မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတိုးသဖြင့် ကရင်ပြည်နယ် ဘားအံ၊ မြဝတီနှင့် လှိုင်းဘွဲ့နှင့် မွန်ပြည်နယ် ဘီးလင်း၊ သထုံမြို့နယ်များ၌ ရေကြီးရေလျှံနေပြီး ဒေသခံများ ရေလွတ်ရာသို့ရွှေ့ပြောင်းနေရကြောင်း ကယ်ဆယ်ရေးအသင်း အဖွဲ့များက ဆိုသည်။
သံလွင်၊ သောင်ရင်း၊ ဘီးလင်းမြစ်ရေမှာ မြင့်တက်လာနေသဖြင့် အဆိုပါ ဘားအံ၊ မြဝတီ၊ ဘီးလင်း၊ သထုံတို့၏ စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း ထုတ်ပြန်သည်။
ထိုသို့ မြစ်ရေတိုးသည့်အပြင် မိုးကလည်း အဆက်မပြတ် ရွာသဖြင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်ကစ၍ ရေဝင်ရောက်ခဲ့ပြီး ယနေ့တိုင် ဘီးလင်းမြို့ပေါ် ရပ်ကွက် ၅ ခုက အနိမ့်ပိုင်းရှိ နေအိမ်များအပြင် အနီးဝန်းကျင်ရှိ ကျေး ရွာပေါင်း ၂၀ ကျော် ရေကြီးရေလျှံ ဖြစ်ပေါ်နေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များထံမှ သိရသည်။
ဘီလင်းမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက “ရေကတော့ တော်တော်တက်နေတယ်။ မြို့ပေါ် ၅ ရပ်ကွက်လုံးက မြေနိမ့်ပိုင်းတွေ အကုန် မြုပ်နေတယ်။ အခုလည်း မိုးရွာနေတယ်။ ကယ်ဆယ်ရေးစခန်းက နီးစပ်ရာ စာသင်ကျောင်း တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဖွင့်ထားတယ်” ဟု ပြောသည်။
ဘီးလင်းမြို့နယ် ရန်ကုန်- မော်လမြိုင်ကားလမ်းတွင်လည်း ရေစတက်နေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များ သတိထား စောင့်ကြည့်နေကြကြောင်းနှင့် ယခုနှစ် မြစ်ရေကြီးခြင်းသည် ယခင်နှစ်များလောက် ထိခိုက်သေဆုံးမှု မရှိသော်လည်း လယ်ဧကများ ပျက်စီးမှု ရှိကြောင်း သိရသည်။
ထို့ပြင် ဘီးလင်းမြစ်ရေသည် ယမန်နေ့တွင် ရောက်ရှိခဲ့သည့် ရေအမှတ်ထက်၂၇ စင်တီမီတာ ထပ်တိုးလာပြီး ဘီး လင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် ၁ ပေခွဲခန့် ကျော်လွန်နေကာ နောက် ၁ ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကို ပိုင်းခြားထားသည့် သောင်ရင်းမြစ်ရေသည်လည်း မြဝတီမြို့၏ စိုးရိမ်ရေ အမှတ်အထက်သို့ ၃ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အမှတ် ၁၊ ၂ နှင့် ၅ ရပ်ကွက်ရှိ မြေနိမ့်ပိုင်း နေအိမ်များ ယနေ့ နံနက် အစောပိုင်း ကတည်းက ရေဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ ရေဘေးသင့်ဒေသများတွင် ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်ကဲ့သို့ ကယ်ဆယ်ရေးပြုလုပ်သူများ မရှိ သလောက် နည်းပါးနေပြီး ရေဘေးသင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း၊ ရေဝင်ရောက်နေသည့် မြဝတီမြို့၊ အမှတ် ၂ ရပ်ကွက် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
“ဘယ်ပရဟိတမှ မလာဘူး။ ဘယ်သူမှ ထမင်းလည်း မလာဘူး။ ဟင်းလည်း မလာဘူး။ ရှိရင်စား၊ မရှိရင် မစားရဘူး။ အရင်တုန်းက ဒီလိုဖြစ်နေပြီဆို လှေနဲ့ ကယ်ဆယ်ရေးလာပြီ။ ထမင်းတွေ ဟင်းတွေ ဝေတယ်။ မခွဲခြားဘူး။ အခုက ခွဲခြားတယ်။ အခုခေတ်ကတော့ အခက်အခဲရှိနေတာပေါ့။ စားဝတ်နေရေးကအစ ကိုယ့်ဒူးကိုယ်ချွန် ဖြစ်သွားပြီ” ဟု ၎င်းက ပြောသည်။
အလားတူပင် သံလွင်မြစ်ရေသည် ကရင်ပြည်နယ်၊ ဘားအံမြို့၏ စိုးရိမ်ရေ အမှတ်အထက် ၂ ပခန့် ကျော်လွန်နေပြီး ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သည့် အမှတ် ၁၊ ၅ တို့တွင် ရေဝင်သဖြင့် ဒေသခံများအရေးပေါ် ပြောင်း ရွှေ့မှုများ ပြုလုပ်ရသည့်အပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင်လည်း မြေနိမ့်ပိုင်းနေအိမ်များ အတွင်း ရေဝင်ရောက်နေကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်ရှိ နန့်ယင်းမြစ်ရေသည်လည်း ယနေ့နံနက်တိုင်းထွာချက်အရ မိုးကောင်းမြို့၏ စိုးရိမ် ရေအမှတ် ၆၀၀ စင်တီမီတာထက် ကျော်လွန်၍ ၆၁၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ခဲ့သဖြင့် မိုးကောင်းဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ သတိထားစောင့်ကြည့်နေ ကြောင်း သိရသည်။
You may also like these stories:
ရခိုင်နှင့်ဒေသတချို့ မိုးကြီးခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ဟု မိုး/ဇလ သတိပေး
မုန်တိုင်းအလွန် ရခိုင် ပေါက်တောတွင် ဝမ်းလျှောနေကြ