စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားသည့် ကျိန္တလီမြို့အပါအဝင် အနီးဝန်းကျင်တဝိုက်ကို စစ်ကောင်စီကြည်းတပ်နှင့် ရေတပ်မှ လက်နက်ကြီးများဖြင့် နေ့ရောညပါ ပစ်ခတ်နေကြောင်း ဒေသခံများထံက သိရသည်။
“တိုက်ပွဲမဟုတ်၊ အကုန်နေရာ ရမ်းချနေတာ၊ ဒီနေ့ချတဲ့ ပေါက်ကွဲသံတွေဆို ကျနော်တို့ရွာနဲ့ နီးလာနေပြီ”ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။
ဂွမြို့နယ်၊ ကျိန္တလီ၊ ချင်းကွင်း၊ ရေစမ်းကွင်း၊ ကျောက်ပါးစပ်နှင့် အနီးဝန်းကျင်တောတောင်များအား ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ပြီး အချို့ကျေးရွာများတွင် စစ်မရှောင်နိုင်သည့် ဒေသခံအရပ်သားများ ကျန်ရှိနေဆဲဖြစ်ရာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ဒေသခံတဦးက ပြောသည်။
“ကုလားပြင်မှာ လက်နက်ကြီးအထိုင်ချထားတဲ့စစ်တပ်နဲ့ ရေကြောင်းက မနေ့က မနက်ပိုင်းကနေ ညပိုင်း၊ မိုးလင်းတဲ့ အထိ ရမ်းသမ်းပစ်နေတာ၊ ဒီနေ့ လေယာဉ်ဝဲသွားတယ်၊ (ဗုံး) ချတာတော့ မကြား၊ စစ်တပ်က လူတွေဖြန့်ထားတယ်၊ လူဝတ်တွေနဲ့လည်း ရွာထဲမှာ သွားလာနေတယ်လို့ ပြောတယ်”ဟု တိုက်ပွဲဇုန်အတွင်း ပိတ်မိနေသူများနှင့် အဆက်အသွယ် ရရှိခဲ့သည့် ဒေသခံ စစ်ရှောင်ပြည်သူတဦးက ပြောသည်။
အလားတူ ယခုလအတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့် ကျိန္တလီမြို့နှင့် မိုင် ၄၀ ဝန်းကျင်အကွာရှိ ဂွမြို့၌ လွန်ခဲ့သည့် ၃ ရက်ခန့်က ဂွမြို့အခြေစိုက် ခမရ ၅၆၃ တပ်က လက်နက်ကြီး စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက်ပြုလုပ်နေသည်မှာ ၂ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသူ တဦးက “ လက်နက်သံကို ကမ်းနားကသူတွေက သူတို့ဘက်မဟုတ်ဘူး၊ ရွာတွေဘက်ကလည်း အသံပဲ ကြားတယ်၊ သူတို့ဘက်မဟုတ်ဘူးဆိုတော့ တခုပဲရှိတော့တယ်၊ တောင်ပေါ်ဘက်တွေကို ပစ်တာပေါ့” ဟု ပြောသည်။
ရခိုင်တောင်ပိုင်း ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ်တိုက်ပွဲများသည် ဩဂုတ် ၁၀ရက်မှစတင်ခဲ့ရာ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေတို့မှ သာလွန်အင်အား သုံးစွဲ ပစ်ကူခဲ့ရသည်။
ကျိန္တလီမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတခုကို လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင်နေသည့် အရပ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြခဲ့ကြသည်။
တပတ်ကျော်ကြာ ပြင်းထန်ခဲ့သည့် တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုလည်း များပြားခဲ့ပြီး ယခုလ တတိယပတ်မှစ၍ ကျိန္တလီမြို့၌ စစ်ကောင်စီကင်းစင်ကာ အေအေ နယ်မြေရှင်းလင်းရေးများ လုပ်နေစဉ် ကာလတလျှောက်လုံး စစ်တပ်က ကြည်း၊ ရေ၊ လေ ပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကျိန္တလီ၌ စစ်ကောင်စီကင်းစင်သွားပြီဟုဆိုကာ အနီးတဝိုက်စစ်ရှောင်နေသည့် ဒေသခံများ မြို့အတွင်း ပြန်ဝင်ရန် ကြိုးစားနေကြသလို အချို့ကလည်း ထပ်မံစစ်ရှောင်လာသောကြောင့် တိုက်ပွဲမဖြစ်သေးသည့် ကျေးရွာများတွင် စစ်ရှောင်လူဦးရေ တိုးလာနေဆဲဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ မှစတင်ကာ တကျော့ပြန်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီသည် ရခိုင်ပြည်နယ်တောင်ဘက်ခြမ်းတွင် ငပလီကမ်းခြေမြို့ရှိ မဇင်လေဆိပ်၊ ခလရ ၅၅၊ ခမရ ၅၆၆ တပ်များနှင့် သံတွဲမြို့ တို့ကို လက်လွှတ်ဆုံးရှုံးထားရသည်။
သံတွဲမြို့နယ်အတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း အေအေက ထုတ်ပြန်ထားပြီး တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ အင်တာနက်နှင့် ဖုန်းလိုင်းပြတ်တောက်နေမှုများကြောင့် ထပ်မံ စုံစမ်း၍ မရသေးပေ။
ဆက်စပ်ဖတ်ရှုရန်
ကျိန္တလီမြို့ကို AA သိမ်းပိုက်
ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ
ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်