ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်အတွင်း ကျိန္တလီမြို့ကို အာရက္ခတပ်တော် ( AA ) က ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။
AA သည် ကျိန္တလီမြို့အနီးရှိ ချင်းကွင်း စစ်ကောင်စီဂိတ်ကို ဩဂုတ်လ ၁၀ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ကျိန္တလီမြို့ အား ဩဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်ပိုင်းက အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း AA နှင့်နီးစပ်သည့် ဂွဒေသခံတဦးက ပြောသည်။
၎င်းက ” ကျိန္တလီမြို့အထွက် တောင်ကုန်းမှာ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စည်ပင်ရုံးတွေ ရှိတယ်။ အဲဒီနေရာ ၃ ခုကနေပြီးတော့ စစ်ကောင်စီတပ်က အသည်းအသန် ခုခံခဲ့တယ် ။ AA က ဒရုန်းနဲ့ တိုက်ခိုက်တဲ့အချိန် ထွေအုပ်ဝန်ထမ်းတွေ ထွက်ပြေးတာကို စစ်ကောင်စီက လိုက်ပစ်လို့ သေဆုံးတာတွေရှိတယ် ။ ဒီနေ့မနက် စစ်ကောင်စီက အကျအဆုံးများလာတဲ့အတွက် တပ်ဆုတ်ပြေးလို့ ကျိန္တလီကို AA ရသွားပြီလို့ ပြောတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ဧရာဝတီတိုင်းအစပ် ဂွမြို့နှင့် ၄၂ မိုင်အကွာရှိ ကျိန္တလီမြို့ကို AA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီ ဖြစ်သောကြောင့် စစ်ကောင်စီသည် ကျိန္တလီမြို့နှင့် ဂွမြို့ကြားရှိ ကမ်းသာယာ ၊ ဆတ်သွားတိုက်နယ်တို့တွင် ခံစစ်ပြင်ကာ AA ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေကြောင်း သိရသည်။
တိုက်ပွဲများမှာ ဂွမြို့သို့ အရှိန်အဟုန်ဖြင့်ချီတက်လာသည့်အတွက် ဆတ်သွား တိုက်နယ်ဆေးရုံ ၊ ဂွပြည်သူ့ဆေးရုံမှ ဝန်ထမ်းများနှင့် လူနာများမှာလည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နယ်အတွင်းသို့ ပြောင်းရွှေ့သွားသည်ဟုလည်း ဒေသခံများထံမှ သိရသည်။
AA သည် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရမည်ဟူသော နိုင်ငံရေးရည်မှန်းချက် ရှိထားပြီး ၎င်းတို့အနေဖြင့် ဂွမြို့နယ်အထိ တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းစာရှင်းလင်းပွဲတခုတွင် ပြောဆိုထားသည်။
You may also like these stories:
ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ
ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်
AA ထိန်းချုပ်မှုအောက် သံတွဲမြို့ ရောက်ပြီဟုဆို
တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