ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်ဝန်းကျင်မှ စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်ဖွဲ့ဝင်များ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ထံ လက် နက်ချသွားကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် နီးစပ်သည့် စစ်ရေးလေ့လာသူအချို့က ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း စစ်ရေးအခြေအနေ စောင့်ကြည့်လေ့လာနေသူတဦးက “လူမှုကွန်ရက်မှာ ပျံ့နေတဲ့ဗွီဒီယို ဖိုင်ရယ် အခြား ဒေသခံတွေပြောတဲ့အရ ဆိုရင် တပ်မ ၅၅ က ပြည်သူ့စစ်တွေနဲ့ ပေါင်းနေတာ ၁ ဗျူဟာမှာ တပ်ရင်း ၃ ရင်း၊ ၁ ရင်းကို အင်အား ၆၀ လောက် ရှိတယ်ပြောတယ်။ ဆိုတော့ စုစုပေါင်း ၁၈၀ လောက်ရှိမှာပေါ့။ ၁၈၀ လောက်မှာ တဝက်လောက်ကျပြီးတော့ တဝက် လောက် လက်နက်ချတယ် ပြောတယ်။ တပ်မ ၅၅ အပြင် ပယ်ဆောက်ချိန်ရဲ့ ပြည်သူ့စစ်တွေလည်း လက်နက်ချတယ်” ဟု ဆိုသည်။
Tik Tok လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂၅ ရက်နံနက်ပိုင်းမှစတင်ကာ ပျံ့နှံ့နေသည့် ရုပ်သံဖိုင်အရ မတ်တပ်ရပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ယူနီဖောင်းဝတ်ဆင်ထားသူ ၇၀ နီးပါးအား MNDAA ယူနီဖောင်းဝတ်ဆင်ထားသူများက ထိန်း သိမ်းကာ မုန့်များ ဝေပေးနေကြောင်း တွေ့ရသည်။
တရုတ်ဘာသာစကားဖြင့် စာတန်းထိုး ဖော်ပြထားသည့် အဆိုပါ ရုပ်သံဖိုင်တွင် နယ်ခြားစောင့်တပ်နှင့် တပ်မ ၅၅ မှ စစ်သုံ့ပန်းများအား ရေတွက်နေခြင်းဟု ရေးသားထားသည်။
Tik Tok လူမှုကွန်ရက်တွင် တွေ့ရသည့် အခြားရုပ်သံဖိုင်တခုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သည် မြက် တောတခု၌ ထိုင်နေကြောင်း တွေ့ရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ဒဏ်ရာရထားသူများရှိပုံရပြီး ဗမာစကားဖြင့် “ဆေးဆရာ လာပြီ” ဆိုသည့် ပြောဆိုသံများ ကြားရသည်။
ရုပ်သံဖိုင်ထဲတွင် MNDAA လက်မောင်းတံဆိပ်နှင့် အမည်းရောင် Type-81 ချေမှုန်းရေးရိုင်ဖယ်ကိုင်ထားသူအချို့က ထိုင်နေ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနီး မတ်တပ်ရပ် အနေအထားဖြင့် ရှိနေကြောင်း တွေ့ရသည်။
အဆိုပါ ရုပ်သံဖိုင်၌ ဒီဇင်ဘာ ၂၄ ရက်က ကွမ်ရင်တောင်တွင် တပ်စွဲထားသည့် မြန်မာတပ်အားလုံးကို သိမ်းပိုက်နိုင်ခဲ့ သည်ဟု တရုတ်ဘာသာဖြင့် စာတန်းရေးထိုးထားသည်။
ဧရာဝတီ က တွေ့မြင်ရသည့် ရုပ်သံဖိုင်များတွင် ပါဝင်သူများမှာ စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်ဖွဲ့ ဝင်များ ဟုတ်မဟုတ်ကို အတည်ပြုနိုင်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်း ဟုတ်မဟုတ် မေးမြန်းရန် MNDAA ပြောရေးဆိုခွင့်ရှိသူ ကိုရန်ရန်ထံ ဧရာဝတီက စာပို့မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားချိန်အထိ တစုံတရာ ဖြေကြားခြင်း မရှိပေ။
MNDAA သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်ပြုလုပ်သည့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲပြီးကတည်းက သတင်းမီဒီယာများထံ သတင်းဖြေကြားခြင်း ရပ်ဆိုင်းသွားရာ လေ့လာသူများက တရုတ်နိုင်ငံ၏ ဖိအားကြောင့် ရပ်ဆိုင်းသွားခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။
လူထုအာဏာဖီဆန်ရေး CDM တွင် ပါဝင်လာသည့် ဗိုလ်ကြီးဟောင်း ကောင်းသူဝင်းကမူ လူမှုကွန်ရက်တွင် ပျံ့နှံ့နေ သည့် ရုပ်သံဖိုင်များကို ကြည့်ရှုလေ့လာကြည့်သည့်အခါ စစ်ကောင်စီ၏ တပ်မ ၅၅ တပ်ဖွဲ့ဝင်များ လက်နက်ချခြင်း ဖြစ်နိုင်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “တပ်မ ၅၅ ကလည်း ဖြစ်နိုင်တယ်။ အကုန်လုံးတော့ မဖြစ်နိုင်ဘူး။ တချို့လည်း ရမခ (အရှေ့မြောက်တိုင်း စစ်ဌာနချုပ်) ဘက်တံဆိပ်တွေလည်း တချက်တချက် ကျနော်တွေ့ရတယ်။ တပ်မ ၅၅ ဆိုရင်တော့ ခမရ ၅၁၂ ဖြစ် နိုင်တယ်။ ဘယ်တပ်ရင်းလည်းတော့ ရှင်းရှင်းလင်းလင်း သေချာမသိရသေးဘူးပေါ့။ မြေအနေအထားကြည့်ရတာက ရှမ်းမြောက်ပေါ့။ ကိုးကန့်တပ်ဖွဲ့တွေ ကြည့်ရတာတော့ MNDAA တပ်ဖွဲ့ဝင်တွေ ဖြစ်ပုံရပါတယ်” ဟု ဆိုသည်။
တပ်မ ၅၅ သည် အာဏာသိမ်းမှုမဖြစ်ခင်က တိုင်းတပ်များထက် တိုက်ရည်ခိုက်ရည် ကောင်းသော်လည်း အာဏာ သိမ်းမှုဖြစ်ပြီးနောက်တွင် လူအင်အားနှင့် စိတ်ဓာတ်အင်အား လျော့ကျလာသည်ကို တွေ့ရကြောင်း ဗိုလ်ကြီးဟောင်း ကောင်းသူဝင်းက ဆိုသည်။
၎င်းက “လက်ရှိမှာတော့ စစ်ဆင်ရေး အချိန်ကြာလာတာနဲ့အမျှ တက်တက်ကြွကြွနဲ့ လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ အနေ အထား မတွေ့ရတော့ဘူး။ တိုက်စရာရှိ တိုက်၊ ပြီးရင် ပြန်ဆိုတာမျိုးမဟုတ်ဘဲ ကာလရှည်ကြာ စစ်ဆင်ရေး ဆောင်ရွက် ရတဲ့အတွက် စိတ်ဓာတ်မှာ အောင်စိတ်မရှိတော့ဘူး။ တိုက်လိုခိုက်လို စိတ်မရှိတဲ့ အနေအထားတွေ တွေ့ရတယ်” ဟု ဆိုသည်။
ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူက လက်နက်ချသွားသည့် တပ်မ ၅၅ နှင့် ပြည်သူ့စစ်များသည် လောက်ကိုင် ဒ.က.စ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) ၏ အနောက်ဘက်စခန်းများမှ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ MNDAA သည် လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ်ကို အရှေ့နှင့်အနောက် ၂ ဖက်ညှပ် တိုက်နေပုံရကြောင်း မြေပြင်သတင်းရင်းမြစ် များ၏ ပြောဆိုချက်ကို ကိုးကား၍ ပြောသည်။
၎င်းက “လောက်ကိုင်မြို့ အရှေ့ဘက်အခြမ်း ရပ်ကွက် ၂ ခုလောက်မှာ ကိုးကန့်က ဝင်ပြီးပစ်နေပြီ။ အခုက ၂ ဖက်တော့ ညှပ်မိနေတာပေါ့။ အဆောက်အဦးတွေ တော်တော်များများက ပျက်သွားပြီ။ စစ်ကောင်စီရဲ့ လေတပ်က ဗုံးအကြီး အကျယ် ကြဲလို့ ပျက်သွားတာ” ဟုဆိုသည်။
MNDAA ၏ The Kokang သတင်းစာမျက်နှာက ဒီဇင်ဘာ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြသည့် သတင်းတွင်လည်း လောက်ကိုင်တွင် မြေပြင်စစ်ပွဲ ဆက်ဖြစ်နေကြောင်း ဖော်ပြထားသလို စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ လောက်ကိုင်မြို့ကို လေကြောင်းမှတဆင့် တိုက်ခိုက်မှု ၄၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အရပ်သား ထိခိုက် သေဆုံးမှုများရှိနေသော်လည်း အသေးစိတ် မတွက်ချက်နိုင်သေးကြောင်း ဖော်ပြထားသည်။
You may also like these stories:
စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်
စစ်တပ် ကိုယ်တိုင်က ပျက်နေပြီ၊ မပြောင်းလဲလို့ မရတော့ဘူး
ရခိုင်တိုက်ပွဲကာလ အရပ်သား ၁၈၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား