ပြည်ပမှ စက်သုံးဆီဝယ်ယူရာတွင် နိုင်ငံခြားငွေအကျပ်အတည်း ရင်ဆိုင်နေရသော စစ်ကောင်စီသည် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ နှင့် ပြောင်းတင်ပို့မှုမှ ရရှိလာသော ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီကုမ္ပဏီ များသို့ ရောင်းချပေးရန် ဒီဇင်ဘာ ၂၁ ရက်က ညွှန်ကြားလိုက်သည်။
ထိုမူဝါဒအရ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ နှင့် ပြောင်းတင်ပို့နေသော ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ပို့ကုန်ရငွေများကို စက်သုံးဆီ ကုမ္ပဏီများသို့ ရောင်းချပါက ကျန် ၃၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ဈေး ၁ ဒေါ်လာ ကျပ် ၂,၁၀၀ ဖြင့် ရောင်းချ ပေး ရတော့မည့်သဘောဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပို့ကုန်သမားများထံမှ ရရှိသော ဒေါ်လာငွေကို စစ်ကောင်စီက ဗဟိုဘဏ် သတ်မှတ်ဈေး ၁ ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ၅၀ ရာခိုင်နှုန်း ဖြတ်ယူနေရာမှ ဒီဇင်ဘာ ၆ ရက် တွင် ၃၅ ရာခိုင်နှုန်းသို့ လျော့ချခဲ့ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ပြုကြောင်း ထုတ်ပြန်ထားရာ ယခုအခါ စက်သုံးဆီကုမ္ပဏီများသို့ ရောင်းချပေးမည်ဆိုပါက ၃၀ ရာခိုင်နှုန်းသာ ဗဟိုဘဏ် ပေါက်ဈေးဖြင့် ဖြတ်ယူမည် ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တဦးက “ ကျနော်တို့နားလည်သလောက်ဆိုရင် ဆီကုမ္ပဏီတွေကို ရောင်းတဲ့အခါမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း(Exchange rate)က ၁ ဒေါ်လာကို ကျပ် ၃,၃၅၀ နဲ့ ၃,၄၀၀ ကြားလောက် ရနိုင်မယ်လို့ မျှော်လင့်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကဲ့သို့ လုပ်ဆောင်ချက်ကြောင့် ပြည်တွင်း၌ ကြုံနေရသော စက်သုံးဆီပြတ်လပ်မှု အခက်ခဲမှာ အနည်းငယ် ပြေ လည်သွားနိုင်သော်လည်း ရေရှည်အတွက်မူ စောင့်ကြည့်ရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ထို့အတူ ရော်ဘာတင်ပို့သော ကုမ္ပဏီများအနေဖြင့်လည်း ရော်ဘာတင်ပို့ရောင်းချမှုမှရရှိသော ပို့ကုန်ရငွေ (နိုင်ငံခြားငွေ) ၇၀ ရာခိုင်နှုန်းကိုလည်း ဓာတ်မြေသြဇာ တင်သွင်းသော ကုမ္ပဏီများသို့ ရောင်းပေးရန် ညွှန်ကြားထားသေးကြောင်း သိရသည်။
ထို့ပြင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို မိမိကိုယ်တိုင် စက်သုံးဆီ တင်သွင်းနိုင်မည်ဖြစ်သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို ရောင်းချမည်ဆိုပါကလည်း သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်များမှ Online Trading Platform တွင် တင်ပြ၍ အရောင်းအဝယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI ) က ထုတ်ပြန်ထားသည်။
