ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါလေလမ်းပိုင်းတွင် စစ်ဆင်ရေး ဝင်နေသော စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ မုတ္တမမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ၁၀၂ မှ စစ်သည်များ အမိန်မနာခံတော့ဘဲ ရှေ့သို့ ဆက်မတက် သဖြင့် ဗျူဟာမှူးက တောင်းပန်ကာ ပြန်ခေါ်ထားရကြောင်း အာဏာဖီဆန်ရေး လှုပ်ရှား မှု (CDM) တွင် ပါလာသည့် စစ်သားများထံမှ သတင်းရသည်။
ရှေ့တန်း စစ်မျက်နှာပြင်မှ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU) နှင့် ဆက်သွယ်ကာ CDM ပြုလုပ် လာသော ခလရ-၈ မှ တပ်သား ဇော်ထွဋ်က “ကျော်ဝါးဖိုးကုန်းမှာတုန်းက ၁၀၂ (ခမရ-၁၀၂) က တဖွဲ့လုံး သေနတ်တွေ ဗျူဟာမှူးကို အပ်ပြီး ပြန်ဖို့လုပ်တာ ဗျူဟာမှူးက တောင်းတောင်းပန်ပန်နဲ့ မပြန်ဖို့ ပြောပြီး သူ့နားဆွဲကပ်ထားတာပေါ့။ ၁၀၂ က မတက်ရဲဘူး။ ကျနော်တို့ ခလရ- ၈ လည်း မတက်ဘူး။ အဲဒီမှာ နောက်က အတင်းဖိအားတွေ ပေးတော့ တူးအိုင်စီ (ဒုတပ်ရင်းမှူး) ဗိုလ်မှူးအောင်သူ ကိုယ်တိုင်က လက်နက်ချပြီး ပြန်မယ် လုပ်တာ” ဟု ပြောသည်။
တပ်သား ဇော်ထွဋ်မှာ မွန်ပြည်နယ် ဘီးလင်းမြို့ အခြေစိုက် အမှတ် (၈)ခြေလျင်တပ်ရင်းမှ ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်က ရှေ့တန်း စစ်မျက်နှာပြင်မှနေ KNU နှင့် ဆက်သွယ်ကာ CDM ပြုလုပ်လာသူ ဖြစ်သည်။
ထိုကဲ့သို့ ရှေ့ဆက် မတက်ဘဲ လက်နက်ပြန်အပ်ကာ အမိန့်ကိုမနာခံတော့သည့် အမှတ် ၁၀၂ ခြေမြန်တပ်ရင်းကို တိုက် ခိုက်ရေးစစ်ကြောင်းအဖြစ် မထားတော့ဘဲ ဗျူဟာမှူး အနားတွင် တာဝန်ထမ်းဆောင်ရသည့် ဗျူဟာအရန် စစ်ကြောင်း အဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်ဟုလည်း တပ်သား ဇော်ထွဋ်က ဆိုသည်။
ထိုဖြစ်ရပ် မတိုင်ခင်က ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တာဝန်ယူရသည့် ဗျူဟာအရန်စစ်ကြောင်း တာဝန်အား ခလရ ၈ က တာဝန်ယူ ခဲ့သည်ဟုလည်း တပ်သား ဇော်ထွဋ်နှင့် အတူ CDM လုပ်လာသည့် တပ်သား စိုးအောင်က ဆိုသည်။
ခမရ ၁၀၂၊ ခလရ ၈ အပါအဝင် တပ်မ ၄၄ လက်အောက်ခံ တပ်ရင်း ၆ ရင်းဖြင့် ဖလူး ဝေါလေ လမ်းအတိုင်း ဖလူး ကျေးရွာမှ သေဘော့ဘိုးသို့ ချီတက်လာသော စစ်ကောင်စီ စစ်ကြောင်းများအား KNLA ပူးပေါင်း အဖွဲ့ (Cobra Column စစ်ကြောင်း) တို့က ဇူလိုင်လဆန်းပိုင်းမှ စ၍ သုံးထပ်ကွေ့ဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်သည့်အတွက် တိုက်ပွဲများ စတင်ဖြစ်ပွားနေသည်မှာ နှစ်လကျော် ကြာနေပြီ ဖြစ်သည်။
