စစ်ကိုင်းအနီး မတ်လ ၂၈ ရက်က အခြေပြုလှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့တွင် ထိခိုက်သေဆုံးသူ များပြားခဲ့ကာ အထွေထွေရောဂါကုဆေးရုံကြီး၌ ဒဏ်ရာရလူနာ ၈၀၀ ဝန်းကျင်ခန့် ရောက်ရှိနေပြီး ဆေးဝါး လိုအပ်ချက်နှင့်အတူ ကုသပေးနိုင်သည့် ဆရာဝန်၊ သူနာပြုအင်အားနည်းပါးနေကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းများက မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ အများဆုံးပို့ဆောင်ခဲ့ကြပြီး လူနာများပြားမှုကြောင့် ခုတင်မလုံလောက်၍ ဆေးရုံဝင်းအတွင်း မြေပြင်မှာပင် ထား၍ ကုသပေးနေရကြောင်း သိရသည်။
“မနေ့က ငလျင်လှုပ်ပြီး နည်းနည်းငြိမ်သွားတဲ့အချိန်ကစပြီး အသက်ရှင်လျက် ကယ်လို့ရတဲ့ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံကို ပို့ပေးခဲ့တာပေါ့နော်၊ ဒီနေ့ နေ့လယ်ပိုင်းအထိ လူနာတွေက အပြည့်ပဲ၊ ရုံတွေမှာ ထားစရာနေစရာ မရှိတော့လို့ အရင်က ဆရာဝန်ကြီးတွေ ဆရာဝန်တွေကားတွေထားတဲ့နေရာကိုပါ လူနာထားဖို့နေရာ လုပ်ထားတယ်၊ ပြီးတော့ ဆေးရုံဝင်းထဲက ဆိုင် ကယ်၊ ကားပါကင်တွေကိုလည်း ဖယ်ခိုင်းထားပြီး လူနာတွေကို ထား ထားတယ်”ဟု မန္တလေးမြို့ခံ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
ဆေးရုံကြီးသို့ ရောက်ရှိနေသည့် လူနာအများစုမှာ ခြေကျိုး၊ လက်ကျိုး၊ ခါးထိ၊ ဦးခေါင်းထိလူနာများဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အရေးကြီးလူနာများကို ကျန်းမာရေးဝန်ထမ်းများက ကုသပေးနေသော်လည်း အများစုမှာ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

မျက်မြင်တွေ့ရှိချက်များအရ မန္တလေးဆေးရုံကြီး ရင်ခွဲရုံ၌ လူမှုကူညီရေးအသင်းများမှ လာပို့ထားသည့် အလောင်းများ ပုံနေသလို အမည်မသိ အလောင်းများလည်းပါဝင်ကြောင်း၊ လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုံလောက်မှု မရှိဘဲ ပြိုကျနေသော အဆောက်အဦများအတွင်း ပိတ်မိနေသူများလည်းရှိကာ အများစုမှာ အသက်ရှင်နိုင်ခြေ မရှိတော့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် လူမှုကယ်ဆယ်ရေးအသင်းများကသာ လုပ်ဆောင်နေကြသလို မိမိအစီအစဉ်ဖြင့် စက်ယန္တရားကြီးများ ငှားရမ်းကာ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသူများလည်း ရှိကြောင်း ဧရာဝတီသတင်းရင်းမြစ်ထံမှ သိရသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သလို တိုင်းအတွင်း လူဦးရေ ၆,၂၈၃, ၆၆၃ ဦးနေထိုင်ပြီး လူဦးရေ အချိုးအားဖြင့် ၁၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကာ ရန်ကုန်နှင့် ရှမ်းပြည်နယ်ပြီးလျှင် တတိယအချိုးအများဆုံးနေထိုင်ရာတိုင်း ဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်သော ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရှေ့ပြေး လူဦးရေစာရင်းအရ သိရသည်။
You may also like these stories:
ငလျင်ဒဏ်ကြားက မန္တလေးကို ကူကြပါ
“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”
ငလျင်ကယ်ဆယ်ရေး ကန့်သတ်ပိတ်ဆို့များ ဖယ်ရှားရန် ပရဟိတအဖွဲ့များ တောင်းဆို
နေပြည်တော်ငလျင် သေဘေးမှ လွတ်မြောက်ခဲ့သူတဦး၏ ပြောပြချက်














