မိုးရွာသွန်းမှုများသဖြင့် မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၇၀ ကျော် ရေနစ်မြုပ်ခဲ့ရာ အစားအစာ၊ သောက်သုံးရေများနှင့် ကူညီကယ်ဆယ်ရေးများလိုအပ်နေသည်။
မင်းတုန်းချောင်းတလျှောက်ရှိ ကျေးရွာ ၄၀ ကျော်နှင့် လွှာချောင်းတလျှောက်ရှိ ကျေးရွာပေါင်း ၃၀ ကျော်တို့မှာ အရေးပေါ် အကူအညီများလိုအပ်နေပြီး၊ ရွာချင်းဆက် လမ်းများလည်း ရေနစ်မြုပ်နေသည့်အတွက် သွားရောက်ကူညီနိုင်ရန် စက်လှေများလိုအပ်နေသည်။
မင်းတုန်းမြို့ တွဲလက်လူငယ်ပရဟိတအဖွဲ့ အတွင်းရေးမှူး ကိုမင်းထက်ကောင်းက “ကျွဲနွားတွေ တိရစ္ဆာန်တွေ များသော အားဖြင့် ဒုက္ခရောက်ကြတယ်။ လူလည်း နှစ်ယောက်လောက်သေတယ် ကြားထားတယ်၊ အစိုးရကလည်း ကူညီပေမယ့် စက်လှေအင်အားက မလုံ လောက်ဘူး၊ တွဲလက်လူငယ် ပရဟိတအသင်းကလှူပေမယ့် ငွေကြေးအင်းအားနဲ့ ပစ္စည်းအင်းအားမပြည့်စုံတာတို့ကြောင့် ပြင်ပအလှူရှင်တွေ များစွာလိုအပ်နေပါတယ်” ပြောသည်။
တောင်မြင့်ကျေးရွာမှ ဦးစိုးဝင်းအဆိုအရ ဇွန်လ ၁၁ ရက်နေ့ ညပိုင်းမှာ ရေများစတင်ဝင်ရောက်လာခြင်းကြောင့် အသက် အရွယ်ကြီးရင့်သူများနှင့် ကျွဲနွားများကို ကုန်မြင့်သို့ အချိန်မှီရွှေ့ပြောင်းပေးနေရတာကြောင့် ဆန်၊ စပါး၊ ပဲ နှင့် ကုန်ခြောက် များ ဆုံးရှုံးခဲ့ရကြောင်း ပြောသည်။
လက်ရှိတွင် မင်းတုန်းမြို့ပေါ်ရှိ နိုင်ငံရေးပါတီတွေ၊ ပရဟိတအဖွဲ့တွေနဲ့ မြို့ခံ တသီးပုဂ္ဂလအလှူရှင်တွေနဲ့ ကူညီကယ် ဆယ်မှု တွေပြုလုပ်နေရပြီး ပြင်ပ အကူအညီတွေလိုအပ်လျှက်ရှိကြောင်းသိရသည်။