ယာယီ အပစ်အခတ်ရပ်စဲထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် ယနေ့မနက် ၅ နာရီခွဲခန့်ကစ၍ စစ်တပ်နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း TNLA ပြောခွင့်ရှိသူ လွေးယေဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “မနက် ၅ နာရီခွဲဝန်းကျင်မှာ နောင်ချိုဘက်မှာရော ကျောက်မဲဘက်မှာပါ တိုက်ပွဲဖြစ်ပွားတာတွေရှိပါတယ်။ စစ်ကောင်စီက ကျမတို့ရှိရာကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပါတယ်” ဟု ပြောသည်။
ကျောက်မဲမြို့အရှေ့ဘက် မိုင်အနည်းငယ်သာ ကွာဝေးသည့် နားအိုက်ခန့်ရွာအနီးတွင်ရှိသည့် TNLA စခန်းအား စစ်တပ် က ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်လျက်ရှိသည်။
ယနေ့နံနက်အစောပိုင်းမှစတင်ကာ ကျောက်မဲမြို့ပေါ်မှာပင် လက်နက်ကြီး၊ လက်နက်ငယ်သံများကြားနေရပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ကျောက်မဲဒေသခံ အမျိုးသမီးတဦးက “မနေ့ညကတည်းက အသံကြားတာ၊ ဒီနေ့မနက် စောစောစီးစီးချတော့တာပဲရှင့်၊ အခုထိကို မတိတ်နိုင်သေးဘူး” ဟု ဆိုသည်။
လတ်တလောတွင် တိုက်ပွဲဖြစ်ပွားနေသည့် အသေးစိတ်အခြေအနေများအား မသိရှိရသေးပေ။

တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုဖြင့် ယာယီ အပစ်အခတ်ရပ်စဲထားသည့် ရှမ်းမြောက်ဒေသတွင် ယခုကဲ့သို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်တပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား သဘောတူညီထားသည့် ဟိုင်ဂင်သဘောတူညီချက် ပျက် မပျက်အား သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် ပြောဆိုခြင်း မရှိသေးပေ။
TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကမူ စစ်တပ်အနေဖြင့် ဟိုင်ဂင်သဘောတူညီချက်ထက် ကျော်လွန်ကာ လေယာဉ်ဖြင့် ဗုံးကြဲမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်မည်ဆိုပါက ပြည်သူလူထု အား အကောင်းဆုံး ခုခံကာကွယ်ရမည့် တာဝန်ရှိကြောင်း ယမန်နေ့က ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် ဟိုင်ဂင်သဘောတူညီချက်အပေါ် စစ်တပ်လိုက်နာနိုင်မှုအား သံသယရှိပြီး တအာင်းဒေသအတွင်း အချိန်မရွေး တိုက်ပွဲများဖြစ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်နှင့် လုံခြုံရေး၊ စားနပ်ရိက္ခာတို့ ကြိုတင်ပြင် ဆင်ကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။
ဗိုလ်ချုပ် တားဘုန်းကျော်က “ကျောက်မဲ၊ လားရှိုး၊ သီပေါ စသဖြင့် မိုးကုတ်၊ မိုးမိတ် ကျနော်တို့တအာင်းဒေသ တပ် မဟာ ၂၊ တပ်မဟာ ၄ ကျန်နေတဲ့ ဒေသတွေမှာဆိုရင်တော့ စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ဒေသဖြစ်တော့ စစ်ကို စိုးရိမ်နေ ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အထူးသတိထားရမယ့်အခြေအနေ ဖြစ်တယ်လို့ မြင်ပါတယ်။ လုံခြုံ ရေးတင်မကဘူး ကျနော်တို့ရဲ့ စားဝတ်နေရေး စားနပ်ရိက္ခာဖူလုံရေးတွေပါ ပြင်ဆင်ဖို့ လိုပါတယ်” ဟု သတိပေးထား သည်။
လတ်တလော တိုက်ပွဲကြောင့် ကျောက်မဲမြို့အတွင်း အသွားအလာမရှိတော့ဘဲ ပြည်သူများ စိုးရိမ်မှုရှိနေကြပြီး မြို့ အဝင်အထွက် လမ်းများ ပိတ်ဆို့ထားသည့်အတွက် စစ်ဘေးရှောင်ရန် သွားလာရခက်ခဲမှုများ ရှိနေကြောင်းလည်း ဒေသခံတဦးက ပြောသည်။
ကျောက်မဲဒေသဘက်အပြင် ရှမ်းမြောက် လားရှိုးမြို့နယ်တွင်လည်း ယမန်နေ့ နံနက်ပိုင်းက စစ်တပ်နှင့် မြန်မာအမျိုး သား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တို့ မိုင်းယော်တိုက်နယ်ကြားရှိ ပိန်းခမ်းရွာအနီး မိုင်တင်စစ် ဆေးရေးဂိတ်မှ ခလရ ၁၁၅ က စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ယခု ဇွန်လလယ်၌ စစ်ကောင်စီနှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ လားရှိုးကို ဗဟိုပြု၍ တကျော့ပြန် စစ်ရေးတင်းမာလျက် ရှိရာ စစ်တပ်က မိုင်းတင်၊ အီနိုင်း၊ ဟိုပိတ်၊ မယ်ဟန်ရွာများ၌ အင်အားထောင်ချီ စစ်ပြင်ထားသလို လားရှိုးအနီးရှိ တောင်ကုန်း၊ စေတီကုန်း၊ မြို့သို့ ဝင်နိုင်သည့် တောလမ်းများတွင် စခန်းများချထားကာ သွားလာသူများကို ပစ်ခတ် ကြောင်း မြို့ခံများက ဆိုသည်။
ထို့ပြင် လားရှိုးမြို့ပေါ်တွင်လည်း ပြည်သူ့စစ် ၃၀၀ ခန့်ကို ဖြန့်ကျက်ကာ ဗျူဟာမှူးက ကွပ်ကဲကြောင်း၊ ဌာနဆိုင်ရာ ရုံး ကျောင်းတို့တွင် နေရာယူကာ ည ၆ နာရီ နောက်ပိုင်း စစ်ကားများဖြင့် ကင်းလှည့်ကြောင်း၊ လားရှိုးအနောက်ဘက် TNLA သိမ်းထားသည့် နမ္မတူမြို့နှင့် နမ့်ဆန်မြို့တို့၌ ယခုရက် စစ်ကောင်စီက ဒရုန်းများဖြင့် နေ့စဉ် ကင်းထောက်နေသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသော ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် MNDAA၊ TNLA နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား ဟိုင်ဂင်သဘောတူညီမှုအဖြစ် အပစ်အခတ်ရပ်စဲထား ပြီးနောက် ယခုနှစ် မတ်လမှစ၍ ရှမ်းမြောက်နယ်တချို့တွင် စစ်ကောင်စီနှင့် ညီနောင်အဖွဲ့တို့ ရံဖန်ရံခါ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ရှမ်းမြောက်ဒေသတွင် နှစ်ဖက်စစ်ပြင်၍ ဒေသခံတို့ စိုးရိမ်
စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်
လားရှိုးမြို့အနီး စစ်ကောင်စီတပ် ခံစစ်ပြင်