အစိုးရလည်ပတ်ရန်အတွက်လိုအပ်သော ရန်ပုံငွေဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်မပြုနိုင်ခဲ့သောကြောင့် အောက်တိုဘာ၁ ရက်မှစ၍ အမေရိကန်အစိုးရ၏ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းခဲ့ရာ အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းတွင် အမေရိကန် အထက်လွှတ်တော်အမတ်များ ထပ်မံ မဲခွဲဆုံးဖြတ်ခဲ့ကြသော်လည်း အောင်မြင်မှု မရခဲ့ကြောင်း သိရသည်။
အထက်လွှတ်တော်၌ ရီပတ်ဘလစ်ကန် အများစု လွှမ်းမိုးထားပြီး ရီပတ်ဘလစ်ကန်အမတ်ခေါင်းဆောင် John Thune က မဲခွဲခြင်းကို လာမည့် တနင်္လာနေ့တွင် ထပ်မံကြိုးစားသွားမည်ဟု ဆိုသည်။
ယခုအစိုးရအသုံးစရိတ်တွင် ဖြတ်တောက်ထားသော ကျန်းမာရေး ထောက်ပံ့ငွေများအား ပြန်ပေးရန် ဒီမိုကရက်တို့ တောင်းဆိုနေခြင်းကို ရီပတ်ဘလစ်ကန်ဘက်က လက်မခံသည့်အတွက် အကျပ်အတည်းဖြစ်ရာမှ အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသည်အထိ ဖြစ်ပေါ်ရခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် နှစ်ကုန်နှင့် ၂၀၁၉ နှစ်ဆန်း သမ္မတ ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတသက်တမ်းတွင်လည်း အမေရိကန်အစိုးရ လုပ်ငန်းများ ၃၄ ရက်အထိ အရှည်ကြာဆုံး ရပ်ဆိုင်းခဲ့ဖူးပြီး ယခု ဒုတိယအကြိမ် သမ္မတတာဝန်ယူသည့် ကာလအတွင်း ထပ်မံ ရပ်ဆိုင်းခြင်း ဖြစ်သည်။
ယခုကဲ့သို့ ရပ်ဆိုင်းခြင်းသည် အမေရိကန်ပြည်ထောင်စု သမိုင်းတွင် ၁၉၇၆ ခုနှစ်နောက်ပိုင်း ၂၁ ကြိမ်မြောက် ဖြစ်သည်။ အမေရိကန်တွင် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန်ပါတီကြီးနှစ်ခုအကြား ဘတ်ဂျက်ညှိနှိုင်းရေးနှင့် ပတ်သက်၍ ရံဖန်ရံခါ အကျပ်အတည်းများ ဖြစ်ပေါ်လေ့ရှိရာ ရက်ပိုင်းအတွင်း ပြေလည်မှု ရှိသလို ရက်သတ္တပတ် ၁ပတ် ၂ ပတ်မှ တလအထိ ကြာမြင့်မှုလည်း ရှိခဲ့သည်။
ထိုသို့ ရပ်ဆိုင်းမှု ဖြစ်ပေါ်ပါက အမေရိကန်အစိုးရအနေဖြင့် ပေးရမည့် ငွေကြေးများ မပေးနိုင်သည့်အတွက် ဖက်ဒရယ်အစိုးရဝန်ထမ်းများ သိန်းနှင့်ချီကာ လစာမဲ့ အလုပ်နားရလေ့ရှိသည်။

ယခုတကြိမ်တွင်လည်း လစာမဲ့ အလုပ်ရပ်နားရမည့် ဝန်ထမ်းဦးရေ ၇ သိန်းခွဲခန့်ရှိနိုင်မည်ဟု လွှတ်တော်ဆိုင်ရာ ဘဏ္ဍာရေးရုံးက ခန့်မှန်းထားသည်။ ယခင်က ယင်းသို့ ရပ်နားရာတွင် ဝန်ထမ်းများအား နောက်ပိုင်း၌ လစာ ပြန်ပေးမှု ရှိသော်လည်း ယခုအကြိမ်တွင် အပြီးသတ် အလုပ်ဖြုတ်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
အစိုးရလုပ်ငန်းများ ရပ်ဆိုင်းနေသော ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် ထိခိုက်နေပြီး နေ့စဉ် ဒေါ်လာ ဘီလျံနှင့်ချီ ဆုံးရှုံးမှု ဖြစ်ပေါ်ရသည့်အတွက် အမေရိကန် လွှတ်တော်အမတ်များအနေဖြင့် မဖြစ်မနေ ပြေလည်အောင် အမြန်ဆုံး ညှိနှိုင်းနိုင်မည်ဟု မျှော်လင့်နေကြသည်။
ထရမ့်သမ္မတအဖြစ် တာဝန်မယူခင် ထွက်ပေါ်လာသည့် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားနှင့် ပညာရှင်များ၏ Project 2025 စာတမ်းပါ ရည်မှန်းချက်များအား လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် အကောင်အထည်ဖေါ်နေပြီဖြစ်ကြောင်း အကဲခတ်များက သုံးသပ်ကြသည်။
အဆိုပါစာတမ်းပါ အဓိကအချက်များမှာ သမ္မတ၏ လုပ်ပိုင်ခွင့်ကို ပိုပြီး တိုးမြှင့်ရေးနှင့် သိန်းနှင့်ချီသော ဖက်ဒရယ်အစိုးရ ဝန်ထမ်းများ အလုပ်က ဖယ်ရှားရေးအပြင် ကွန်ဆာဗေးတစ်များ လက်ခံယုံကြည်ထားသည့် စံတန်ဖိုးများအား မဖြစ်မနေ အသက်သွင်းရန် ဖြစ်သည်။
ပုံမှန်အားဖြင့် အမေရိကန်တွင် သမ္မတ အကူးအပြောင်း၌ သက်ဆိုင်ရာ ပါတီဘက်က ပညာရှင်များက ၎င်းတို့ လိုချင်သော နိုင်ငံရေး မျှော်မှန်းချက်၊ စီမံချက်များအား အဆိုပြုပြီး စာတမ်းပြုစုလေ့ရှိသော်လည်း Project 2025 သည် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး စသော မဏ္ဍိုင်ကြီး သုံးရပ်နှင့် ထိန်းညှိထားသည့် အမေရိကန်နိုင်ငံရေး စနစ် ချိန်ခွင်လျှာကို ပျက်ပြယ်သွားစေနိုင်ကြောင်း၊ အမေရိကန်ပြည်သူတွေ၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အခွင့်အရေးများကို အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း ဒီမိုကရက်နှင့် လေ့လာသူများက ဝေဖန်ထောက်ပြကြသည်။
You may also like these stories:
အမေရိကန်၏ မြန်မာအရေး ဝိရောဓိ သတင်းစကားများ
ချာလီခါ့ သေဆုံးခြင်းအပေါ် အမေရိကန်များ အကြီးအကျယ် သဘောထားကွဲ
ဝါရှင်တန်ကို ချဉ်းကပ်ရန် အမေရိကန် လော်ဘီ စစ်အုပ်စု ငှားရမ်း













