သတင်းတို

ညောင်ချောင်းရွာ တိုက်ပွဲ၌ တပ်မ ၄၄ ဗျူဟာမှူး သေဆုံးဟု KNU ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူး- ဝေါလေ လမ်းပိုင်းတွင် စစ်ဆင်ရေးလုပ်နေသော စစ်ကောင်စီ တပ်မ ၄၄ ၏ ဗျူ ဟာမှူး တဦးသည် ယနေ့ မနက် ထိတွေ့တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ တာဝန်ရှိသူတဦးထံမှ သိရသည်။

သေဆုံးသူမှာ တပ်မ ၄၄မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ဆိုသူ ဖြစ်ပြီး၊ ယနေ့နံနက်က ဖြစ်ပွားသည့် ဝေါလေနှင့် သေဘောဘိုးကြား ကျောက်ခက်ရွာ အထက်ရှိ ညောင်ချောင်းကျေးရွာ (ခလက်ကလိုး) တိုက်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခတ်ခံရမှုကြောင့် ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ဗျူဟာမှူး သေဆုံးသည့် သတင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဧရာဝတီက စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။

ယခုနှစ် ဇူလိုင်လဆန်းကစ၍ သေဘောဘိုးစခန်း ပြန်လည်ရရှိရေး ထိုးစစ်ဆင်လာသည့် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများအား ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းအဖွဲ့ Cobra စစ်ကြောင်းနှင့် မဟာမိတ် တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များသလို သုံးလကျော်ကြာသည် အထိ သေဘောဘိုး စခန်းအား ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

အဆိုပါ သေဘောဘိုးစခန်းအား သုံးလအတွင်း ပြန်လည်ရရှိရေး စစ်ကောင်စီဘက်မှ တပ်မ ၄၄ နှင့်စကခ (စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) ၁၃ စသည့် တပ်မ တို့ပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း အကျအဆုံး များခြင်း၊ ရှေ့တန်းနယ်မြေမှ စစ်သားများ CDM ပြုလုပ်သူ များနေခြင်း တို့ကြောင့် သုံးလအတွင်း သေဘောဘိုး စခန်းအား ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိ ဖြစ်နေသည်။

ထို့ပြင် စက်တင်ဘာ ၉ ရက်က စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၂ မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးဆောင်၍ လက်နက်ခဲယမ်းများစွာ ပို့ဆောင်ပေးသည့် ကားနှစ်စီးအား ကော်ဘရာစစ်ကြောင်းမှ သိမ်းပိုက်ရရှိခဲ့ပြီး ထိုဖြစ်စဉ်ကြောင့် တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး တင်မိုးနိုင်အား နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးခဲ့ပြီး စစ်ဘက်ရာထူးမှ အနားပေးခံခဲ့ ရသည်။

အဆိုပါ တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့့် မြဝတီ အာရှလမ်းမပေါ်တွင်လည်း ယာဉ်များ ရှေ့ဆက်သွားမရဘဲ စောင့်ဆိုင်းနေရကာ ယာဉ်အစီးရေ ရာနှင့်ချီ ပိတ်ဆို့နေကြောင်း သိရသည်။

You may also like these stories:

စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ပြုလုပ်

မြဝတီ-ဝေါလေ၌ အထိနာသည့် စစ်တပ်အတွင်း အမိန့်မနာခံမှုများ ဖြစ်နေဟုဆို

Loading