ကျွန်းလှမြို့နယ် ရဲမှူးနှင့်စခန်းမှူး အပါ ၅ ဦးအား အဂတိမှုဖြင့်အရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ သဖန်းဆိပ်ဆည် ရေဝပ်ဧရိယာအတွင်း တရာမဝင်ရွှေမျောလုပ်ကိုင်သူများထံမှ ငွေကြေးတောင်းခံရယူခဲ့သည်ဟုဆိုကာ ကျွန်းလှမြို့နယ် ရဲမှူးနှင့်စခန်းမှူး အပါ ၅ ဦးအား ယနေ့အမှုဖွင့် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။
ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဦးသည် ကျပ် ၅ သိန်းခွဲကိုလည်းကောင်း၊ စခန်းမှူး ဒုတိယရဲမှူး သန်းထိုက်သည် ကျပ် ၁၀ သိန်း ၄ သောင်းကိုလည်းကောင်း၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ် မျိုးလွင်သည် ကျပ် ၂ သိန်းခွဲကိုလည်းကောင်း၊ ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် ရဲလင်းသည် ကျပ် ၂ သိန်းကိုလည်းကောင်း တရားမဝင် ရွှေမျောလုပ်ကိုင်သူများထံမှ အသီးသီးရယူခဲ့ကြောင်း ကော်မရှင်က ပြောထားသည်။
ယင်းအပြင် ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကို အနေဖြင့်လည်း တရားမဝင် ရွှေမျော လုပ်ကိုင်သူများထံမှ ငွေကျပ် ၃ သိန်းရယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့ ၅ ဦးအနေဖြင့် ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ကျွန်းလှမြို့မရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပထမ သတင်းပေးတိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်ပြီး တရားစွဲတင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။