ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အစပ် ဂွမြို့နယ်အတွင်းရှိ ချင်းကွင်း တံတားအနီး စစ်တပ် ဂိတ်စခန်းကို အာရက္ခတပ်တော် ( AA ) တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် စခန်းရှိတပ်သားများ ထွက်ပြေးနေကြောင်း သိရသည်။
အဆိုပါ ဂိတ်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၇၀ ဝန်းကျင်ရှိပြီး AA တပ်ဖွဲ့ဝင်များက ယမန့်နေ့မှစတင် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ဂွမြို့ခံတဦးက ပြောသည်။
၎င်းက ” ချင်းကွင်းတံတားစစ်ဆေးရေးဂိတ်မှာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ နေကြတာ။ AA လာမှာကို ကြောက်လို့ တံတားကိုလည်း သူတို့ ဖျက်ဆီးထားတယ်။ တကယ်တမ်း AA က တိုက်ခိုက်လာတဲ့အချိန်မှာ စစ်ကောင်စီယူနီဖောင်း ဝတ်ထားတဲ့ ပြည်သူ့စစ်တွေ တန်းပြေးတာပဲ ” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းကွင်းစစ်ဆေးရေးဂိတ်သည် သံတွဲမြို့နှင့် မိုင် ၃၀ ကျော်ကွာဝေးကာ ဂွမြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးကြောင်း၊ အဆိုပါ ချင်းကွင်း တံတားအား စစ်ကောင်စီက ဇူလိုင်လအတွင်း ၂ ကြိမ်တိုင်တိုင် မိုင်းခွဲဖျက်ဆီးထားကြောင်းလည်း သိရသည်။
လက်ရှိတွင် ချင်းကွင်းဂိတ်မှ ထွက်ပြေးသွားသော စစ်ကောင်စီပူးပေါင်းတပ်သည် ချင်းကွင်းတံတားနှင့် ၆ မိုင်ခန့် အကွာ ကုလားပြင်းတံတား (ခ) ရတနာမြိုင်တံတားရှိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
အလားတူ သံတွဲနှင့် မိုင် ၄၀ ကျော်ဝေးသော တောင်ကုတ်မြို့တွင် စစ်ကောင်စီက ခံစစ်ပြုလုပ်ကာ မြို့ဝင်မြို့ထွက်ကို ပိတ်ဆို့ထားကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ – ၅ ) တည်ရှိပြီး လက်အောက်ခံ ခမရ ၃၄၆ ၊ ခမရ ၅၄၄ တပ်ရင်းအပါအဝင် အထိုင်ချစခန်းတို့မှ ယခုရက်ပိုင်းအတွင်း မြို့အနီးရှိ တောင်တန်းများသို့ လက်နက်ကြီးများ ပစ်ခတ်ကာ မြို့ဝင်မြို့ထွက်ကို စတင် ပိတ်ဆို့လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မြို့ခံတဦးက ” စစ်ကောင်စီက အခု ရက်ပိုင်းမှာ သူတို့အထိုင်တပ်ထဲကနေ လက်နက်ကြီးတွေ ဘယ်နေရာကို ပစ်မှန်းမသိ တောက်လျောက် ပစ်နေတော့ လူထုက မြို့မှာမနေရဲတော့လို့ မြို့က ထွက်ခွာဖို့ကြိုးစားနေကြတာ။ စစ်ဆေးရေးဂိတ်က ပိတ်ဆို့ထားလို့ ထွက်လို့မရ ဖြစ်နေတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
တောင်ကုတ်မြို့အရပ်လေးမျက်နှာတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ၄ ခု ရှိပြီး မြောက်ဘက်တွင် တက္ကသိုလ် မောင်းတန်ဂိတ် ၊ တောင်ဘက်တွင် ဖုံညို စစ်ဆေးရေးဂိတ် ၊ အရှေ့ဘက်တွင် ကြိုးကြာကွင်း စစ်ဆေးရေးဂိတ်နှင့် အနောက်ဘက်တွင် ရေယာဉ် ဆိပ်ကမ်းဂိတ်များထားရှိကာ ပိတ်ဆို့ထားကြောင်း သိရသည်။
မြို့ခံ အမျိုးသမီးတဦးက ” တောင်ကုတ်မြို့အခြေအနေက မတည်မငြိမ်ဖြစ်နေတယ် ၊ စစ်တပ်က လက်နက်ကြီးတွေလည်း ပစ်တယ် ၊ သူတို့ စစ်ကြောင်းသွားလာတာကို မကြည့်ရဘူး၊ နေအိမ်တွေကို တံခါးပိတ်ထားဖို့ အဲဒီလို ပြောဆိုတာတွေ ရှိနေလို့ မြို့ခံတွေ မနေရဲကြတော့ဘူး “ဟု ဧရာဝတီသို့ ပြောသည်။
တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်သည် စစ်ဆေးရေးဂိတ်အနီးရှိ တောင်ကုတ်တက္ကသိုလ်အပါအဝင် နေအိမ် အဆောက်အဦများပေါ်တွင် ဝင်ရောက် နေရာယူပြီး ခံတပ်များပြုလုပ်ထားကြောင်း သိရသည်။
You may also like these stories:
AA နှင့် စစ်တပ်တိုက်ပွဲ တောင်ကုတ်အထိပျံ့လာ
စစ်ရေးပြင်းထန်နေသော သံတွဲနှင့် တောင်ကုတ်မြို့ ရေကြီးနေ
ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်
AA ထိန်းချုပ်မှုအောက် သံတွဲမြို့ ရောက်ပြီဟုဆို