သတင်းတို

Cobra Gold စစ်လေ့ကျင့်မှု မြန်မာစစ်တပ်ကို လေ့လာသူအဖြစ် တက်ခွင့်မပြုတော့

ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပနေသည့် ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်မှုတွင် မြန်မာစစ်တပ်အား လေ့လာသူအဖြစ် တက်ရောက်ခွင့် မပြုကြောင်း ယနေ့ထုတ် Bangkok Post သတင်းကဆိုသည်။

ထိုင်း ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာတာပိုလ် ဘွန်ငါရမ်နှင့် အမေရိကန် သံရုံးတာဝန်ခံ မိုက်ကယ် ဟက်သ်တို့ တော်ဝင် ထိုင်းစစ်ရုံးချုပ်၌ ပြုလုပ်သည့် အခမ်းအနားတွင် ယင်းကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ကျင်းပမည့် ရွှေမြွေဟောက် (Cobra Gold) စစ်ရေး လေ့ကျင့်မှုကို COVID- 19 ကြောင့် ယခင်တပ်ဖွဲ့ဝင် ၈,၉၆၅ ဦးမှ ၃,၄၆၀ သို့ လျှော့ချမည်ဟုလည်း သိရသည်။

ထို့အပြင် မြန်မာစစ်ကောင်စီကို ဆန့်ကျင်ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များကို ယခု စစ်ရေး လေ့ကျင့်မှုမှတဆင့် အမေရိကန်က လျှို့ဝှက်စွာ လက်နက် ထောက်ပံ့ခွင့်ပေးနိုင်သည်ဆိုသော ကောလာဟလများကို ဗိုလ်ချုပ်ကြီး နာတာပိုလ်က ငြင်းဆိုသွားသည်။

ထိုင်းနှင့် အမေရိကန်တို့ ပူးပေါင်းကာ မြန်မာသို့ ကိုဗစ်ဆေးဝါးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးရန်သာ လုပ်ဆောင်နေကြောင်းလည်း အမေရိကန် သံရုံးတာဝန်ခံ မိုက်ကယ် ဟက်သ်က ပြောသည်။

ထိုင်းနှင့် အမေရိကန်နိုင်ငံတို့ ပုံမှန် ပူးတွဲလေ့ကျင့်သည့် Cobra Gold စစ်ရေးလေ့ကျင်မှုကို ၁၉၈၂ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး ထိုင်း၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများမှ စစ်သည်များ ပါဝင်လေ့ကျင့်ကြသကဲ့သို့ ၂၀၁၃ခုနှစ်မှစ၍ မြန်မာစစ်တပ်မှ ဗိုလ်ချုပ်အဆင့်ရှိ အရာရှိများ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Loading