“မြွေနှစ်ကောင်ကုန်းကို လုပ်ဖို့ကိုင်ဖို့ ရှိတယ်ဆိုလည်း ကျနော်တို့က မတက်တော့ဘူး။ မတက်ချင်လို့ကို ဒီကိုလာတော့ တာ” ဟု တပ်သား ဇော်ထွဋ်က ပြောသည်။
ထိုသို့ တပ်တွင်း အမိန့်မနာခံမှုများ ဖြစ်ပေါ်နေသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
သုံးထပ်ကွေ့ ဝန်းကျင်တွင် စစ်ဆင်ရေး ဝင်နေသော တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် များသည် ရှေ့ဆက် တိုက်ပွဲဝင်လိုစိတ် မရှိတော့သည့်အတွက် CDM ပြုလုပ်သူနှင့် ထွက်ပြေးသူဦးရေမှာ များပြား လျက်ရှိသည်။
သုံးထပ်ကွေ့ဒေသတွင် တိုက်ပွဲဖြစ်ပွားသည့်အချိန်ကစ၍ အကျအဆုံး အထိအခိုက် များသဖြင့် ခမရ ၁၀၂ မှ စစ်သည် ငါးဦးသည် ဇူလိုင်လကုန်ပိုင်းက KNU နှင့် ချိတ်ဆက်ကာ CDM ပြုလုပ်လာခဲ့ရာ ယခုဆိုလျှင် ၁၄ဦးရှိပြီဖြစ်ပြီး၊ ကျန်သူများမှာ ထွက်ပြေးသူများလည်း ရှိကြောင်းသိရသည်။
ထိုကဲ့သို့ ရှေ့တန်းမှ ထွက်ပြေးသူ CDM ပြုလုပ်သူနှင့် အထိအခိုက် အကျအဆုံး များနေသည့်အတွက် တပ်မ ၄၄ တပ်မမှူးနေရာတွင် ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ တပ်မမှူးနှင့် သြဂုတ်လကုန်ပိုင်းက ပြောင်းလဲ တာဝန်ပေးခဲ့ သည်။
သုံးထပ်ကွေ့ဝန်းကျင်သို့ တက်လာသော စစ်ကောင်စီ စစ်ကြောင်းအား ကော်ဘရာစစ်ကြောင်းမှ ခုခံ တိုက်ခိုက်နေ သည့်အတွက် နှစ်လကျော်အတွင်း တောင်ကုန်း တကုန်းသာ စစ်ကောင်စီဘက်က သိမ်းယူနိုင်ခဲ့သေးသည်။
စစ်ကော်စီတပ်အနေဖြင့် သုံးထပ်ကွေ့ ဝန်းကျင်မှ သေ့ဘောဘိုးနယ်မြေ စိုးမိုးမှု ရရှိရန် ကြားတွင် တိုက်ခိုက်ရမည့် စခန်းကုန်း ၆ ကုန်း ကျန်ရှိနေသေးသည်။
စက်တင်ဘာ ၉ ရက်တွင်လည်း မြဝတီ-ဝေါ်လေ ကားလမ်းမအတိုင်း ဝင်ရောက်လာသည့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ ခမရ (၁၀၂) ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော တပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲယမ်းများနှင့် တကွ ဖမ်းဆီးရမိကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ ကော်ဘရာစစ် ကြောင်းက ဓာတ်ပုံနှင့် တကွ သတင်း ထုတ်ပြန်လာသည်။
You may also like these stories:
မောင်တောရှိ တပ်စခန်း ၂ ခုကို AA ဝင်တိုက်၊ တိုက်ပွဲ ပြင်းထန်နေ
အာဏာသိမ်းပြီး ခြေကုပ်စခန်း ၉၀ ခန့် စစ်ကောင်စီဆုံးရှုံး
ချင်းတွင်းမြစ်တွင်း ရေယာဉ်များတိုက်ခိုက်ခံရ၊ စစ်သား ၁၂ဦးခန့် သေဆုံးဟုဆို