နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေက မြန်မာရဲ့အကျိုးအမြတ်များတဲ့ ကျောက်မျက်ရတနာလုပ်ငန်းကို ဆက်လက် အကျပ်အတည်းဖြစ်စေပြီး အဓိက ကျောက်တူးဖော်တဲ့ ဒေသတွေကို ဆုံးရှုံးနေတဲ့အချိန်မှာ စစ်အုပ်စုက နိုင်ငံရဲ့ အဖိုးတန် ပတ္တမြားနဲ့နီလာတွေ တရုတ်နိုင်ငံကို ရောင်းဖို့ ကြိုးစားနေတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်အုပ်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “The Soul Treasure of Myanmar” လို့ အမည်ပေးထားတဲ့ ဈေးရောင်းပွဲကို တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ်းပြည်နယ်၊ နန်နင်းမှာ ပြုလုပ်တယ်။
အဲဒီပွဲမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေဝန်ကြီး ဦးချစ်ဆွေက မြန်မာ့ပတ္တမြားနဲ့နီလာ အရည်အသွေးကို အသားပေးပြောပြီး မြန်မာက နီလာဟာ သီရိလင်္ကာပြီးရင် ကမ္ဘာမှာ ဒုတိယအကောင်းဆုံးလို့ ပြောတယ်။ စစ်အုပ်စုရဲ့ တရုတ်ဈေးကွက် ထိုးဖောက်ဖို့ ရည်ရွယ်ချက်ကို သူက အလေးထားပြောပြီး မြန်မာ့ကျောက်စိမ်းဟာ အိမ်နီးချင်း တရုတ်မှာ လူကြိုက်များသလိုပဲ အဲဒီကျောက်မျက်ရတနာတွေက တရုတ်ဝယ်လက်တွေကို ဆွဲဆောင်မယ်လို့ ပြောတယ်။
အဲဒီပွဲမှာ ရန်ကုန်တိုင်း ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်က မြန်မာ့ ကျောက်မျက်ဈေးကွက် အလားအလာကို တက်ရောက်သူတွေအား ပြောကြားပြီး အဲဒီအဖွဲ့နဲ့ မြန်မာကုန်သွယ် ရေးစင်တာ(ဟိုင်နန်) တို့ဟာ မြန်မာ့ကျောက်မျက်တွေကို တရုတ်မှာ ရောင်းချဖို့သဘောတူတဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတယ်။
အဲဒီ အရောင်းမြှင့်တင်ပွဲဟာ ကွမ်ရှီး၊ ကွမ်တုန်း၊ ဟူနန်၊ ယူနန်၊ ဟိုင်နန်၊ ဟောင်ကောင်၊ မက္ကာအိုနဲ့ တခြား တရုတ်ဒေသတွေက စီးပွားရေးကိုယ်စားလှယ်တွေကို ဈေးကွက်အလားအလာနဲ့ ဆွဲဆောင်တယ်လို့ စစ်အုပ်စု မီဒီယာက ဖော်ပြတယ်။
အဲဒီအရောင်းမြှင့်တင်ပွဲက မြန်မာကျောက်ကုန်သည်တွေနဲ့ တရုတ်ဝယ်လက်တွေကို ဆက်သွယ်ပေးမယ်လို့ ဝန်ကြီး ဦးချစ်ဆွေက ပြောတယ်။
ကျောက်မျက်ကဏ္ဍဟာ မြန်မာရဲ့ အဖိုးအတန်ဆုံး နိုင်ငံခြားငွေရင်းမြစ်ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်က ကျောက်မျက်ကုန်သွယ်ရေး အပါအဝင် စစ်အုပ်စု ဝင်ငွေစီးကြောင်းတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့တယ်။
စစ်အုပ်စုဟာ နေပြည်တော်မှာ နှစ်စဉ် ကျောက်မျက်ရတနာပြပွဲ ဆက်လက်ပြုလုပ်ပြီး တရုတ်ဝယ်လက်တွေကို ဆွဲဆောင်တယ်။ အခု စစ်အုပ်စုဟာ နွေးထွေးလာတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အသုံးချပြီး ပတ္တမြားနဲ့နီလာ တရုတ်သို့ တင်ပို့မှုကို တရားဝင်အောင်လုပ်ဖို့ ကြိုးစားနေတယ်။
အဲဒီ ဈေးကွက်မြှင့်တင်ရေး အားထုတ်မှု မတိုင်ခင် ရက်သတ္တပတ် အနည်းငယ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ခေါ်မှုနဲ့ တရုတ်နိုင်ငံကို သူ့ရဲ့ပထမဆုံး တရားဝင် ခရီးစတင်တယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေဖို့ နှစ်ဖက် သဘောတူကြတယ်။

မြန်မာ့ ပတ္တမြားနဲ့ နီလာဟာ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်က အဓိကထွက်တယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ သူ့ရဲ့မဟာမိတ် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေက အဲဒီဒေသကို သိမ်းပိုက်တဲ့အခါ စစ်အုပ်စု ထိန်းချုပ်မှု ဆုံးရှုံးတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ TNLA က အသေးစား ကျောက်တူးဖော်မှုတွေကို ခွင့်ပြုတယ်။ စစ်အုပ်စုနဲ့ပတ်သက်တဲ့ ကုမ္ပဏီကို ကျောက်တူးဖော်ခွင့် ပိတ်ပင်ထားပေမဲ့ အကြီးစား ကျောက်မျက်တူးဖော်မှုတွေကို TNLA ခေါင်းဆောင်တွေနဲ့ ပြည်ပစီးပွားရေး အကျိုးစီးပွားနဲ့ ပတ်သက်သူတွေကို၊ အထူးသဖြင့် တရုတ်နဲ့ မြန်မာက ဝပြည်နယ်က လူတွေကို အကြီးစား ကျောက်တူးဖော်ခွင့် ပေးထားပြီး အဲဒီကျောက်တူးဖော်ရေး လုပ်ငန်းတွေက သဘာဝပတ်ဝန်းကျင်ကို အပြင်းအထန် ထိခိုက်စေတယ်လို့ ဒေသခံတွေက စွပ်စွဲတယ်။
ဝပြည်နယ်ကို မြန်မာ့အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ထိန်းချုပ်ထားတယ်။
နိုင်ငံရဲ့သယံဇာတတွေကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူမှုတွေကို တရားစွဲမယ်လို့ ခြိမ်းခြောက်ပြီး စစ်အုပ်စုက တုံ့ပြန်ကာ မိုးကုတ်အပါအဝင် တော်လှန်ရေးအင်အားစု ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု လုပ်တယ်။
စစ်အုပ်စုကို ထိုးစစ်ရပ်ဖို့ TNLA ကို တရုတ်က ဖိအားပေးပြီး တရုတ်ဝယ်လက်တွေဆီ ကျောက်မျက် ရောင်းဖို့ စစ်အုပ်စုရဲ့ ကြိုးစားမှုကို ကြိုဆိုပုံရပြီး မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အရေးပါတဲ့ ဘဏ္ဍာရေး အသက်သွေးကြောကို ထောက်ပံ့ပုံရတယ်။
Global Witness အစီရင်ခံစာအရ ၁၉၉၀ ပြည့်နှစ်များက စတင်ပြီး မြန်မာစစ်တပ်ဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) တို့ကနေ နိုင်ငံရဲ့ ပတ္တမြားတူးဖော်ရေး လုပ်ငန်းအပေါ်ထိန်းချုပ်မှု ခိုင်မာအောင်လုပ်တယ်။ အဲဒီလုပ်ငန်း နှစ်ခုလုံးကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိန်းချုပ်ထားတယ်။
စစ်တပ်ဟာ အကျိုးအမြတ်များတဲ့ ပတ္တမြားတူးဖော်ရေးလုပ်ငန်းကို UWSA, ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) နဲ့ ရှမ်းပြည်နယ်က အခြားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ကျောက်တူးဖော်ခွင့်ပေးတယ်။ ပုံမှန်အားဖြင့် ရန်သူတွေဖြစ်ပေမဲ့ အဲဒီအဖွဲ့တွေဟာ ကျောက်မျက်တူးဖော်တဲ့ လုပ်ငန်းကနေ အကျိုးအမြတ်ရကြပြီး စစ်တပ်နဲ့ စီးပွားရေးဆက်ဆံရေးကို အပေးအယူ လုပ်ကြတယ်လို့ Global Witness က ပြောတယ်။
Global Witness အစီရင်ခံစာအရ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းဟာ တရားဝင် ထုတ်လုပ်မှု အချက်အလက်အရ တနှစ်ကို ဒေါ်လာ ၃၄၆ သန်းကနေ ၄၁၅ သန်းအထိ တန်တယ်လို့ သိရတယ်။ ဒါပေမဲ့ အမှန်တကယ် ထုတ်လုပ်မှုက အဲဒီပမာဏရဲ့ ငါးဆလောက်အထိရှိတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta Pushes Ruby and Sapphire Sales to China Amid Sanctions ကို ဘာသာပြန်သည်။)
You may also like these stories:
သယံဇာတများ စည်းမဲ့ကမ်းမဲ့ ထုတ်ယူခြင်းကြောင့် သဘာဝဘေးဒဏ် ပိုခံရသည်
စီးပွားရေးပြိုကွဲနေချိန် ကျောက်မျက်ရောင်းရာမှ စစ်ကောင်စီ ဒေါ်လာသန်းချီရ
ကျောက်မျက်ကျောက်စိမ်း မှောင်ခိုမှုကြောင့် ဘီလျံချီ ဆုံးရှုံးနေ
ကျောက်မျက် ရတနာများကို အောက်ဈေးနှင့် ထုတ်ရောင်းနေရဟု ဆို














