စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ စိုးမိုးထိန်းချုပ်ထားသည့် ညောင်ခြေထောက်ကျေးရွာဘက်ကို စစ်ကောင်စီက ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကသာမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၃၀၉) တပ်မှ အင်အား ၂၀၀ ခန့်ရှိစစ်ကြောင်းသည် ဇွန် ၁၄ ရက်တွင် ညောင်ခြေထောက်မရောက်မီ ဝဲကြီးနှင့်တုန်းပေါရွာကြား စစ်ကြောင်းထိုးလာရာ ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ဒေသခံကာကွယ်ရေး ရဲဘော်တဦးက “ညောင်ခြေထောက်မှာက PDF တွေ အားကောင်းတယ်။ စစ်တပ်နဲ့ ညောင်ခြေထောက်က အရှေ့၊ အနောက်လို့ ဖြစ်နေတာ။ စစ်ကြောင်းထိုးလာတော့ ရှေ့ကာကင်းအဖွဲ့နဲ့ စဖြစ်ပြီး ကိုယ့်ဘက်ကလည်း အင်အားတွေထပ်လာတော့ မနက် ၆ နာရီကနေ ၁၂ နာရီထိ တိုက်ပွဲဖြစ်ပြီး သူတို့ပြန်ဆုတ်သွားတယ်” ဟု ပြော သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် လက်နက်ကြီးစ ထိမှန်မှုကြောင့် ကသာမြို့နယ် PDF တပ်ရင်း ၁ မှ ကွန်မန်ဒို တပ်သား ရန်ပိုင်မိုး (၂၄ နှစ်) ကျဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင်တဦး ထိခိုက် ဒဏ်ရာရခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာနေရာသည် ကသာမြို့ပေါ်နှင့် ညောင်ခြေထောက်ကျေးရွာကြားတွင်ဖြစ်ပြီး ကသာမြို့ပေါ် ခမရ ၃၀၉ တပ်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် တောက်လျောက်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၁၀ ဦးကျော် ဒဏ်ရာရပြီး နေအိမ်များလည်း ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်ရှောင်များကို ကူညီနေသည့် ကသာမြို့မှ ဆရာမ မာခွန်က “ဒဏ်ရာရတာက ကျမတို့ဆီရောက်လာတာ ၁၀ ယောက် လောက်ရှိတယ်။ တချို့ ဆေးရုံကို တိုက်ရိုက်သွားတာလည်း ရှိတယ်လို့ကြားတယ်။ ကိုယ်ဝန်သည်နဲ့ သုံးလသားအရွယ် ကလေးလည်း ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက စစ်ထိုးလာခဲ့သော ညောင်ခြေထောက်ရွာသည် ကသာမြို့နှင့်နီးသည့်အပြင် ဧရာဝတီမြစ်ကမ်းဘေး၌ရှိကာ ရေယာဥ်များဆိုက်ကပ်ရာနေရာဖြစ်ပြီး၊ ကသာနှင့် ထီးချိုင့်ဘက်သို့ အလွယ်တကူ သွားနိုင်သောကြောင့် စစ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာ ကျသည့်နေရာလည်း ဖြစ်သည်။
စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် နယ်မြေထိစပ်နေသည့် ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ စစ်ကိုင်းအနီးတပ်စခန်းများအထိ ထိုးစစ်ဆင်သိမ်းပိုက်လာနိုင်သောကြောင့် ကသာအပါအဝင် ကသာခရိုင်အတွင်းရှိ မြို့များမကျစေရန် စစ်ကောင်စီက ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် ခရိုင်မြို့ဖြစ်သည့် ကသာမြို့တွင် စစ်ကောင်စီက ခမရ ၃၀၉ တပ်တွင်း စစ်သင်တန်းများပေး၍ အင်အားဖြည့် နေပြီး တပ်မ ၇၇၊ တပ် ၈၈ နှင့် တပ်မ ၉၉ ပူးပေါင်းတပ်များလည်း ဖြည့်ထားကြောင်း PDF များနှင့် ဒေသခံများထံက သိရသည်။
“သူတို့ လန့်မယ်ဆို လန့်စရာဖြစ်နေပြီ။ ရွှေကူက စင်းခန်းတံတားကို ဒီဘက်က ရသွားပြီလေ။ စင်းခန်းဆိုတာ ကသာက နေသွားရင် နီးနီးလေးပဲ။ ကသာနဲ့ ရွှေကူနဲ့ဆိုတာ ဆက်ရက်ပဲ” ဟု ပြောသည်။
စစ်ကောင်စီက ကသာခရိုင်အတွင်းရှိ မြို့များကို ကာကွယ်နေသည်မှာ စစ်ရေးအပြင် စီးပွားရေးလုပ်ကွက်များကြောင့် ဖြစ်နိုင်သည်ဟု ကသာမြို့ခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ကသာနဲ့ထီးချိုင့်ကို သူတို့က ဘာကြောင့် ကာကွယ်နေလဲဆိုရင် တကောင်းနီကယ်စက်ရုံကလည်း စစ်ကောင်စီနဲ့ တရုတ် အကျိုးတူစီးပွားရေး လုပ်ထားတာရှိတယ်။ ကသာနဲ့ ထီးချိုင့်က သူတို့ရဲ့ အဓိက ကျောရိုးနောက်ခံဖြစ်တော့ ဒီဟာကို လက်မလွှတ်ချင်ဘူး။ ဒါကြောင့် အသည်းအသန် ကာကွယ်နေတဲ့ သဘောရှိတယ်” ဟု ဆိုသည်။
ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံသည် မြန်မာနိုင်ငံရှိအကြီးမားဆုံး နီကယ်ထုတ်လုပ်ရေးစက်ရုံတခု ဖြစ်ပြီး စက်ရုံအတွက် လိုအပ်သော နီကယ်သတ္ထုရိုင်းများကို မန္တလေးတိုင်း သပိတ်ကျင်းရှိ တကောင်းတောင်မှတဆင့် ပိုက်လိုင်းဖြင့် သွယ်တန်းရယူနေခြင်း ဖြစ်သည်။
You may also like these stories:
မောင်တောမြို့ခံများ AA နယ်မြေသို့ တိမ်းရှောင်လာပါက ကူညီမည်ဟုဆို
စစ်ကောင်စီကို ကြောက်၍ တောင်ကုတ်မြို့ခံများ ဗုံးခိုကျင်း မတူးရဲ
AA နှင့် စစ်တပ်တိုက်ပွဲ တောင်ကုတ်အထိပျံ့လာ