ပြီးခဲ့သည့်ရက်က စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်မှ အနားပေးခံရသော ဦးသန့်စင် နှင့် ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်တို့အား စစ်ကော်မရှင်မှ တရားစွဲဆိုရန် လုပ်ဆောင်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များက ပြောသည်။
စက်သုံးဆီသွင်းရာတွင် ဒေါ်လာဈေးကစားခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများရပ်များကြောင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတချို့နှင့် ပြည်ပမှ စက်သုံးဆီတင်သွင်းနေသည့် လုပ်ငန်းရှင်တချို့ကို နိုဝင်ဘာလဆန်းပိုင်းက စစ်ကော်မရှင်မှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“စွဲမယ့်ပုဒ်မတွေကတော့ များမယ် အဂတိလည်း ပါတယ်။ ဝန်ကြီးချုပ်နဲ့ ဒေါ်ကြူကြူလှ မကယ်ရင် ထောင်ကျမှာ” ဟု ဧရာဝတီ သတင်းရင်းမြစ်တဦးက ပြောသည်။
ဦးသန့်စင်သည် ဝန်ကြီးချုပ် ဦးညိုစောနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၂၃ တွင် အတူတက်ခဲ့ကြပြီး အလွန်ခင်မင် ရင်းနှီး သူများ ဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးချုပ် ဦးညိုစောမှ ဦးသန့်စင်အား စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကော်မတီဥက္ကဋ္ဌသည် စစ်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရာတွင် အရေးပါသည့်ရာထူးဖြစ်ပြီး လာဘ်လာဘ အလွန်ရသော ရာထူးလည်း ဖြစ်သည်။
ဒုဝန်ကြီး ဦးသန့်စင်အား စစ်ထောက်လှမ်းရေးများမှ ဖမ်းဆီးစစ်ဆေးခြင်းသည် ဝန်ကြီးချုပ် ဦးညိုစောနှင့် စစ်ထောက် လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့၏ အားပြိုင်မှုကို မြင်ရသည့်ဖြစ်ရပ်တခု ဖြစ်သည်ဟုလည်း ပြည်တွင်း လုပ်ငန်း ရှင်တချို့က သုံးသပ်ကြသည်။
နိုဝင်ဘာလလယ်ပိုင်းက ဒုဝန်ကြီး ဦးသန့်စင်နှင့် စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော် တို့ကို ထိန်းသိမ်း စစ်ဆေးခဲ့ပြီးနောက် နိုဝင်ဘာ ၂၅ ရက်တွင် ဦးသန့်စင်အား ဒုဝန်ကြီး တာဝန်မှရပ်စဲကြောင်း စစ်ကော်မရှင်က သတင်း ထုတ်ပြန်ခဲ့သည်။
ယခင် ထိုကော်မတီတွင် တာဝန်ယူခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် နှင့် ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးတို့ကိုလည်း စီးပွားရေးလုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေ အဂတိလိုက်စားမှုများ ပေါ်ပေါက်ပြီးနောက် စစ်ကော်မရှင်က ဖမ်းဆီး စစ်ဆေးခဲ့သည်။
ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးကို ရာထူးလုပ်ပိုင်ခွင့်အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့် ကျပ်ငွေ လဲလှယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဒေါ်လာနှင့်ကျပ်ငွေများလက်ခံရယူခဲ့ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအား ဒုဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင် လက်ဝယ်ထားရှိ ခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ခြင်းတို့ ကျူးလွန်ခဲ့သဖြင့် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တသက်တကျွန်းဒဏ် ချမှတ်ခဲ့ ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ၂၀၂၃ အောက်တိုဘာလအတွင်း ဖျက်သိမ်းခဲ့ပြီး အသစ်ပြန်ဖွဲ့စည်းရာ၌ ဦးသန့်စင်က ကော်မတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
You may also like these stories:
လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား
ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ
ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်အပါအဝင် လုပ်ငန်းရှင်တချို့ကို တရားစွဲရန် စီစဉ်နေ