ထို့ပြင် စက်သုံးဆီတင်သွင်းမည့်ကုမ္ပဏီမှ လိုင်စင်လျှောက်ထားရာတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်း တင်ပို့ရာမှ ပို့ကုန်ရငွေရရှိထားကြောင်း (သို့မဟုတ်) ဆန်၊ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်း တင်ပို့သည့် ကုမ္ပဏီမှ ပို့ကုန်ရငွေအား ဝယ်ယူထားကြောင်း အထောက်အထားအဖြစ် AD လိုင်စင်ရဘဏ်များမှ ထုတ်ပေးသည့် Credit Advice နှင့် Bank Statement မူရင်းအား တင်ပြရမည်ဖြစ်ကြောင်း UMFCCI က ဆိုသည်။
ပြောင်းကုန်သည်တဦးက “ အခုက ၃၅ ရာခိုင်နှုန်းတောင်မဟုတ်ဘူး။ ၃၀ ပဲ အပ်ရတော့မယ်ဆိုတော့ ကောင်းပါတယ်လို့ပဲ ပြောရမှာပေါ့။ တောင်သူတွေအတွက်လည်း မရှုံးတော့ဘူးပေါ့။ ဒီအခွန်ကြောင့် များနေတဲ့ ကုန်ကျစရိတ်တွေ သက်သာ သွားတော့ ပြောင်းဈေးမှာ တိုးရလာနိုင်မှာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း လတ်တလောဖြစ်ပေါ်နေသော ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် တိုက်ပွဲများကြောင့် လမ်းပိုင်းနှင့် လုံခြုံရေးပြဿနာအပြင် ထိုင်းနိုင်ငံဘက်ကလည်း လာမည့်နှစ်အတွက် မြန်မာဘက်က ပြောင်းတင်ပို့မှုကို အခွန်ကင်းလွတ်ခွင့်ပေးမည့် သဘောတူစာချုပ်ကို လက်မှတ် မရေးထိုးရသေးကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “ ထိုင်းဘက်ကလည်း လာမယ့် ဖေဖော်ဝါရီအတွက် လက်မှတ်ထိုးမယ်၊ မြဝတီ လမ်းပိုင်းကလည်း လုံခြုံရေးနဲ့ လမ်းပိုင်းဆိုင်ရာအနေအထားကောင်းမွန်မှ ပြောင်းက ပို့နိုင်မှာပေါ့။ အဲဒီအချိန်မှာလည်း ဒီမူဝါဒက မပြောင်းလဲ ဘဲ ဆက်ရှိနေမယ်ဆိုရင်တော့ ပြောင်းစိုက်တောင်သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ် ” ဟု ပြောသည်။
ထိုင်းနိုင်ငံဘက်က မြန်မာ့ပြောင်းတင်ပို့မှုကို နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အခွန်ကင်းလွတ် ခွင့်ပြုပေးလျက် ရှိကာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ပြောင်းတင်ပို့မှုသည် တန်ချိန် ၁ဒသမ ၉ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၅၀ မှ သန်း ၇၀၀ ကြားအထိ ပို့ကုန်ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
ယခုစစ်ကောင်စီလက်ထက်တွင်မူ ပို့ကုန်ရငွေ ဆက်တိုက်ကျဆင်းလျက်ရှိပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ၆ လအတွင်း ပြည်ပ ပို့ကုန်တင်ပို့မှု မှာ အမေရိကန်ဒေါ်လာ သန်း ၁,၀၁၄ ကျော်အထိ ကျဆင်းသွား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ပို့ကုန်တင်ပို့မှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ထိန်းချုပ်မှုများမရှိဘဲ လွတ်လပ်စွာ တင်ပို့ ရောင်းချခွင့်ပြုခဲ့ခြင်းကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၃ ဘီလီယံ ကျော်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လ အထိ ဒေါ်လာ ၃၄ ဒသမ ၃၅၃ ဘီလီယံ ကုန်သွယ်မှု ပြုလုပ် နိုင်ခဲ့သည်။
You may also like these stories:
ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်
၆ လအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ကျော် ကျဆင်း
စက်သုံးဆီရှိသော်လည်း ရောင်းမပေးသည့် ၁၆ ဆိုင် စစ်ကောင်စီ အရေးယူ
စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို