နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ကန်သုံးဆင့်ဆရာတော် မိန့်ကြားချက်မှာ ကွဲလွဲမှုများ ဖြစ်ပေါ်နေသဖြင့် မြေပြင်ဖြစ်စဉ် အမှန်ပေါ်ပေါက်ရေး ဖော်ထုတ်လျက်ရှိကြောင်း စစ်ကောင်စီသတင်းပြန်ကြားရေးက ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြို့သာမြို့နှင့် ကမ္မရွာအကြားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံ ကျောင်းဆရာတော် ပျံလွန်တော်မူခဲ့ရကာ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ဆိုသည်။
သို့ရာတွင် ဇွန် ၂၀ ရက်ညနေပိုင်း၌ လူမှုကွန်ရက်စာမျက်နှာများတွင် ယာဉ်ပေါ်ပါဝင်ခဲ့သော ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ၏ ဖြစ်စဉ်အပေါ် ရှင်းလင်းမိန့်ကြားမှု ဗီဒီယိုဖိုင်တခု ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရကြောင်း၊ ဆရာတော်ကြီး၏ မိန့်ကြားမှုသည် သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့်မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သည့် စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်အား သိရှိရပါက လိုအပ်သည့် အရေးယူမှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

စတင်ဖြစ်ပွားသည့် ဇွန် ၁၉ ရက် ညပိုင်းမြန်မာရုပ်မြင်သံကြား (MRTV)၊ မြဝတီရုပ်သံ၊ သတင်းစာအပါအဝင် စစ်ကောင်စီ လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ယနေ့နေ့လယ် ၁ နာရီခွဲခန့်က မြို့ သာနှင့် မဂျီကံမရွာကြား နယ်မြေလုံခြုံရေး လုပ်နေသည့် စစ်ကောင်စီတပ်များကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက မိုင်းဆွဲတိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် သားကျင်ကျေးရွာဘက်မှ မြို့သာမြို့ဘက်သို့ မောင်းနှင်လာသော ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် စီးနင်းလာသည့်ကားကို PDF များ၏ ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။
ဇွန်လ ၂၀ ရက်နေ့လယ် ကန်သုံးဆင့် ဆရာတော်၏ မိန့်ဆိုရှင်းလင်းချက်၌ “ဖောကားကြီးတွေ့လို့ ကားဆရာကနေ အတင်းမောင်းတော့ ဖောကားပေါ် ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်။ ကားမှာ ၇ ချက်၊ ၈ ချက်လောက် မှန်ပါတယ်။ ဝင်းနိမ္မိတာ ဆရာတော်က ခေါင်းငိုက်စိုက်ကျပြီး အသက် မရှိတော့ပါဘူး။ ဘုန်းကြီးက တံခါးဖွင့်ပြီး အပြင်ဘက် ရောက်တော့ ခင်ဗျားတို့ ဘုန်းကြီးတွေကို ရက်စက်လှချည်လား လို့ ပြောတဲ့အခါ ဖောကား ပေါ်ပါလာတဲ့ စစ်သား၊ စစ်ဗိုလ်တွေက ဘုန်းကြီးမှန်း မသိလို့ပါ၊ ကားတံခါးပိတ်ထားလို့ ရန်သူ့ကားထင်လို့ ပစ်တာပါတဲ့ သူတို့ ကိုယ်တိုင် ဝန်ခံပါတယ်” ဟု ပါရှိသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်း၏ လက်ချောင်း ၃ ချောင်း ထိမှန်ပြတ်ရှခဲ့သလို၊ ကန်သုံးဆင့်ဆရာတော်၏ ဦးခေါင်းမှာလည်း ကားမှန်စ ထိမှန်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ဝင်းနိမ္မိတာဆရာတော်အား စစ်တပ် ပစ်ခတ်ဟု အတူလိုက်ပါသည့် ဆရာတော် မိန့်
နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ
သူဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR