့တွေ တထောင်းထောင်းထနေတဲ့ မီးလောင်ပြင်တွေ တိုးလာသလို၊ သေဆုံးသူတွေကလည်း တရိပ် ရိပ် တက်လာပါတယ်။ ဒါပေမယ့် ဒီမီးလောင်ပြင်ငုတ်တိုနဲ့ လယ်မစိုက်နိုင်တော့တဲ့ ရိုးပြတ်တွေကြားမှာပဲ ပဋိပက္ခ မီးတောက်ဟာ တဟုန်းဟုန်းနဲ့ ဆက်ပြီး တောက်လောင်နေပါတယ်။

“ဗမာလူမျိုးစု အများစု နေတဲ့ဒေသမှာ အညာသားတွေပါ စစ်တပ်ကို တော်လှန်နေကြတယ်။ ဒါဟာ စစ်တပ်ရဲ့ အာ ဏာသိမ်းမှုကို လူမျိုးစုတွေ အားလုံး တော်လှန်တဲ့ အသွင်ဆောင်တယ်ပေါ့” လို့ ကိုရဲမျိုးဟိန်းက ဆိုပါတယ်။
ဒါဟာ စစ်အုပ်စုအတွက်တော့ တကယ်ကို ခြောက်ခြားတုန်လှုပ်စရာ ကိစ္စလည်း ဖြစ်ပါတယ်။

အညာဒေသ နယ်မြေတဝှမ်းသာ အခြား EAOs ဒေသတွေလို့ အခြေစိုက်စခန်းနဲ့ လွတ်မြောက်နယ်မြေပေးခဲ့ရမယ် ဆိုရင် စစ်ကောင်စီအတွက် အထူးတလည် ခေါင်းခဲစရာ ကိစ္စရပ် ဖြစ်လာရုံသာမက အာဏာရှင်စနစ် ကျဆုံးဖို့အတွက် အထိရောက်ဆုံး ခြေလှမ်းလည်း ဖြစ်လာမယ်လို့ ပညာရှင်တွေက ယူဆနေကြပါတယ်။

ဒါကြောင့်လည်း အညာဒေသ၊ အထူးသဖြင့် စစ်ကိုင်းတိုင်းကို ဖိအားပေး ထိုးစစ်ဆင်နေတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

CDM ဗိုလ်ကြီးလင်းထက်အောင်ကတော့ “စစ်ကိုင်းကိုသာ ဆုံးရှုံးသွားမယ်ဆိုရင် အနောက်ဘက်ဒေသတွေ ခံစစ်ပွင့် သွားမယ့် အနေအထား ဖြစ်တယ်လို့ မြင်ကြည့်လို့ ရတယ်။ အဲဒါကြောင့် စစ်ကိုင်းကို ဦးနှိမ်ပြီးတော့ အသည်းအသန် ထိုးစစ် ဆင်နေတာ” လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း စစ်ကိုင်းတိုင်းကို စစ်ကောင်စီတပ်တွေဟာ ထိန်းချုပ်နိုင်စွမ်း မရှိကြသေးသလို နောက်ကိုလည်း ထိန်းချုပ်နိုင်ဖို့ မလွယ်သေးဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။

“ထိန်းချုပ်မှုနဲ့ စစ်ကစားနိုင်မှုကတော့ တော်တော်လေးကို ရှားပါးသွားတယ်။ သူတို့တပ်တွေကို အလွယ်တကူ မလှုပ် ရှားနိုင်တာက သူတို့ရဲ့ စစ်ဗျူဟာကို အများကြီး အားနည်းနေစေတယ်လို့ မြင်တယ်” လို့ ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အညာဒေသကို မြေလှန်မီးတိုက်စနစ်နဲ့ နေ့စဉ်ရက်စက် စစ်ကြောင်း ထိုးနေပေမယ့်လည်း နယ်မြေ အသာစီးမှုကတော့ လုံးဝကို မရခဲ့ပါဘူး။

စစ်ဘေးရှောင် အများဆုံးဒေသ ဖြစ်လာတဲ့ အညာ

စစ်ကောင်စီတပ်တွေဟာ စစ်ပွဲမှာ အသာစီးမရတဲ့အခါ ဗျူဟာပြောင်းလာပါတယ်။ လေ့လာထားမှုတွေအရ အချိန် ကာလအားဖြင့်ဆိုရင်၂၀၂၁ ခုနှစ် ဒီဇင်ဘာလဆန်းကတည်းကလို့ ဆိုနိုင်ပါတယ်။

အဲဒီအချိန်ကတည်းက စစ်ကောင်စီတပ်တွေဟာ ရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး ဒေသခံတွေကို နည်းအမျိုးမျိုးနဲ့ ဖမ်းဆီး သတ်ဖြတ်တဲ့ မြေလှန်မီးတိုက်ဗျူဟာကို စတင် ကျင့်သုံးလာနေပါပြီ။ အထူးသဖြင့် မေလနဲ့ ဇွန်လတွေမှာ အဆိုးရွားဆုံးပါပဲ။

အခုဆိုရင် အထက်အညာဒေသလို့ ကင်ပွန်းတပ်ကြတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ မသူဇာတို့ မိသားစု အပါအဝင် နေအိမ် မီးရှို့ခံခဲ့ရတဲ့ အရေအတွက် ၁၇၀၀၀ နီးပါး ဖြစ်သွားခဲ့ပါပြီ။ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ဖြစ်နေသလဲ ဆိုရင် စစ်ကောင်စီ မီးရှို့ပစ်ခဲ့တဲ့ အိမ်အရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းဟာ အညာဒေသကပါပဲ။

ထီးလင်းနယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများကြောင့် ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်များ

“ကျမတို့ရွာက မီးလုံးကြီးတက်လာတော့ ကိုယ်ရွာနီးချုပ်စပ်ရွာကနေ အဲဒီ မီးလုံးကြီးကိုလည်း မြင်လိုက်ရော အုတ် တံတိုင်းနဲ့ ခေါင်းနဲ့ ဆောင့်ချင်စိတ်ကို ပေါက်ပြီးတော့ အုတ်တံတိုင်းအထိ မရောက်ဘဲနဲ့ လမ်းတဝက်မှာတင် လဲသွား ပြီးတော့ အတင်း ဆွဲထူကြရတယ်” လို့ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာက ပြည်သူတဦးက ဆိုပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီး နောက်ပိုင်းမှာ အိမ်ခြေ ၁၉၀၀၀ နီးပါးလောက် မီးရှို့ဖျက်ဆီးခဲ့တယ်။ အဲဒီထဲမှာမှ ၁၇၀၀၀ နီးပါးလောက်က အညာဒေသက အိမ်တွေပါပဲ။

မီးရှို့ခဲ့တဲ့အိမ်ခြေ အရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက ၂၀၂၂ ခုနှစ်ရဲ့ ပထမ ၅ လအတွင်းမှာပဲ ရှို့ပစ်ခဲ့တာပါ။ ၂၀၂၁ ဒီဇင်ဘာလပါ ထည့်ပေါင်းရင် ၉၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒီအချက်အလက်တွေကတော့ Data for Myanmar အဖွဲ့က ပြုစုထားတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ ဖြတ်သွားရာ လမ်းတလျှောက်မှာ စိတ်ပျက် ဝမ်းနည်းစရာ ကောင်းလောက်အောင် ရွာပျက်ကြီးတွေ မြင် နေရတယ်။ ပြည်သူတွေက ကိုယ့်မြေလေးကိုယ် ခြစ်ခြစ်ကုတ်ကုတ် လုပ်စားပြီး နှစ်ရှည်လများ စုထားရတာတွေကို အချိန်တိုအတွင်း ရက်ရက်စက်စက် မီးရှို့ဖျက်ဆီးပစ်တယ်” လို့ မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) ကို ဦးဆောင် နေတဲ့ ဗိုလ်နဂါးက ဆိုပါတယ်။

ရက်ရက်စက်စက် သတ်ဖြတ်ခံရသူတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။

ဇွန်လ ၁ ရက်ကနေ ၁၅ ရက်အထိ လဝက်အတွင်းမှာ သေဆုံးသူ ၄၃ ဦး ရှိခဲ့ပါတယ်။ မေလအတွင်းမှာလည်း မနည်း ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ မုန်တိုင်ပင် ဖြစ်စဉ်မှာတင် သေဆုံးသူ ၃၀ ဝန်းကျင်လောက် ရှိခဲ့ပါ တယ်။

အများစုဟာ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရတာ၊ လူမဆန်အောင် နှိပ်စက်ခံရတာတွေ ရှိခဲ့သလို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံရတာတွေတောင် ရှိခဲ့ပါတယ်။

ဇွန်လအတွင်းမှာ ဂန့်ဂေါ၊ ရွှေဘို၊ မြင်းမူ၊ ပခုက္ကူ၊ ရေစကြိုစတဲ့ ဒေသတွေက ဒေသခံ ပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ကူညီရေးအသင်း (AAPP) က ပြုစုထားတဲ့ စာရင်းတွေအရ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အရပ်သားတွေ အသတ်ဖြတ်ခံရဆုံး နေရာဟာ အညာဒေသတွေပဲ ဖြစ်နေပြန်ပါတယ်။

စစ်ကိုင်းတိုင်းမှာ ၄၆၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ မကွေးမှာတော့ ၁၂၄ ဦး သတ်ဖြတ်ခံခဲ့ရတာကို တွေ့ရပါတယ်။ မြေပြင်မှာ တွေ့ရှိရတဲ့ သတင်းအချက်အလက်တွေနဲ့ အတည်မပြုနိုင်တဲ့ ဖြစ်စဉ်တွေ အမြောက်အမြားရှိတာကြောင့် သေဆုံးသူဦးရေဟာ စာရင်းထဲကထက် များနိုင်ပါတယ်။

စစ်ကောင်စီဟာ ရင်ဆိုင် တိုက်ပွဲတွေမှာ ထိခိုက်ဆုံးရှုံးမှု များလာတဲ့အတွက် ရွာတွေကို မြေလှန်မီးတိုက်၊ လူတွေကို သတ်ဖြတ်တဲ့ ဗျူဟာကို ပိုပြီး ကျင့်သုံးလာတာပါ။

ဒီနည်းလမ်းက သူတို့အတွက် ပိုအထိအခိုက် နည်းပြီး လွယ်ကူတဲ့အတွက်ပါ။ စစ်တပ်က အစဉ်အဆက် ကျင့်သုံးနေ ကြဖြစ်တဲ့ ဖြတ်လေးဖြတ် မဟာဗျူဟာဆိုရင်လည်း မမှားပါဘူး။

PDF တွေအတွက် အထောက်အပံ့ မရအောင်၊ အကာကွယ်ပေးနိုင်မယ့်နေရာ မရှိအောင်၊ ပြည်သူ ထောက်ခံမှု မရ အောင်၊ ပြည်သူလူထုရဲ့ အကြောက်တရား ပိုပြီး ကြီးထွားလာအောင် ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။

ဒီလို ဆိုးရွားတဲ့ ပြစ်မှုတွေကို ကျူးလွန်နေတာကဟာ တကယ့်ကို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးပြီး တိုက် ခိုက်နေတာပဲ ဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ ဒါ့ပြင် ဒီဖြစ်ရပ်တွေဟာ နိုင်ငံတကာ သတ် မှတ်ချက်တွေအရ တကယ်တမ်းတော့ စစ်ရာဇဝတ်မှုလည်း မြောက်ပါတယ်။

“သူတို့ ဗျူဟာကတော့ အောက်တန်း အကျဆုံးအဆင့်ကို ရောက်ရှိသွားပြီ။ လက်နက်အကောင်းတွေ ကိုင်တယ်။ တင့် ကား၊ လက်နက်ကြီး၊ အမြောက်တွေ သုံးတယ်။ ဒါလည်း မနိုင်ဘူး။ မနိုင်ရင် ရွာတွေကို မီးရှို့တယ်။ အဲဒါက သူတို့ရဲ့ ဗျူဟာပဲ။ သူတို့ ဗျူဟာကတော့ ကမာ္ဘမှာ အောက်တန်း အကျဆုံး ဇီးရိုးအောက်ကနေ အနုတ်တောင်ပြနေတဲ့ ဗျူဟာ လို့ပဲ သတ်မှတ်တယ်” လို့ ဗိုလ်နဂါးက ဆိုပါတယ်။

ပြေးစရာမြေ မရှိတဲ့ စစ်ဘေးရှောင်တွေ

ဗိုလ်နဂါး ပြောသလိုပဲပါ။ စစ်ကောင်စီတပ်ရဲ့ အောက်တန်းကျလှတဲ့ ဒီဗျူဟာမှာ ထိခိုက်ခံစားရဆုံးက ပြည်သူတွေပဲ ဖြစ်နေပါတယ်။

“နီးစပ်ရာ တောတွေထဲ တဲထိုးနေရတာပေါ့။ စစ်ကြောင်းက မြောက်ဘက်ကလာရင် တောင်ဘက် တဲတိုက်တွေဆီ ပြေးရတယ်။ တောင်ဘက်ကလာရင် မြောက်ဘက် တဲတိုက်တွေကို ပြေးရတာ” လို့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဒေသ ခံတဦးက ဆိုပါတယ်။

မကွေးတိုင်းအတွင်းရှိ မီးရှို့ခံရသည့် ကျေးရွာများ

မထင်ရင် မထင်သလို သတ်ဖြတ်နေတာတွေ၊ နေအိမ်တွေကို မီးရှို့နေတာကြောင့် စစ်ကောင်စီတပ်တွေ လာပြီဆိုတာနဲ့ ရွာမှာ ဘယ်သူမှကို ချန်မနေရဲတော့လောက်အောင် တောင်ပြေး၊ မြောက်ပြေးနဲ့ ပြေးရပါတော့တယ်။

မပြေးဘဲ ရွာမှာ ကျန်နေခဲ့သူတွေဟာ တမျိုးမဟုတ်တမျိုး ဒုက္ခကြုံတွေ့နိုင်သလို အသက်တောင် ဆုံးရှုံးနိုင်ပါတယ်။
ဒီဇွန်လထဲမှာပဲ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က တောင်ပလူရွာက အသက် ၆၅ နှစ်အရွယ် ဦးစိုးဟန်ဟာ သတ်ဖြတ်ခံခဲ့ ရသလို အရှေ့ကမ်းဖြူရွာက လေဖြတ်နေတဲ့ အသက် ၇၀ အရွယ် ဒေါ်အေးမေဟာ အိမ်နဲ့အတူ မီးရှို့ သတ်ဖြတ်ခံခဲ့ရပါ တယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သာဂရ ကျေးရွာမှာလည်း အသက် ၇၈ အရွယ်အဘွား ၁ ဦး မီးရှို့သတ်ဖြတ် ခံခဲ့ရပါတယ်။
ဒီလူတွေဟာ စစ်ကောင်စီတပ်တွေကို ရန်ပြုနိုင်စွမ်း မရှိရုံတင်မကဘဲ မပြေးနိုင်မလွှားနိုင်လို့ ရွာမှာ ကျန်ရစ်ခဲ့သူတွေပါ။ ဒါပေမယ့် စစ်တပ်ကတော့ သူတို့ကို ပျော်ပျော်ကြီး သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ တရွာပြီးတရွာ ဖြတ်သန်းပြီး စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံတွေဟာလည်း တရွာကနေ တရွာကို ဆက်တိုက် ပြေးရှောင်နေရပါတယ်။

တိုက်ပွဲတွေကလည်း မရပ်မနား ဖြစ်နေတာကြောင့် မရပ်မနား ပြေးနေရသလို ရှာဖွေ စားသောက်ဖို့ ဆိုတာ ဝေလာ ဝေးပါ။ အချိန်တိုင်း ပြေးနေရတဲ့ အခြေအနေကို ကြုံနေရတာကြောင့် အမြဲတမ်းကို ပြေးဖို့ အသင့်ပြင်ထားရ ပြန်ပါ တယ်။

“အပေါ်ကနေ ဗုံးကြဲ အိမ်တွေ မီးရှို့ဖျက်ဆီး လူတွေ အစားမဲ့ အနေမဲ့ အကြောက်ကြောက်အလန့်လန့် စားရတဲ့ ထမင်း တလုတ် မြိုမကျအောင် လုပ်နေတာ” လို့ ယင်းမာပင်မြို့နယ်က ပြည်သူတဦးက ဆိုပါတယ်။

ဒါတင် မကသေးပါဘူး။ မပြေးနိုင် မလွှားနိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကိုတော့ ရွာထဲမှာထက် တောထဲမှာပဲ ထားကြရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေလို စိုးမိုးနယ်မြေ ပီပီပြင်ပြင် မရှိသေးတာကြောင့် စစ်ရှောင်စခန်းလည်း ပီပီပြင်ပြင် မရှိပြန်ပါဘူး။ ဒါကြောင့် စစ်ဘေးရှောင်တွေ အတွက်ကတော့ တရွာပြီး တရွာ လှည့်ပတ်ပြေးနိုင်ရုံမှ တပါး အခြား မရှိပါဘူး။

“ဘယ်နေရာမှ ပြည်သူတွေ အတည်တကျ နေလို့ မရဘူး။ စိတ်ပျက်စရာ ကောင်းတယ်။ မိုးကလည်း ကျလာပြီ။ ဒါကြောင့် ကျနော်တို့က တော်လှန်ရေးကို လောနေရတာ” လို့ ဗိုလ်နဂါးက ဆိုပါတယ်။

အခုဆိုရင် စစ်ကိုင်းတိုင်းက မြို့နယ် ၇၀ ကျော်မှာ တိုက်ပွဲ မဖြစ်တဲ့နေရာ မရှိသလို၊ မကွေးတိုင်းတဝက်လောက်က လည်း တိုက်ပွဲဧရိယာ ဖြစ်နေပါတယ်။

စစ်ဘေးရှောင်တွေ တနည်းအားဖြင့် ဒေသခံတွေဟာ ပြေးစရာမြေ မရှိတော့သလောက်ပါပဲ။

ဒီဖြစ်ရပ်တွေကို ရပ်တန့်နိုင်ဖို့ လုံခြုံရေးအာမခံချက် ရှိမယ့် စိုးမိုးနယ်မြေ၊ လွတ်မြောက်နယ်မြေတခုကို NUG နဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ရအောင် လုပ်ဆောင်ရမှာ ဖြစ်သလို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဖိအားတွေ၊ အကူအညီတွေနဲ့ စစ်ဘေးရှောင်တွေအတွက် ခိုလှုံရာ ဖန်တီးပေးနိုင်တာမျိုး မရှိသေးသမျှ အရပ်သားတွေ ရာနဲ့ချီပြီး စစ်တပ်ရဲ့ လက်ချက်နဲ့ ဆက်လက် သေဆုံးနေရဦးမှာလည်း ဖြစ်ပါတယ်။

You may also like these stories:

ဒီပဲယင်းကို အာဏာသိမ်းတပ်က လေကြောင်း စစ်ဆင်ရေးလုပ်၊ ဒေသခံများ ထွက်ပြေး

စစ်ကိုင်းတိုင်းအတွင်းက အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် ပကဖများ သတိပေး

ဝက်လက် အရှေ့ခြမ်းကျေးရွာများ ဆက်တိုက် မီးရှို့ခံနေရ

စစ်ခေါင်းဆောင်တွေကို ကြိုးကွင်းစွပ်မယ့် မုံတိုင်ပင်က သက်သေတွေ

စစ်ကိုင်းတိုင်းကို အမှုန့်ချေပစ်မယ်တဲ့လား

Loading